Preview

ဆရာဦးလှစော(ခ) ကဗျာဆရာ မောင်ခိုင်အောင်ကွယ်လွန်

ခိုင်လူလှ (ရိုးမမြေ) | မေ ၀၆/ ၂၀၂၅ | ကြည့်ရှုသူ :7132
ရခိုင် သတင်း

နိရဉ္စရာ၊ မေ ၆/ ၂၀၂၅

ဆရာဦးလှစော(ခ) ကဗျာဆရာ မောင်ခိုင်အောင်ကွယ်လွန်သွားကြောင်းသတင်းရရှိပါသည်။

ဆရာသည် လည်ချောင်းကင်ဆာရောဂါကို ဆေးရုံတစ်ခုမှာ တက်ရောက် ကုသနေစဉ်အတွင်းမှာဘဲ မေလ ၅ ရက် ည ၁၁ နာရီ ၂၀ မိနစ်မှာ ကွယ်လွန်သွားခဲ့သည်ဟု သိရသည်။

ဆရာ ကွယ်လွန်ချိန်တွင် အသက် (၇၂) နှစ်ရှိပြီဖြစ်သည်။

ဆရာကို ဖခင်ဦးအောင်လှဇံ၊ မိခင်ဒေါ်စံသာဖြူတို့မှ ၁၉၅၃ ခုနှစ် မေလ ၂၇ ရက် (၁၃၁၅ ခုကဆုန်လပြည့်နေ) တွင် မွေးဖွားခဲ့ပြီးအကြီးဆုံးားဖြစ်ကြောင်းသိရပါသည်။

(ဆရာဦးလှစော အထုပ္ပတ္တိအကျဉ်း)

စာရေးဆရာ၊ ကဗျာဆရာ မောင်ခိုင်အောင်၏ အမည်ရင်းမှာ ဦးဦးလှစောဖြစ်သည်။ ဖခင်ဦးအောင်လှဇံ၊ မိခင်ဒေါ်စံသာဖြူတို့မှ ၁၉၅၃ ခုနှစ် မေလ ၂၇ ရက် (၁၃၁၅ ခုကဆုန်လပြည့်နေ) တွင် မွေးဖွားခဲ့သည့် သားကြီး ဖြစ်သည်။

ငယ်စဉ်က စစ်တွေမြို့ ရူပရွာ မူလတန်းကျောင်းမှ စစ်တွေခရိုင်စတုတ္ထတန်း စကောလားရှစ် ပထမဆုကို ရရှိခဲ့သည်။ ဒသမတန်းတွင်သင်္ချာဘာသာရပ်ကို အမှတ် ၁၀၀ အပြည့် ရွှေတံဆိပ်ဆုကို ရရှိခဲ့သည့်အပြင်ဆယ်တန်းကို ဂုဏ်ထူးသုံးဘာသာဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည်။ ရန်ကုန်မြို့ RIT ကျောင်းကို တက်ရောက်ခွင့်ရရှိခဲ့သည်။ နိုင်ငံရေးတွင်ပါဝင်လှုပ်ရှားခဲ့မှုကြောင့် တက္ကသိုလ်ကျောင်းပညာကို ဆုံးခန်းတိုင်အောင်မသင်ယူခဲ့ရဘဲ ကျောင်းထွက်လိုက်ရသည်။

ဇနီးအမည်မှာ ဒေါ်အနွဲ့ချေ ဖြစ်သည်။ သမီးနှစ်ဦးရှိပြီး ချိုဉာဏ်ဝေ၊ ဆောင်းနှင်းဝေတို့ ဖြစ်သည်။

ကျောင်းသားလှုပ်ရှားမှုဖြင့် ၁၉၆၉ ခုနှစ်တွင် ၂ နှစ် ကျောင်းထုတ်ခံရသည်။၁၉၇၅ ခုနှစ်တွင် နိုင်ငံရေးလှုပ်ရှားမှုဖြင့် စစ်ခုံရုံးမှ ထောင်ဒဏ် ၉နှစ် ချမှတ်ခဲ့သည်။ ထောင်က လွတ်မြောက်လာပြီးနောက် ၁၉၈၈ ခုနှစ်အရေးတော်ပုံကြီးတွင် စစ်ခုံရုံးဖြင့် ထောင်ဒဏ် ၁၄ နှစ်ပြစ်ဒဏ်ပေးခံခဲ့ရသည်။

၁၉၉၀ ခုနှစ် ကာလတွင်ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)တွင်တာဝန်ထမ်းဆောင်ခဲ့သည်။ စစ်အစိုးရမှ ALD ပါတီကို တရားမဝင် ပါတီအဖြစ်ကြေညာပြီး ပါတီဖျက်သိမ်းလိုက်ရသောအခါ ပြင်ပကျူရှင်ဆရာအဖြစ် ဘဝကိုဖြတ်သန်းခဲ့သည်။

၂၀၁၀ ခုနှစ် မြန်မာ့နိုင်ငံရေးအပြောင်းအရွေ့တွင်ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) ကို တည်ထောင်ပြီးအထွေထွေအတွင်းရေးမှူးရာထူးကို ထမ်းဆောင်ခဲ့သည်။ သို့သော်လည်းရွေးကောက်ပွဲမဝင်ဘဲ RNDP ပါတီကို အဓိက ထိန်းကျောင်းခဲ့သည်။

၂၀၁၃ ခုနှစ်တွင်ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ RNDP နှင့် ALD ပါတီ ပူးပေါင်းရေးအတွက် အဓိက ဦးဆောင်သူဖြစ်ခဲ့သည်။ ၂၀၁၄ ခုနှစ် ဧပြီလတွင် ကျင်းပပြုလုပ်ခဲ့သည့်ရခိုင့်အမျိုးသားညီလာခံ(ကျောက်ဖြူ)ကို အဓိက ဦးဆောင်သူအဖြစ် ပါဝင်ခဲ့သည်။

၂၀၁၅ ခုနှစ် ဒုတိယအကြိမ်မြောက် ရွေးကောက်ပွဲတွင်ရခိုင်အမျိုးသားပါတီ ANP ၏ မြောက်ဦးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပါဝင် ရွေးချယ်ခံခဲ့သည်။

စာပေ

၁၉၇၀ လွန်နှစ်များတွင် တက္ကသိုလ်နယ်မြေ၏ မြေအောက်ကျောင်းသားလှုပ်ရှားမှုများ၊ ခေတ်ပေါ်ကဗျာလှုပ်ရှားမှုတို့တွင် ထဲထဲဝင်ဝင်ပါဝင်လှုပ်ရှားခဲ့သည်။ ကလောင်အမည်မှာ မောင်ခိုင်အောင်(စစ်တွေ)၊မောင်ခိုင်အောင်တို့ကို သုံးစွဲခဲ့သည်။ ခေတ်ပေါ်ကဗျာနှင့် ဝတ္ထုတို၊ရသစာတမ်းငယ်ရေးသားရာတို့တွင် အထူးထင်ရှားသည်။

စက်မှုတက္ကသိုလ် ဝတ္တုတိုဆု၊ မိုးမိုးအင်းလျား အမှတ်တရ ဝတ္ထုတိုပထမဆု တို့ကို ရှိခဲ့သည်။ ရခိုင်တန်ဆောင် ရခိုင်ရိုးမနှင့်လခြမ်းမြီမဂ္ဂဇင်းတို့တွင် အယ်ဒီတာအဖြစ် တာဝန်ယူခဲ့သည်။ ဖယ်ဒရယ်ဂျာနယ်တွင်အယ်ဒီတာအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။တခြားစာရေးဆရာများနှင့် စုပေါင်းစာအုပ် အများအပြားကိုလည်းထုတ်ဝေထားပြီးဖြစ်သည်။

မောင်ခိုင်အောင်၏ `ကျောင်း´ ကဗျာစာအုပ်တွင် `အမေက သူ့ချွေးမကိုတိုးတိုးလေးပြောဖူးတယ်။ သူ့သားဟာ မာနကြီး၊ ရန်လိုတယ်တဲ့။ ဖိနှိပ်သူတွေဖောက်ပြန်ရေးသမားတွေကို မုန်းတယ်။ အဘိဓမ္မာဟောင်း စနစ်ဟောင်းယန္ထရားဟောင်းကို မုန်းတယ်။ ရန်လိုခဲ့တယ်။ အဟောင်းကို ရန်လိုရင်းမိမိကိုယ်တိုင် ဟောင်းနွမ်းလာခဲ့လေပြီလား။ ရန်လိုခဲ့တယ်။ ဘဝကိုလောင်းကစားခဲ့တယ်။ အိပ်မက်နဲ့ ပျော်မွေ့ခဲ့တယ်။ ကဗျာဆရာဆိုတာအိပ်မက်တပွေ့တပိုက်နဲ့ ဝဋ်ထိတဲ့ လောင်းကစားသမား။ ရှုံးဖို့ နိုင်ဖို့ထက်အိမ်မက်အရေးကြီးတယ် ထို့ကြောင့် ကဗျာဆရာဟု ခေါ်သည်။ ကျေးဇူးပြု၍မှတ်တမ်းတင်ပေးပါ´ဟု ရေးသားခဲ့သည်။

ရေးသားထုတ်ဝေခဲ့သော စာအုပ်များ

၁။အမင် (၂၀၀၈)

၂။အန်းဖရန့်ဒိုင်ယာရီ

၃။မြောက်ဦးနှင့် မြောက်ဦးဗေဒ ရသစာတမ်းများ

၄။ကျောင်း

၅။ကင်ဗာရာစာတမ်း (၂၀၁၃)

၆။ဒိုင်ယာစပိုရာ

၇။စံသာဖြူ အောင်လှဇံ (မြောက်ဦးဗေဒ ရသစာတမ်းများ)

၈။အိုင်ရင်းနှင့်အိဗ် ကျူရီ

၉။ အင်ဒိုနီးရှား သက်တံရောင်စဉ်ကောင်းကင်သစ် (အခြားစာရေးဆရာများနှင့် ပူးတွဲ)

၁၀။ အမေရိကန် - တရုတ် ဆက်ဆံရေး (အခြားစာရေးဆရာများနှင့် ပူးတွဲ)

၁၁။ မျက်မှောက် ရခိုင်ပြည်မြောက်ပိုင်းအရေး (အခြားစာရေးဆရာများနှင့် ပူးတွဲ)

၁၂။ နှစ် ၁၀၀ ပြည့်အကြို မြန်မာဝတ္ထုတိုများ (အတွဲ ၂) (အခြားစာရေးဆရာများနှင့် ပူးတွဲ)

၁၃။ ၂၀၂၀ ကနေ ကျွန်ုပ်တို့ ဘယ်ကိုသွားကြမလဲ(အခြားစာရေးဆရာများနှင့် ပူးတွဲ)

၁၄။ ရောင်စုံကျေးလက် ဝတ္ထု ၁၂ ပုဒ် (အခြားစာရေးဆရာများနှင့် ပူးတွဲ)

၁၅။ The Waves မဂ္ဂဇင်းအတွဲများ (အခြားစာရေးဆရာများနှင့် ပူးတွဲ)

ကိုးကား- ဝိကီပီးဒီယား

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.