ကြိုင်ဟိန်းလင်း၊ နိရဉ္စရာ၊ မေ ၆/ ၂၀၂၅
ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ ကျေးရွာများမှ နေအိမ်များကို ဖြိုဖျက်ပြီး ကျေးရွာသားများကို နှင်ထုတ်ထားသည့် စစ်ကောင်စီက ဒေသခံများအနေဖြင့် နေရပ်ပြန်လိုလျှင် ပြန်နိုင်ကြောင်း ထုတ်ဖော်ပြောကြားလာသည်ဟု သိရသည်။
ပြီးခဲ့သည့် ဧပြီလကုန်ခါနီးတွင် ရခိုင်ပြည်စစ်ကောင်စီဝန်ကြီးချုပ် ဦးထိန်လင်းနှင့်အဖွဲ့သည် စစ်တွေရှိ စစ်ဘေးရှောင်များခိုလှုံနေသည့် ဘုန်းတော်ကြီးကျောင်းအချို့သို့ရောက်ရှိခဲ့ပြီး ဦးထိန်လင်းက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်များက ပြောသည်။
သို့သော်လည်း အဆိုပါစစ်ဘေးရှောင်များတွင် နေအိမ်များမရှိတော့သည့်အတွက် နေရပ်ပြန်လိုသည့် စစ်ရှောင်ပြည်သူများအနေဖြင့်လည်း ပြန်နိုင်ခြင်း မရှိသေးဟု ဆိုသည်။
"စစ်ကောင်စီ တာဝန်ရှိသူတွေက နေပြီးတော့ စစ်ရှောင်တွေနေတဲ့ ဘုန်းကြီးကျောင်းတွေကို ရောက်လာတယ်။ ပြီးတော့ ရွာကိုပြန်ချင်တဲ့သူတွေ ပြန်လို့ရတယ်။ နေအိမ်တွေမှာတော့ မနေရဘူး။ ကယ်ဆယ်ရေးစခန်းဆောက်ပေးမယ်ဆိုပြီးတော့ ပြောတယ်" ဟုဆိုသည်။
စစ်ကောင်စီသည် စစ်တွေမြို့နယ်ရှိ ရခိုင်ဒေသခံများနေထိုင်ရာ ကျေးရွာများကို ၂၀၂၄ ခုနှစ်အတွင်း ဖြိုဖျက်ခဲ့ကာ ကျေးရွာသားများကိုလည်း ဖမ်းဆီးသတ်ဖြတ်မှုများရှိခဲ့သည်။
ထို့အပြင် ရွာသားများအားလည်း မိမိကျေးရွာအတွင်း နေထိုင်ခွင့် မပေးဘဲ စစ်တွေမြို့တွင်းသို့ အတင်းအဓမ္မ စေလွှတ်ခဲ့သည့်စစ်ကောင်စီက ယခုအခါ မိမိကျေးရွာအတွင်း ပြန်နေထိုင်လိုလျှင် နေထိုင်၍ရကြောင်း ပြောကြားခဲ့သည်ဟု စစ်တွေမြို့ ဘုန်းတော်ကြီးကျောင်းတစ်ခုတွင် စစ်ဘေးရှောင်နေသည့် စစ်ရှောင်တစ်ဦးက ပြောသည်။
ကျေးရွာသားများကို နှင်ထုတ်ခဲ့ပြီး ယခုအချိန်တွင် ပြန်လည်နေထိုင်ခွင့်ပြုသည်မှာ ဓားစာခံသဖွယ်ထားနိုင်သည်ဟု သူက ဆက်လက်ပြောဆိုသည်။
"အရင်တုန်းကကျတော့ ကျမတို့ကို နှင်ထုတ်တယ်။ ကျေးရွာတွေမှာ မနေရဘူး။ ပြီးတော့ ရွာတွေကို ဖျက်တယ်။ နေအိမ်တွေကို ဖြိုဖျက်ရောင်းချပြီးတော့မှ ပြန်ခွင့်ပြုတယ်ဆိုတာက AA က လာတိုက်ရင် အရင်ဆုံး ကျမတို့ကို ဒိုင်းကာသဖွယ် လုပ်နိုင်ပါတယ်" ဟု ပြောသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ မေလ ၂၉ ရက်နေ့က စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာသို့ ဝင်ရောက်လာခဲ့ပြီး လူပေါင်း ၇၈ ဦးကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပြီးနောက် လူပေါင်းရာနှင့်ချီကို မတရား ဖမ်းဆီးအကျဉ်းချခဲ့သည်။
ထို့အပြင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်းကလည်း ပျားလည်ချောင်း၊ သင်းပုန်းတန်း၊ အုန်းရေဖော်၊ ရေချမ်းပြင်၊ အောင်ဒိုင်၊ ကျက်တောပြင် အစရှိသည့် ကျေးရွာများရှိ ရွာသားများကိုလည်း ကျေးရွာတွင်းမှ နှင်ထုတ်ခဲ့သည်။
စစ်ကောင်စီတပ်က စစ်တွေမြို့ပြင်တွင်တည်ရှိသည့် ရခိုင်ကျေးရွာများမှရွာသားများအား အတင်းအဓမ္မနှင်ထုတ်ပြီး ပြည်သူများ စစ်ရှောင်ဘဝဖြင့် ရွာကို စွန့်ခွာနေကြရချိန်တွင် နေအိမ်များကိုရွာလုံးကျွတ်နီးပါး ဖြိုဖျက်ထားသည်ကို Google Map တွင်လည်း တွေ့ရသည်။
အဆိုပါ လူနေအိမ်များသည် စစ်ကောင်စီ စစ်သားများက ဖြိုဖျက်ပြီး ရောင်းချထားသော နေအိမ်များ ဖြစ်ပြီး ယင်းကျေးရွာများအထဲတွင် စစ်တွေမြို့ရှိ ဆတ်ရိုးကျချောင်းတစ်ဖက်ကမ်းမှ ရွှေပြည်သာ၊ ကျေးတောရွာမ၊ ကျေးတောပိုက်ဆိပ်ရွာတို့လည်း ပါဝင်ကြောင်း ကျေးရွာသားများက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
အဆိုပါကျေးရွာများမှ ကျေးရွာသားများသည် စစ်ကောင်စီ၏ အဓမ္မနှင်ထုတ်ခံခဲ့ရခြင်းကြောင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ဒုတိယအပတ်တွင် ရွာကိုစွန့်ခွာခဲ့ကြရပြီး စစ်တွေမြို့ထဲမှ ဘုန်းတော်ကြီးကျောင်းများတွင် ဖြစ်သလိုနေထိုင်နေကြရသည်ဟု သိရသည်။
အချို့လည်း ရခိုင်လွတ်မြောက်နယ်မြေများသို့ တိမ်းရှောင်သွားခဲ့ကြသည်။
ဒေသခံများ၏နေအိမ်များအား ဖြိုဖျက်ထားသောကျေးရွာများ၏ အနီးပတ်ဝန်းကျင်တွင် စစ်ကောင်စီတပ်က ဂိတ်စခန်းများချထားပြီး တပ်စွဲနေထိုင်မှုများရှိနေကြောင်းလည်း ဒေသခံများက နိရဉ္စရာကို ပြောဆိုထားသည်။
စစ်ကောင်စီတပ်သည် ပြည်သူများ၏ အိုးအိမ်စည်းစိမ်များကို ကာကွယ်ပေးရမဲ့အစား မင်းမဲ့စရိုက်ဆန်ဆန် ပြည်သူပိုင်နေအိမ်များကိုဖြိုဖျက်ရောင်းစားသည့်လုပ်ရပ်များကြောင့် စစ်ကောင်စီအပေါ် နာကျည်းမှု ပိုမိုများပြားလာသည်ဟု ဒေသခံပြောကြားသည်။
ဓာတ်ပုံ - စစ်တွေရှိ ဘုန်းကြီးကျောင်းတစ်ခုတွင် ဝင်ရောက်ခိုလှုံနေရသည့် စစ်ဘေးရှောင်အချို့အား တွေ့ရစဉ်။ (ပုံဟောင်း)
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။