Preview

မောင်တောဒေသခံ မွတ်ဆလင်သုံးဦးအား ARSA အကြမ်းဖက်အဖွဲ့လက်ထဲမှ AA ကယ်တင်နိုင်ခဲ့

နောင်မင်းသူ | မေ ၀၇/ ၂၀၂၅ | ကြည့်ရှုသူ :7428
ရခိုင် သတင်း

(ARSA နှစ်ဦးကိုပါ လက်နက်နှင့်အတူ AA ဖမ်းမိ)

နောင်မင်းသူ၊ နိရဉ္စရာ၊ မေ ၇ / ၂၀၂၅

ARSA အကြမ်းဖက်အဖွဲ့ထံဖမ်းဆီးခံခဲ့ရသည့် ရခိုင်ပြည်၊ အနောက်ဖက်နယ်စပ် မောင်တောမြို့နယ်မြောက်ပိုင်းမှ မွတ်ဆလင်သုံးဦးကို အာရက္ခတပ်တော်(AA)က စစ်ဆင်ရေးပြုလုပ်ပြီး ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

ကယ်တင်ခံလိုက်ရသူသုံးဦးမှာ မောင်တောမြို့နယ်၊ ကျောက်ချောင်းမွတ်ဆလင်ကျေးရွာမှ မာမတ်အာယု (၄၂)နှစ်၊ အီလိယာစ် (၂၆) နှစ်နှင့် ဂေါ်ဖုရ်အာလာမ် (၄၇)နှစ်တို့ဖြစ်ကြကြောင်း သိရသည်။

သူတို့ကို ARSA က ဖမ်းဆီးသွားပြီးနောက် AA က ARSA အဖွဲ့များ ဝင်ထွက်နိုင်သည့် ကွမ်းသီးပင်ကျေးရွာအုပ်စုနှင့် လိပ်ရကျေးရွာအုပ်စုများတွင် လိုက်လံရှာဖွေစဥ် မေလ ၅ ရက်တွင် ARSA အကြမ်းဖက်အဖွဲ့လက်ထဲမှ ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ကျောက်ချောင်းဒေသခံမွတ်ဆလင်လူကြီးတစ်ဦးက နိရဉ္စရာကို ပြောသည်။

"သူတို့ကို ဖမ်းဆီးသွားတဲ့ ARSA အဖွဲ့ကို AA ဖက်က စစ်ဆင်ရေးပြုလုပ်ပြီး ပိုက်စိပ်တိုက် လိုက်လံရှင်းလင်ပြီးကယ်တင်‌ပေးနိုင်ခဲ့တာ"ဟု ပြောသည်။

သူတို့သုံးဦးကို မေလ ၄ ရက်နေ့ ၊ ညနေပိုင်းတွင် ARSA အကြမ်းဖက်အဖွဲ့ဝင် ၁၀ ဦးခန့်က ကျောက်ချောင်းကျေးရွာထဲသို့ဝင်ရောက်လာပြီး AA သတင်း‌ ပေးများဟုစပ်စွဲကာ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

သူတို့သုံးဦးအား AA က ကယ်တင်စဥ် ARSA အဖွဲ့ဝင်နှစ်ဦးကိုပါ လက်နက်များနှင့်အတူ မောင်တောမြို့နယ်၊ လိပ်ရမွတ်ဆလင်ကျေးရွာအနီးတွင် လက်ရဖမ်းမိခဲ့ကြောင်း သတင်ရင်းမြစ်က‌ ပြောဆိုသည်။

"ARSA အဝင်အထွက်ပြုလုပ်နိုင်တဲ့နေရာတွေကို AA ဖက်က စစ်ဆင်ရေးပြုလုပ်တယ်။ ဖမ်းဆီးရခံရသူသုံးဦးကို ကယ်နိုင်လိုက်တယ်။ ARSA အဖွဲ့ဝင်အချို့ကိုရှင်းလင်းပြီး နှစ်ဦးကို လက်ရဖမ်းဆီးနိုင်ခဲ့တယ်"ဟု ပြောဆိုသည်။

နယ်စပ်မြို့ဖြစ်သည့် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့အား AA က စစ်ကောင်စီလက်အောက်မှ သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီ၏ လက်ကိုင်တုတ် အကြမ်းဖက်အဖွဲ့များဖြစ်ကြသည့် ARSA၊ RSO၊ ARA အဖွဲ့သည် အဆိုပါဒေသများတွင် AA တပ်ဖွဲ့ဝင်များအား ခြုံခိုတိုက်ခိုက်ခြင်း၊ ဒေသခံပြည်သူများအား ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲသတ်ဖြတ်ခြင်း၊ အဓမ္မပြုကျင့်ခြင်းများပြုလုပ်ပြီး ဒေသတွင်းဆူပူမှုများဖြစ်ပွားလာအောင် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်လျက်ရှိနေကြကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့်မတ်လ ၂၉ ရက်ကလည်း မောင်တောမြို့နယ်၊ မြဝတီကျေးရွာမှ ဘူးသီးတောင်မြို့နယ်၊ အောက်ဂန္ဒရူးကျေးရွာသို့ပြန်လာသည့် ခမီအမျိုးသားလေးဦးကိုလည်း ARSA အဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။

ဓာတ်ပုံ - ARSA လက်ထဲမှ AA ကယ်တင်နိုင်ခဲ့သည့် ကျောက်ချောင်းကျေးရွာသားသုံးဦးအား တွေရစဉ်။ (Photo-APM)
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#မွတ်ဆလင်#ARSA#AA
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.