Preview

ရခိုင့် ဝါရင့်နိုင်ငံရေးသမား ဆရာဦးဦးလှစော(ခေါ်) ကဗျာဆရာ မောင်ခိုင်အောင်ကွယ်လွန်မှုအပေါ် ဝမ်းနည်းစကားသံများ

သျှင်မင်းဇံ | မေ ၀၆/ ၂၀၂၅ | ကြည့်ရှုသူ :820
ရခိုင် သတင်း

သျှင်မင်းဇံ၊ ကြိုင်ဟိန်းလင်း၊ အေးမြတ်ခိုင်၊ စောရှင်မေ မေးမြန်းစုစည်းသည်။

နိရဉ္စရာ၊ မေ ၆/ ၂၀၂၅

ရခိုင့် ဝါရင့်နိုင်ငံရေးသမား ဆရာဦးဦးလှစော(ခေါ်) ကဗျာဆရာ၊ စာရေးဆရာ မောင်ခိုင်အောင်သည် လည်ချောင်းကင်ဆာရောဂါဖြင့် မေလ ၅ ရက်၊ ည ၁၁ နာရီခွဲခန့်တွင် ကွယ်လွန်သွားခဲ့သည်။

အသက် (၇၂) နှစ်အရွယ် ဝါရင့်နိုင်ငံရေးသမား၊ ကဗျာဆရာ၊ စာရေးဆရာ ဆရာဦးဦးလှစော ကွယ်လွန်သွားမှုအပေါ် ရခိုင်ပြည်သူတစ်ရပ်လုံးက ဝမ်းနည်းကြေကွဲနေရသည်။

ဆရာကြီးကွယ်လွန်သွားမှုမှာ ရခိုင်ပြည်နှင့် ရခိုင်လူမျိုးတို့အတွက် ကြီးစွာသောဆုံးရှုံးမှုဖြစ်သည်ဟုလည်း ပြောဆိုနေကြသည်။

ဆရာကြီးကွယ်လွန်သွားမှုနှင့်ပတ်သက်ပြီး ဝမ်းနည်းဆုတောင်းစကားသံများကို နိရဉ္စရာသတင်းဌာနက စုစည်းမေးမြန်း ဖော်ပြပေးလိုက်ပါသည်။


ဦးခိုင်သုခ (ပြောရေးဆိုခွင့်ရှိသူ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)/အာရက္ခတပ်တော်(AA))

"ကျနော်တို့ ULA/AA အနေနဲ့လည်းပဲ သူ့ရဲ့ မိသားစုဆွေမျိုးတွေနဲ့ထပ်တူ ကျနော်တို့ အထူးဝမ်းနည်းကြေကွဲစိတ်မကောင်းဖြစ်ရပါတယ်။ ဆရာကြီး ကောင်းရာဘုံဘဝရောက်ပါစေလို့လည်း ကျနော်တို့ဆုတောင်းပေးပါတယ်။ ဂါရဝလည်း ပြုပါတယ်။ ဆရာကြီးကတော့ သူ့ရဲ့ နိုင်ငံရေးဘဝဖြတ်သန်းမှုက အလွန်ရှည်လျားတဲ့သူဖြစ်ပါတယ်။ သူဟာ တက္ကသိုလ်ကျောင်းသားဘဝကနေ ကွယ်လွန်တဲ့အချိန်အထိ မြန်မာ့နိုင်ငံရေး၊ ရခိုင့်နိုင်ငံရေးထဲမှာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ တက်တက်ကြွကြွပါဝင်ခေါင်းဆောင်ခဲ့တဲ့ ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ နိုင်ငံရေးဘဝဖြတ်သန်းမှုကိုပြန်ကြည့်မယ်ဆိုလို့ရှိရင် တက္ကသိုလ်ကျောင်းသားဘဝမှာ ဗမာပြည်ကွန်မြူနစ်ပါတီမှာ ဝင်ရောက်ပြီးတော့ တာဝန်ထမ်းဆောင်ခဲ့တာရှိတယ်။ နောက် တခြား လူထုတိုက်ပွဲ၊ နိုင်ငံရေးအကျဉ်းသားဘဝ၊ လွှတ်တော်အမတ်ဘဝ၊ ပါတီနိုင်ငံရေး၊ နောက် လက်နက်ကိုင်တော်လှန်ရေးသမားဘဝ စသဖြင့် နိုင်ငံရေးဘဝပေါင်းများစွာကို ဆရာကြီးကျင်လည် ဖြတ်သန်းခဲ့တယ်။ ဒါကြောင့်မို့လို့ အတွေ့အကြုံရင့်ကျက်တဲ့ ခေါင်းဆောင်ကောင်းတစ်ဦးလည်းဖြစ်ပါတယ်။ ဒီဟာတွေအပြင် ဆရာကြီးဟာ မြန်မာစာပေလောက၊ ရခိုင့်စာပေလောကမှာလည်းပဲ သူ့ရဲ့ကလောင်အစွမ်းထက်မှုကြောင့် အလွန်ထင်ရှားပြီးတော့ အများကလေးစားဂုဏ်ယူရတဲ့ စာရေးဆရာ၊ ကဗျာဆရာတစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့် သူကွယ်လွန်သွားခြင်းဟာ ကျနော်တို့ ဒီအာရက္ခပြည်တည်ဆောက်ရေးနဲ့ အာရက္ခပြည်သူတွေအတွက် အလွန်တန်ဖိုးမဖြတ်နိုင်တဲ့ ဆုံးရှုံးမှုကြီးတစ်ရပ်ဖြစ်ပါတယ်"


ဦးဖေသန်း (ရခိုင့်ဝါရင့်နိုင်ငံရေးသမား)
“ဆရာဦးဦးလှစောအကြောင်းကို တိုတိုနဲ့ လိုရင်းပြောရရင် ကျောင်းသားဘဝကနေပြီးတော့ သေတဲ့အထိ နိုင်ငံရေးဖြတ်သန်းမှုအဆက်ဆက်မှာ ပါခဲ့တယ်။ နိုင်ငံရေး၊ တော်လှန်ရေး အားမကောင်းတဲ့ကာလမျိုးမှာ ကျူရှင်ဆရာအဖြစ်၊ ကဗျာဆရာ၊ စာရေးဆရာအဖြစ် သူ ရပ်တည်ခဲ့တယ်။ နောက်ဆုံးမှာတော့ သူဟာ ULA ရဲ့ ထိပ်ပိုင်းတာဝန်တစ်ခုကို ထမ်းဆောင်ရင်း သူ အသက်ဆုံးရှုံးသွားတဲ့အချိန်ထိပေါ့နော်။ အဲဒါကြောင့် သူ့ကို ပြန်ပြောရရင်တော့ သူဟာ ပေါ်တော်မူ နိုင်ငံရေးသမားမဟုတ်ဘူး။ အမျိုးသားရေးလောကကို အမျိုးသားရေး၊ နိုင်ငံရေး၊ ကျောင်းသားဘဝကနေ သေတဲ့အထိ ထမ်းဆောင်ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့ ကျနော်ကတော့ မှတ်ချက်ပြုပါတယ်။ ဒါကြောင့် လေးစားမှုခံရတာဖြစ်ပါတယ်”

ဦးတက်ထွန်းအောင် (ပေါက်တောမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း)

"ကျွန်တော်တို့ ရခိုင်ပြည် ဝါရင့်နိုင်ငံရေးသမားတစ်ယောက်ဖြစ်တဲ့ ဆရာဦးဦးလှစော ကွယ်လွန်တာကို အထူးစိတ်မကောင်းပါဘူး။ ရခိုင်ပြည်၏ နိုင်ငံရေးကို ဆရာဦးဦလှစောက စာပေ၊ အနုပညာ၊ ဒီမိုကရေစီရော တက်ကြွတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ အခုလိုကွယ်လွန်ရတာကလည်း အလွန်စိတ်မကောင်းဖြစ်ပါတယ်။ ဆရာဦးဦးလှစောက သမိုင်းတစ်လျှောက်လုံးမှာ ကျောင်းသားဘဝတုန်းက စပြီးတော့ အသက် (၇၂)နှစ်တိုင်အောင်အထိ အမျိုးသားနိုင်ငံရေးထဲမှာပါဝင်တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်။ ဒါကြောင့် ရခိုင်တစ်မျိုးသားလုံးလည်း ဝမ်းနည်းကြေကွဲရမဲ့ နေ့တစ်နေ့ဖြစ်တယ်။ ဒါကြောင့် ဆရာသည် နောက်ဘဝမှာလည်း ရခိုင်ပြည်ထဲမှာ မွေးဖွားလာမယ်လို့ မျှော်လင့်ပါတယ်။ သူ့မှာ ချစ်ဖို့ကောင်းတဲ့အရာလေးတစ်ခုရှိတယ်။ လူငယ်တွေကို ပြုစုတယ်။ နိုင်ငံရေးသဘောတရားကြီးတာပေါ့။ သူက အသက်ကြီးတယ်၊ ငယ်တယ်လို့လည်း ခွဲခြားမှုမရှိဘူး။ လူငယ်တွေနဲ့ အရမ်းကို ခင်ကြတာပေါ့ဗျာ။ လူငယ်တွေက ဆရာဦးဦးလှစောဆိုရင် ဒုတိယဘုရားလိုပဲ။ အဲလိုပုဂ္ဂိုလ်မျိုးကို ရဖို့အတွက် အလွန်တရာရှားပါတယ်။ ဒါနဲ့ ဆရာဦးဦးလှစောပျိုးထောင်ခဲ့တဲ့ လူငယ်တွေကိုလည်း ဒီဘက်မှာ အမျိုးသားရေးတာဝန် ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်လေးတွေလည်း ဒီနေ့ထက်ထိရှိနေတာကို အများကြီးတွေ့မြင်နေရပါတယ်။ ဆရာကွယ်လွန်သွားပြီဆိုပေမယ့် အနာဂတ်အတွက် မွေးဖွားထားခဲ့တဲ့ လူငယ်တွေ၊ မျိုးဆက်သစ်တွေက ဆရာဦးဦးလှစော၏ တာဝန်ပခုံးလေးထမ်းဆောင်ဖို့အတွက် အဆင်သင့်ပေးထားခဲ့ လူငယ်တွေမြောက်များစွာရှိပါတယ်။ ဒါကြောင့် လူငယ်တွေလည်း အမျိုးသားနိုင်ငံရေး တာဝန်ကို ဆက်ပြီးထမ်းဆောင်နိုင်ပါစေလို့လည်း ဆုတောင်းပါတယ်"


ဒေါ်ညိုအေး (ဥက္ကဋ္ဌ၊ ရခိုင်အမျိုးသမီးကွန်ရက်)

“ကျမလည်း အင်မတန်ကို စိတ်မကောင်းဖြစ်ရပါတယ်ပေါ့နော်။ ပြီးတော့လည်း အရမ်းရင်းနှီးတဲ့အထဲမှာ ပါပြီးတော့ မိတ်ဆွေ မောင်နှမ အရင်းလို၊ မိတ်ဆွေသင်္ဂဟကောင်းတစ်ဦးလို အမြဲတမ်း ငြင်းခုံရင်း၊ ပြောကြရင်းနဲ့ပေါ့နော်။ ကျမတို့ ဒီ ၂၀၁၅ နောက်ပိုင်းဆိုလို့ရှိရင် ဒီပထမကတော့ RNDP ပေါ့နော်။ ပြီးတော့ ဒုတိယ ပါတီနှစ်ခုပေါင်းစည်းတဲ့အထဲမှာလည်း ANP ထဲမှာဆိုလည်း ကျမတို့က အရပ်ဘက်လူ့အဖွဲ့အစည်းတွေဆိုတော့ ခဏခဏ ပါတီတွေနဲ့ စကားပြောနေရတဲ့အချိန်မှာဆို ဆရာနဲ့ အမြဲတမ်း ငြင်းခုံဖြစ်တယ်၊ ဆွေးနွေးဖြစ်တယ်ပေါ့နော်။ ဆရာ့ရဲ့ ပညာတွေလည်း ယူဖြစ်တယ်ပေါ့နော်။ တော်တော်လေးကို စိတ်မကောင်းဖြစ်ရပါတယ်။ ပြီးတော့ ဒီအရွယ်ဆို ကျမတို့နဲ့ဆိုရင်လည်း နှစ်ကြီး၊ နှစ်ငယ်လောက်ပဲ မောင်နှမအရင်းလို သိပ်မကွာလှတဲ့ နိုင်ငံရေးမောင်နှမတွေဆိုလည်း တော်တော်လေးကို ကျမ ကြေကွဲဝမ်းနည်းရပါတယ်လို့ ပြောချင်ပါတယ်။ ဆရာဆိုလို့ရှိရင် မြောက်ဦးကို တအားချစ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပေါ့နော်။ သူမြောက်ဦး ဇာတိလည်း ဖြစ်တယ်။ ကျမတို့ဆိုရင် ဘယ်အထိ နေခဲ့လဲဆိုလို့ရှိရင် ဆရာ့ရဲ့အဖေပေါ့နော်၊ ဆရာကြီး ဦးအောင်လှဇံတို့ဆီမှာတောင် ကျမတို့ ဟိုဥစ္စာ အလွတ်ပညာသင်အနေနဲ့ ကျောင်းတစ်နှစ်တက်ခဲ့ဖူးတဲ့သူဆိုတော့လေ။ ကျမတို့ တော်တော်လေးကို စိတ်မကောင်းဖြစ်ရပါတယ်။ အင်မတန်ကို မေတ္တာ၊ ရခိုင်ပြည်အတွက်ကတော့ အင်မတန်ကို ဆုံးရှုံးတဲ့ ကြယ်တစ်ပွင့်ပေါ့နော်။ ဘာကြောင့်လဲဆိုလို့ရှိရင် သူ့ရဲ့ပေးဆပ်မှုဟာလည်း တော်တော်ကြီးကို ကြီးမားခဲ့တယ်လို့ ကျမတို့ ပြောရဖို့ရှိတယ်ပေါ့နော်။ ကျမတို့ လက်တွေ့လည်း မြင်ရတယ်လေ။ ပြီးတော့လည်း အဆက်ဆက် အလုပ် လုပ်လာကြတဲ့အထဲမှာဆိုလို့ရှိရင် ကျမတို့ထက် အများကြီး ထောင်သက်ရင့်တဲ့ ပုဂ္ဂိုလ်တွေထဲမှာလည်း ပါတယ်ပေါ့လေနော့်။ ကျမဆရာဆိုရင် အဲဒီဆရာရဲ့ နောက်ဆက် လေး၊ ငါးနှစ် နောက်ပိုင်းမှာမှ ကျမက ပထမဆုံးထောင်အတွေ့အကြုံရှိတယ်။ ဆရာဆိုရင် ကျမတို့ထက် အစောကြီး ထောင်အတွေ့အကြုံရှိတယ်ပေါ့လေ။ အင်မတန်ကို လေးစားစရာကောင်းတဲ့ ပုဂ္ဂိုလ်တစ်‌ယောက်ပါ။ လူငယ်တွေကို ပြောချင်တာကတော့ အနီးဆုံးမှာ ရှိနေမယ့် ကိုယ့်ရဲ့ နိုင်ငံရေး နှစ်ချို့တွေဆိုရင် တစ်လုံးတစ်ပါဒ ရသလောက်ပေါ့နော် စကားလေးတစ်ခွန်းသော်လည်းကောင်း သူတို့ရဲ့ အနီးကပ် သြဝါဒလေးတွေကိုတော့ လေးလေးနက်နက် ခံယူပြီး‌တော့ သူတို့ ကျင့်သုံးတဲ့၊ ကိုယ်နဲ့တည့်ရင် အသုံးတည့်တယ်ပေါ့နော်။ ကျင့်သုံးဖို့လည်း မေတ္တာရပ်ခံချင်ပါတယ်။ ကျမတို့ ရခိုင်လူငယ်ထုအတွက်လည်း အင်မတန် နှမြောစရာ ကောင်းပါတယ်။ ဘာကြောင့်ဆို ဆရာက အပြောလည်း တော်တော်လေးကျွမ်းကျင်မှုများတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တဲ့အတွက်ပါလို့။ ဆရာဆုံးပြီဆိုတော့ မနက်ကဆိုရင် ကျမ လိုင်းပေါ်တက်လာကလည်းက သြော် မနေ့က ညက ၁၁ နာရီကျော်ကျော်မှာ ဆရာဆုံးပြီပေါ့နော်။ အင်မတန်ကို စိတ်မကောင်းဖြစ်ရပါတယ်လို့။ ဘာ့ကြောင့်လဲဆိုရင် ကျမတို့ရဲ့ ဒိုးတူ‌ဘောင်ဖက်ပေါ့နော်၊ ကျမတို့ အကြံတစ်ခွန်း ဉာဏ်တစ်ခွန်းအနေနဲ့ ကျမတို့ ဝိုင်းဝန်းပြီးတော့ ရခိုင်ပြည်ထဲမှာ လုပ်နေစရာတွေ၊ အင်အားတွေထဲက အင်အား အင်မတန်ကိုကြီးမားတဲ့ အင်အားတစ်ရပ် ဆုံးရှုံးတယ်လို့ ကျမထင်မြင်မိပါတယ်လို့”


ဦးခိုင်ကောင်းစံ (ဒါရိုက်တာ၊ ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း)

"ဆရာဦးဦးလှစော ကွယ်လွန်တဲ့ကိစ္စက ကျနော်တို့ ဒီရခိုင်ပြည်ရဲ့ လက်ရှိအခြေအနေအရ အင်မတန်မှ ဆုံးရှုံးတဲ့၊ ဆုံးရှုံးမှု ဖြစ်စဉ်တစ်ခု ဖြစ်တယ်‌ပေါ့နော်။ ဥပမာ - ကြယ်တစ်ပွင့် ကြွေတယ်ပေါ့။ ဒါပေမဲ့ ဒီကြယ်က ကြယ်သေးသေးလေး မဟုတ်ဘူးပေါ့။ ခုနစ်စဉ်ကြယ်ထဲမှာပါတဲ့ ကြယ်တစ်ပွင့်လိုမျိုးဖြစ်တယ်ပေါ့နော်။ ဆရာဦးဦးလှစောရဲ့ ဒီ ကွယ်လွန်ခြင်းကိစ္စကို ပြောမယ်ဆိုရင်တော့ တကယ့် ရခိုင်ပြည်ရဲ့ လက်ရှိအခြေအနေအရ အင်မတန်မှ ဝမ်းနည်းစရာကောင်းတယ်။ ရခိုင်ပြည်ရဲ့ ဆရာရဲ့ နိုင်ငံရေးဖြတ်သန်းမှုဆိုရင်လည်း လူငယ်တွေအတွက် အတုယူစရာတွေ၊ သင်ယူစရာတွေ အများကြီး တွေ့ရတာပေါ့နော်။ ဟို ကျောင်းသားဘဝကနေ တောက်လျှောက် ၁၉၇၄၊ ၇၅ မှ ရာပြည့် စသည်အားဖြင့် မြန်မာပြည်ရဲ့ နိုင်ငံရေးအပြောင်းအလဲတွေမှာ ဦးဆောင်ဦးရွက် ပါဝင်ခဲ့တဲ့ ဆရာတစ်ယောက်ဖြစ်တယ်။ နောက်ပြီးတော့ ၁၉၈၈ ကာလမှာဆိုရင်လည်း ဆရာရဲ့အဖေကိုယ်၌က တကယ့် မြောက်ဦးမြို့ရဲ့ လူရိုသေ၊ ရှင်ရိုသေ ပုဂ္ဂိုလ်ဖြစ်တယ်ပေါ့လေ။ ဆရာဦးအောင်လှဇံဆိုတာ။ ဆရာဦးအောင်လှဇံရဲ့ သားကြီးတစ်ယောက်လည်း ဖြစ်တယ်ပေါ့။ နောက် နိုင်ငံရေးမျိုးဆက်အားဖြင့်လည်း ဆရာ့ရဲ့ ညီတစ်ယောက်ဆိုလည်း တတိယနိုင်ငံမှာ ရှိတယ်ပေါ့လေ။ နိုင်ငံရေး တကယ့်ကို ‌တောက်လျှောက်လုပ်လာတဲ့ ဆရာတစ်ယောက်ဖြစ်တာပေါ့နော်။ အဲတော့ ဆရာကွယ်လွန်တဲ့ဟာက ကျနော်တို့ရခိုင်ပြည်အတွက် တကယ့်ကို ဝမ်းနည်းစရာတစ်ခုဖြစ်တယ်။ နောက် လူငယ်တွေအတွက်ဆိုရင်လည်း ဆရာက နိုင်ငံရေးဖြတ်သန်းမှုမှာ ဒီမြောက်ဦးမြို့၊ ဒီမိုကရေစီပြောင်းတဲ့ကာလမှာပေါ့။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ပါဝင်ခဲ့တယ်။ လွှတ်တော်မှာ အဆိုတင်တဲ့အချိန်မှာတင် လွှတ်တော်ဥက္ကဋ္ဌကိုပြန်ပြီးတော့ပြောဆိုရဲတဲ့သတ္တိ သူ့မှာရှိတယ်ပေါ့နော်။ နောက် ဆရာရဲ့ နိုင်ငံရေးဘဝက တကယ် ရိုးရှင်းတယ်ပေါ့လေ။ လွှတ်တော်အမတ်ဖြစ်စဉ် ကာလမှာဆိုရင်သော်လည်းကောင်း၊ နိုင်ငံရေးမှာ ဝါရင့်ပေါ့လေ။ နိုင်ငံရေးဖြတ်သန်းမှု လုပ်နေခဲ့ပေမဲ့လို့ မိမိကိုယ်ကျိုးအတွက် ဘာမှ ပိုင်ဆိုင်ခဲ့တာမရှိဘူး။ ကိုယ်ကျိုးအတွက် လုပ်ဆောင်ခဲ့တာ ဘာမှ မရှိဘူး။ နောက်ပြီးတော့ ဆရာ့ရဲ့ ရေးသားခဲ့တဲ့ ဒီ သီချင်းတွေ၊ ကဗျာတွေ၊ မိုင်းဆိုတဲ့ ကဗျာဆိုရင်လည်း တကယ့်ကိုပေါ့နော်။ နောက် ဖိနပ်တစ်ရံစသည်အားဖြင့်ပေါ့နော်။ အဲလို ထင်ရှားတဲ့ကဗျာတွေ အများကြီးရှိခဲ့တာပေါ့။ ဒါတွေက ဆရာရဲ့ အမျိုးသားရေးအပေါ်မှာ ဘယ်လောက်ထိ သံယောဇဉ်ကြီးမားလဲဆိုတာကို အနုပညာနဲ့ ဖော်ပြတယ်၊ ကဗျာနဲ့ ဖန်တီးတယ်၊ သီချင်းစာသားတွေနဲ့ ဖန်တီးတာပေါ့။ အဲဒီတော့ ဆရာရဲ့ နိုင်ငံရေး၊ အနုပညာ ကဗျာဆရာတစ်ယောက်ဖြတ်သန်းမှုဟာ အင်မတန်မှ လူငယ်တွေအတွက် အတုယူစရာကောင်းသလို နိုင်ငံရေးမှာလည်း ဖြတ်သန်းတဲ့အချိန်မှာလည်း ကိုယ့် ကိုယ်ရေးကိုယ်တာအတွက် ဘာမှ အသုံးပြုခဲ့တာ မရှိဘူးပေါ့နော်။ အဲလိုမျိုးပြောခဲ့တဲ့၊ သူ့ရဲ့ စာရေးခဲ့တဲ့စာတွေ၊ လုပ်ဆောင်ခဲ့တဲ့အရာတွေက ကျနော်တို့လို လူငယ်တွေပေါ့။ နောက်အနာဂတ်လူငယ်တွေအတွက် အင်မတန်မှ အတုယူစရာကောင်းတယ်။ ဒီဆရာကွယ်လွန်တဲ့အတွက်လည်း ဝမ်းနည်းကြေကွဲရပါတယ်။ အဓိကကတော့ ဆရာရဲ့ ရိုးဂုဏ်ပေါ့နော်။ ဒါကလည်း ကျနော်တို့ လူငယ်တွေ တန်ဖိုးထားစရာဖြစ်တယ်ပေါ့နော်။ တကယ်တမ်းက ဒီနိုင်ငံရေးသမား၊ တကယ့်နိုင်ငံရေးသမားပေါ့လေ။ တကယ်စစ်မှန်တဲ့ နိုင်ငံရေးသမား တစ်ယောက်ဆိုတာက နိုင်ငံအတွက်၊ ပါတီအတွက်ကို ခုတုံးလုပ်ပြီးတော့မှ ကိုယ့်ရဲ့အကျိုးစီးပွားအတွက် အလုပ်မလုပ်ဘူးပေါ့။ ဒါက တကယ့် စံနမူနာ ထားစရာဖြစ်တယ်။ သူ့ရဲ့ဝတ်စားဆင်ဆင်မှုကလည်း ခုနကလို ရိုးရှင်းသလို ပေတိပေတေနေတာတော့ မဟုတ်ဘူး။ သူ့ရဲ့ ရိုးရှင်းမှုကတော့ တကယ့် ပုဆိုးလေးနဲ့ ဒီအင်္ကျီလက်ရှည်နဲ့၊ နောက် လွယ်အိတ်လေးပေါ့လေ။ နောက် သဲကြိုးဖိနပ်လေးပေါ့။ အဲဒါလေးနဲ့ပဲ နေတယ်ပေါ့။ အဲဒါကလည်း တကယ်တမ်းပြောရရင်တော့ လူငယ်တွေ ဒီလို၊ အထူးသဖြင့် ဒီလိုခေတ်ကြီးမှာဆိုရင် ပိုင်ဆိုင်မှုတွေ များတဲ့အခါကျတော့ ပိုင်ဆိုင်မှုတွေအပေါ်မှာ ခုံမင်မှုတွေ၊ ပိုင်ဆိုင်မှုတွေအပေါ်မှာ သာယာမှုတွေပေါ့။ အဲတော့ အဲဒီဆရာမှာ အဲဒါကိုကြည့်ရင် ဒီ ပိုင်ဆိုင်မှုတွေအပေါ်မှာ သာယာမှုတွေ မရှိဘူးဆိုတာ ကျနော် လေ့လာတွေ့ရှိရတာပေါ့လေ။ အဲဒီတော့ ပြောချင်တာကတော့ ဒီ ပါတီကို အကြောင်းပြုပြီးတော့သော်လည်းကောင်း၊ ကိုယ့်မိသားစုအကျိုး၊ ကိုယ့်အကျိုးအတွက် ဘာမှ မလုပ်ခဲ့ဘူး။ တကယ့်ကို ရိုးရှင်းတဲ့ နိုင်ငံရေးဖြတ်သန်းမှု၊ နောက်ပြီးတော့ ဒီ မိုင်းဆိုတဲ့ ကဗျာကလည်း ကျနော် ပထမက ပြောသလိုပေါ့။ တကယ့်ကို ပြည်တွင်းစစ်ရေးကာလမှာ မိုင်းတွေကြောင့် ပြည်သူတွေ အတိဒုက္ခရောက်နေတဲ့အကြောင်းတွေပေါ့လေ။ နောက် ဖိနပ်တစ်ရံပေါ့။ ဒီ မိုင်းကွဲပြီးတော့မှ ကလေးမလေး နှစ်ယောက်။ တစ်ယောက်က ဘယ်ခြေထောက်ပြတ်တယ်။ တစ်ယောက်က ညာခြေထောက်ပြတ်တယ်။ အဲဒီကလေးမလေး နှစ်ယောက်က ဖိနပ်တစ်ရံပဲ။ အဲလိုမျိုး ကဗျာတွေပေါ့‌နော်။ ဆရာရဲ့ ဟိုဟာတွေက တကယ့်ကို ကျနော်တို့ ရခိုင်ပြည်သူတွေတင် မကဘူးပေါ့လေ။ ကျနော်တို့ မြန်မာ့နိုင်ငံရေးလောကမှာ ဆရာ့ရဲ့ ဖြတ်သန်းမှု၊ ဆရာ့ရဲ့ ကဗျာရေးသားမှုတွေကို လူတိုင်းလိုလို အသိအမှတ်ပြုကြတာပေါ့။ အထူးသဖြင့် နိုင်ငံရေးအင်အားစုတွေပေါ့။ နောက်ပြီးတော့ လွှတ်တော်ကာလမှာတုန်းက ဆိုရင်လည်း လွှတ်တော်ဥက္ကဋ္ဌကို ပြန်ပြီးတော့ ပြောဆိုရဲတယ်ဆိုတာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သမိုင်းမှာ မရှိခဲ့ဘူး။ ဒါကလည်း တကယ်ပြောသင့်တဲ့နေရာမှာ အချိန်အခါအရပြောဆိုတာ ဖြစ်တယ်ပေါ့။ ဒီအပေါ်မှာလည်း လူငယ်တွေလည်း အတုယူသင့်တယ်လို့ မြင်ပါတယ်။ အဓိကတော့ ဆရာ့ရဲ့ နိုင်ငံရေးဖြတ်သန်းမှုကို ဒီနေရာကနေပြီးတော့ ဦးညွတ် အလေးပြုပါတယ်”


ဝေဟင်အောင် (စာရေးဆရာ)

"ဒီဆရာက နိုင်ငံရေးအရသော်လည်းကောင်း၊ စာပေအရသော်လည်းကောင်း ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးအတွက်များစွာသော ဆုံးရှုံးမှုတစ်ရပ်ဖြစ်တယ်။ ရခိုင်စာပေထဲမှာလည်း အင်မတန်မှ ဩဇာကြီးတဲ့ စာရေးဆရာကြီးတစ်ယောက်ဖြစ်သလို နိုင်ငံရေးအရဆိုရင် မြန်မာ့နိုင်ငံရေး၊ ကမ္ဘာ့နိုင်ငံရေး၊ ရက္ခိုင့်နိုင်ငံရေးကို အများဆုံး ဦးဆောင်ဦးရွက်လမ်းပြပေးနိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်။ သူက လမ်းပြသည့်အပြင် ကိုယ်ကိုယ်တိုင်ဆိုလည်း ရက္ခိုင့်လူမျိုးအတွက် နိုင်ငံရေးထဲမှာရော၊ တော်လှန်ရေးထဲမှာရော ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့အတွက် ဒီပုဂ္ဂိုလ်ဆုံးရှုံးမှုဟာ ရခိုင်ပြည်အနေနဲ့ လုံးဝအစားထိုးမရတဲ့ ဆုံးရှုံးမှုတစ်ရပ်ဖြစ်တယ်"


မစုမြတ်ထွေး (ရခိုင်လူငယ်)

"နိုင်ငံရေးနဲ့ဆက်စပ်ပြီးတော့ ဆရာကို မရင်းနှီးခဲ့ပေမဲ့ ကဗျာစာပေတွေ၊ သီချင်းတွေနဲ့ပတ်သက်ပြီးတော့ ဆရာကို ပိုသိပါတယ်။ ပိုလို့ ရင်းနှီးပါတယ်။ နိုင်ငံရေးမှာဆိုရင်လည်း ပြည်မထိ ထိုးဖောက်ပြီးတော့ ခြေစွမ်းပြခဲ့တဲ့ နိုင်ငံရေးသမားတစ်ယောက်ဖြစ်ပါတယ်။ အခု အာရက္ခပြည်သစ်တည်ဆောက်နေတဲ့ကာလမှာ တွေ့ကြုံမှုတွေ၊ တွေးခေါ်မှုတွေ၊ လူမျိုးအပေါ်မှာ အခြေခံတဲ့ နိုင်ငံရေးသိမှုတွေ၊ ပထဝီနိုင်ငံရေးသဘောတရားတွေ အလွန်များပြားတဲ့ ဆရာဦးဦးလှစော သေဆုံးသွားတယ်။ လက်ရှိ အာရက္ခပြည်သစ်မှာ ကြယ်ကြီးတစ်လုံး ကြွေလွင့်မှုဖြစ်ပါတယ်။ အသက်ရှိခဲ့တဲ့ကာလပတ်လုံးမှာ တိုင်းပြည်နှင့် လူမျိုးအတွက် တောက်လျှောက် အလုပ်လုပ်ခဲ့တဲ့ဆရာ အခု နားပါစေတော့။ ဆရာကို နားခွင့်ပေးလိုက်ပြီလို့ ကျွန်မတို့ မှတ်ယူလိုက်ကြပါမယ်။ ဒီကာလမှာ လူသေဆုံးမှုတွေများလွန်းလို့ ထုံနေပါပြီ။ ဒါပေမဲ့ ဒီတစ်ခေါက် ဆရာဦးဦးလှစောသေဆုံးမှုက ကျွန်မတို့အတွက် ရင်နင့်ကြွေကွဲမှုတွေကို ခံစားရစေပါတယ်။ ဆရာမောင်ခိုင်အောင်ဟာ တော်တယ်။ သိတတ်နားလည်တယ်။ နိုင်ငံရေး သိမှုရှိတယ်။ အများပြည်သူကို ရှေးရှူတဲ့ လက်သစ်နိုင်ငံရေးသမားတွေ ပေါ်ပေါက်လာဖို့ ကျွန်မတို့ မျှော်မှန်းရမှာဖြစ်တယ်။ ဆရာ တစ်ခါက ပြောဖူးပါတယ်။ အာရက္ခနိုင်ငံတော်သီချင်းဆိုတဲ့အခါ ဘယ်ဖက်ရင်အုံပေါ်မှာ ညာလက်တင်ပြီးတော့ နှလုံးသားကိုင်ပြီး ဆိုရတဲ့ ပုံစံမျိုး၊ ပြည်သူတွေနဲ့ အလုပ်လုပ်တဲ့အခါမှာလည်း နှလုံးသားကို ကိုင်ပြီးတော့ အလုပ်လုပ်ကြဖို့ မှာခဲ့ပါတယ်။ မြောက်ဦး နှစ် ၆၀၀ ပြည့်ပွဲမှာ ဆရာကို ချစ်တဲ့သူတွေနဲ့ စုပြီး အတိုးချပြီးတော့ ငိုပါတော့မယ်ဆရာ။ ဆရာဖြစ်ချင်တဲ့ ဆန္ဒတွေ အကောင်းဆုံးဖြစ်လာအောင် အကောင်ထည်ဖော်ကြဖို့အတွက် မြောက်ဦးကို ချစ်မြတ်နိုးတဲ့လူတွေ၊ အာရက္ခပြည်သစ်ကို ထူထောင်နေကြတဲ့၊ တည်ဆောက်နေကြတဲ့လူတွေ အားလုံးမှာ တာဝန်ရှိပါတယ်။ ဆရာ ကောင်းရာသုဂတိရောက်ပါစေ"


ကိုကောင်းထိုက် (ရခိုင်ပြည်ဖွား ခမီလူငယ်တစ်ဦး)

"ရခိုင်ဝါရင့် စာရေးဆရာလည်းဖြစ်၊ ကဗျာဆရာလည်းဖြစ်တဲ့ ဆရာကြီးဦးဦးလှစောဟာ ရခိုင်ပြည်အတွက်ရော၊ ရခိုင်ပြည်သူလူထုအတွက်ပါ တာဝန်ကျေခဲ့သူပါ။ ဆရာကြီး ကွယ်လွန်သွားတယ်လို့ ကြားသိရတဲ့အချိန်မှာ ရခိုင်ပြည်သူလူထုနဲ့ မိသားစုများနဲ့အတူ ထပ်ထူဝမ်းနည်း ကြေကွဲခဲ့ရပါတယ်။ ဆရာကြီးကောင်းရာသုဂတိလားပါစေလို့ ရခိုင်ပြည်ဖွား ခမီလူငယ်တစ်ဦးအနေနဲ့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ကောင်းရာဘုံကို ရောက်ပါစေဆရာကြီး။ ဆရာကြီးကို ဆုံးရှုံးမှုကတော့ ရခိုင်ပြည်၏ ကြယ်ပွင့် (သို့မဟုတ်) တံတားကြီးတစ်ခု ပြိုကျသွားသလို မြင်မိပါတယ်"


မောင်နိုင် (ရမ္မာမြီ) (ပြည်ပရောက် ရခိုင်အမျိုးသား)

"ဝါရင့်နိုင်ငံရေးသမားတစ်ယောက်လည်းဖြစ်၊ ကဗျာဆရာတစ်ယောက်လည်းဖြစ်တဲ့ ဦးဦးလှစော ကွယ်လွန်အပေါ်မှာ ရခိုင်လူငယ်တစ်ဦးအနေနဲ့ ဆရာကြီးဆုံးရှုံးခြင်းသည် ရခိုင်လူမျိုးတစ်ရပ်လုံး၏ အစားထိုးမရတဲ့ ဆုံးရှုံးမှုတစ်ရပ်ဖြစ်ပါတယ်။ ဆရာဟာ နိုင်ငံရေးတစ်ခုတည်းမဟုတ်ဘဲ ရခိုင်ကဗျာဆရာတစ်ယောက်ဖြစ်ပါတယ်။ ဆရာကြီးဆုံးရှုံးသွားပေမယ့်လည်း ဆရာကြီးရဲ့ ကဗျာအငွေ့အသက်၊ ဆရာကြီးရဲ့ နိုင်ငံရေး မဖောက်မပြန်မှန်မှန်ကန်ကန်ဖြတ်သန်းခဲ့တဲ့ နိုင်ငံရေးအတွေ့အကြုံ၊ သူ့ရဲ့ဟောပြောခဲ့တဲ့ နိုင်ငံရေးစာပေတွေ၊ စကားလုံးတွေက ကျွန်တော်တို့ လူငယ်တွေအပေါ်မှာ လွှမ်းမိုးမှုရှိပြီးတော့ ရခိုင်ပြည်တည်တံ့နေသရွေ့ ဆရာကြီးရဲ့အငွေ့အသက်တွေက ကျန်ရှိနေမှာပါ။ ဆရာကြီးဆုံးရှုံးမှုအပေါ် အင်မတန်မှ ဝမ်းနည်းပါတယ်။ သို့ပေမယ့်လည်း ကျွန်တော်တို့ ရခိုင်လူထုတစ်ရပ်လုံး ယုံကြည်ထားတာက ဆရာသည် ရခိုင်တို့၏အသဲနှလုံးမြို့မြောက်ဦးကပေါ်ထွက်လာတဲ့ ဝါရင့်နိုင်ငံရေး၊ ကဗျာဆရာတစ်ဦးဖြစ်ပြီးတော့ ရခိုင်ပြည်ကို အလွန်တရာချစ်မြတ်နိုးသူတစ်ဦးဖြစ်တဲ့အတွက် ဆရာသည် ရခိုင်ရဲ့တစ်နေရာမှာ ပြန်လည်မွေးဖွားပြီး ရှင်သန်လာမယ်ဆိုတာ ကျွန်တော်တို့ ရခိုင်လူထုတစ်ရပ်လုံးက ယုံကြည်ထားတယ်။ ဒါကြောင့် ဒီနေ့ဝမ်းနည်းရပေမယ့်လည်း ဆရာသည် တာဝန်ကျေခဲ့တယ်။ ဂုဏ်ယူတယ်။ ရခိုင့်နိုင်ငံရေးလည်း သူမျှော်မှန်းထားတဲ့အတိုင်း အာရက္ခနိုင်ငံတော် ရောင်နီကိုလည်း သူမြင်ခဲ့ရတယ်။ ဒါကြောင့်လည်း ဆရာဆုံးရှုံးမှုကို ဝမ်းနည်းရပေမယ့်လည်း လုပ်ခဲ့တဲ့ ကဗျာတွေနဲ့ နိုင်ငံရေးအပေါ်မှာ ဂုဏ်ယူပါတယ်။ ဆရာသည် ရခိုင်မြေပြင်မှာ မွေးဖွားလာပါစေလို့ ကျွန်တော်ဝမ်းနည်းစကားဆိုပါရစေ။ ဆရာကြီး ဦးဦးလှစော ကွယ်လွန်ခြင်းအတွက် ဆုတောင်းစကားကတော့ ဆရာကဗျာအတိုင်းပါပဲ " ရီစက်ကုန်ဗျာလ်။ သံမှိုခတ်ဗျာလ်။ ဇာတ်လမ်းမပြီးသိမ့်ပါဝေ"ဆိုတဲ့အတိုင်း ဆရာကြီးဟာ အာရက္ခမြေပေါ်မှာ နောင်တစ်ချိန် ရှင်သန်မွေးဖွားလာမယ်ဆိုတာ ကျွန်တော်တို့ယုံကြည်ပါတယ်။ ဆရာကြီးကောင်းရာသုဂတိလားပါစေ"

===

ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.