နိရဉ္စရာ၊ မေ ၆/၂၀၂၅
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် လယ်တဲကိုသွားရာမှ မိုင်းနင်းမိ၍ သက်ကြီးပိုင်းအရွယ်အမျိုးသားတစ်ဦး ခြေထောက်ပြတ်သွားကြောင်း သတင်းရရှိသည်။
မိုင်းနင်းမိသူမှာ တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်မှ ဦးကျော်ထွန်း အသက် (၇၂)နှစ်ဖြစ်သည်။
ဦးကျော်ထွန်းသည် ယနေ့ မေလ ၆ရက်နေ့ တောင်ကုတ်မြို့နယ်၊ စကခ(၅)ဌာနချုပ်အနီးရှိ မိမိ၏ လယ်တဲကို ဇနီးဖြစ်သူနှင့်အတူသွားရာမှ စကခ(၅)ဌာနချုပ်ပတ်ဝန်းကျင်အနီးတွင်ထောင်ထားသည့်မိုင်းကိုနင်းမိခြင်းဖြစ်သည်ဟု တောင်ကုတ်ဒေသခံအမျိုးသမီးတစ်ဦးက နိရဉ္စရာ ကိုပြောသည်။
"သူ့ဇနီးနဲ့တူတူသွားတာမှာ သူကနင်းမိသွားတာပါ။ ညာဖက်ခြေထောက်ပြတ်ထွက်သွားတယ်။ ဒဏ်ရာပြင်းပါတယ်" ဟုပြောသည်။
စစ်ကောင်စီတပ်စွဲခဲ့သည့် စကခ(၅) အနီးတွင် မြေမြှုပ်မိုင်း မကြာခဏနင်းမိ၍ သေဆုံးဒဏ်ရာရသူများနေသဖြင့် အာရက္ခတပ်တော်(AA)ကို မိုင်းရှင်းလင်းပေးလိုစေသည်ဟု သူကပြောသည်။
"စကခ(၅)တပ်မနားမှာ မိုင်းနင်းမိတဲ့သူများနေပါပြီ။ ဝမ်းရေးအတွက်ဟင်းရှာရတဲ့လူတွေက ပိုထိခိုက်တယ်။ အာရက္ခတပ်တော်ကို စကခ (၅)ဖက်ကိုလည်းမိုင်းရှင်းလင်းပေးဖို့အထူးတောင်းဆိုချင်ပါတယ်။ တခြားနေရာမှာတော့ ရှင်းလင်းပေးတာတွေရှိပါတယ်" ဟု ပြောသည်။
တောင်ကုတ်တွင် ဧပြီလမှစပြီး အာရက္ခတပ်တော်(AA)မှ စစ်ကောင်စီတပ်စွဲခဲ့သည့်နေရာနှင့်လမ်းများရှိ မြေမြှုပ်မိုင်းများကို ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ရှင်းလင်းရာတွင် ဧပြီလ ၅ ရက်နေ့မှ မေလ ၁ ရက်နေ့အထိ AA က စစ်ကောင်စီထောင်ထားသည့် မိုင်း အလုံးရေ ၂၀၀ ကျော်ကိုရှင်းလင်းပေးနိုင်ခဲ့ကြောင်း AA နှင့်နီးစပ်သူများက ပြောသည်။
ရခိုင်ပြည်တွင် ဇန်နဝါရီမှ ဧပြီလအထိ လေးလအတွင်း စစ်ကျန်လက်နက်များပေါက်ကွဲမှုကြောင့် အရပ်သား ၁၃ ဦးသေဆုံးပြီး ၅၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိရဉ္စရာသတင်းဌာနက ကောက်ယူထားသည့် စစ်တမ်းအရ သိရသည်။