Preview

ညောင်ကျိုးစခန်းကို စစ်ကောင်စီမှစစ်အင်အားရာနှင့်ချီဖြင့် ပြန်လည်ထိုးစစ်ဆင်သော်လည်း အကျအဆုံးများဖြင့်ပြန်နောက်ဆုတ်ရ

သဉ္ဇာနွယ် | မေ ၀၅/ ၂၀၂၅ | ကြည့်ရှုသူ :7496
ရခိုင် သတင်း

နိရဉ္စရာ၊ မေ ၅/၂၀၂၅

ရခိုင်ရိုးမပေါ်ကအာရက္ခတပ်တော် (AA) သိမ်းပိုက်ထားသည့်ညောင်ကျိုးစခန်းကို စစ်ကောင်စီမှ အင်အားအများအပြားဖြင့်ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်သော်လည်း အကျအဆုံးများဖြင့် နောက်ဆုတ်နေရကြောင်းမြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ခုက နိရဉ္စရာကို ပြောသည်။

" လွန်ခဲ့တဲ့ ဧပြီ ၃၀ကနေစဖြစ်တာလို့ ပြောလို့ရတယ်။စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတက်လာပေမယ့် ညောင်ကျိုးအနားကိုမရောက်နိုင်ဘူး။သူတို့က လမ်းတစ်လျှောက် တိုက်ပွဲဖြစ်ရင်းနဲ့ ညောင်ကျိုးကို တက်လာတာ။ လမ်းမှာသေတဲ့သူကသေ။ အလောင်းတောင်မကောက်နိုင်ဘူး။ ပြန်မ‌သယ်နိုင်ဘူး။ဒဏ်ရာရတဲ့သူကရနဲ့။အကျအဆုံးများတော့ ပြန်နောက်ဆုတ်သွားကြတယ်။ မေ ၃ရက်နေ့အထိ တိုက်ပွဲရှိနေတုန်း။ သူတို့ကတက်လာလိုက် ဒီဖက်က တိုက်လိုက်နဲ့တိုက်ပွဲက တောက်လျှောက်ဖြစ်နေတာ" ဟု ပြောသည်။

ညောင်ကျိုးစခန်းကိုပြန်လည်သိမ်းပိုက်ရန် လေကြောင်းပစ်ကူဖြင့် တက်လာသည့် စစ်ကြောင်းတွင်အင်အား ၁၅၀ခန့်ပါဝင်ပြီး  အာရက္ခတပ်တော်(AA)နှင့်ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များ၏ဖြတ်တောက်တိုက်ခိုက်မှုကြောင့် လမ်းတစ်ဝက်မရောက်ခင်အကျအဆုံးများဖြင့်နောက်ဆုတ်ခဲ့ရသည်ဟုဆိုသည်။  

စစ်‌ကောင်စီသည်စစ်ရေးအရ ခြိမ်းခြောက်ခံလာရသည့် ကပစစက်ရုံများ အပါအဝင် ပြည်မြို့နှင့်ဥသျှစ်ပင်မြို့တို့အားအာရက္ခတပ်တော် ဦးဆောင်သည့်တော်လှန်ရေးတပ်ဖွဲ့များအလွယ်တကူဝင်ရောက်တိုက်ခိုက်လာမည်ကိုစိုးရိမ်ပြီး  ရိုးပေါ်မှ ညောင်ကျိုးစခန်းအားပြန်လည်သိမ်းပိုက်ရန် လေကြောင်းအကူအညီဖြင့် ပြန်လည် ထိုးစစ်ဆင်ခြင်းဖြစ်နိုင်သည်ဟု စစ်ရေးလေ့လာသူတစ်ဦးက နိရဉ္စရာကို ပြောသည်။

" ရိုးပေါ်ကဆင်းတာနဲ့  ဥသျှစ်ပင်၊ညောင်ခြေထောက်က နီးနီးလေး။ပြည်မြို့ကလည်းရခိုင်ရိုးမနဲ့ ပဲခူးရိုးမကြားဆိုတော့ နှစ်ဖက်ညှပ်ပြီး စစ်ရေးအရ ခြိမ်းခြောက်ခံနေရတယ်။ ရခိုင်ရိုးမခြေရင်းမှာလည်း  ကပစစက်ရုံတွေလည်းရှိတယ်။ညောင်ခြေထောက်တစ်ဝိုက်မှာ ကပစ (၆)၊ကပစ (၉)စတာတွေရှိတယ်။ ညောင်ခြေထောက်ကိုရရင်ကပစကိုတန်း‌ ရောက်ပြီ‌လေ။ ပြီးရင်ဧရာဝတီ ရိုးလမ်းတွေအထိ AAပါတဲ့ထိုးစစ်တွေနဲ့အတူထိန်းချုပ်နယ်မြေကကျယ်ပြန့်လာနိုင်တယ်" ဟု ပြောသည်။

AAနှင့်‌ တော်လှန်ရေးတပ်ဖွဲ့ထံ ကြားဖြတ်တိုက်ခိုက်ခံရမည်စိုးသဖြင့် ညောင်ခြေထောက်ရှိ စစ်ကောင်စီရှိသည့်နေရာစစ်စခန်း၊တပ်စွဲထားသည့် နေရာများကို   ဥသျှစ်ပင်မြို့ပေါ်မှ ကုန်ကားများဖြင့် စားနပ်ရိက္ခာများလည်း လျှို့ဝှက်စွာပေးပို့နေရကြောင်း သိရသည်။

ပဲခူးတိုင်း၊ ညောင်ကျိုးဗျူဟာစခန်းကုန်းကို ဧပြီ (၂)ရက်နေ့က အလုံးစုံသိမ်းပိုက်ရရှိခဲ့ကြောင်း အာရက္ခတပ်တော်(AA) က သတင်းထုတ်ပြန်ထားသည်။

ညောင်ကျိုးစခန်းကို  မတ်လ (၁၇) ရက်နေ့မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး (၁၆) ရက်ကြာအောင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်းဖော်ပြထားသည်။ (ဓာတ်ပုံ- ပုံဟောင်းသာ)

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.