Preview

အပစ်ခတ်ရပ်ကြောင်း ထုတ်ပြန်သည့်နေ့ စစ်ကောင်စီက ကျောက်ဖြူတွင် အသေခံဒရုန်းဖြင့်ပစ်ခတ်၍ ရွာနှစ်ရွာမီးလောင်

သဉ္ဇာနွယ် | မေ ၀၇/ ၂၀၂၅ | ကြည့်ရှုသူ :1709
ရခိုင် သတင်း

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ မေ ၇/၂၀၂၅

စစ်ကောင်စီမှ ဒုတိယအကြိမ် အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်သည့် ယမန်နေ့တွင် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်တိုက်နယ်ရှိ စစ်ကောင်စီ၏ ဓညဝတီရေတပ်ဌာနချုပ်က အသေခံဒရုန်းနှင့်လက်နက် နှစ်မျိုးလုံးဖြင့် ပစ်ခတ်၍ ရွာနှစ်ရွာ မီးလောင်သွားခဲ့ကြောင်း သတင်းရရှိသည်။

မီးလောင်သွားသည့်ရွာနှစ်ရွာမှာ ကျောက်ဖြူမြို့နယ်၊ အချွန်းရွာနှင့် သပြုတောင်ရွာတို့ဖြစ်ကြသည်။

ယမန်နေ့ မေလ ၆ ရက်၊ ညနေပိုင်းတွင် စစ်ကောင်စီ၏ ဓညဝတီရေတပ်ဌာနချုပ်က အသေခံဒရုန်းအပြင် လက်နက်ကြီးကျည်များဖြင့် အဆိုပါကျေးရွာများကိုပစ်ခတ်ခဲ့မှုကြောင့် လူနေအိမ်များ မီးလောင်ပျက်စီးခဲ့ရသည်ဟု ကျောက်ဖြူဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"မနေ့က ညနေ ၃ နာရီကနေ ၄ နာရီကြားပစ်ခတ်ခဲ့တဲ့အချိန်မှာ ကျရောက်ခဲ့တာ။ နေအိမ်တွေမီးလောင်ခဲ့တယ်။ လူအထိအခိုက်မသိရသေးဘူး" ဟုပြောသည်။

blob
နေအိမ်မီးလောင်သည့်အရေအတွက်နှင့် လူအသေအပျောက်ကို နိရဉ္စရာက ဆက်လက်စုံစမ်းဆဲဖြစ်သည်။

အဆိုပါကျေးရွာများတွင် မည်သည့်တိုက်ပွဲမှဖြစ်ပွားခြင်းမရှိသည့်အပြင် အပစ်ခတ် တစ်လတိုးမြှင့်ရပ်စဲကြောင်းထုတ်ပြန်ထားချိန်တွင် စစ်ကောင်စီဖက်က တစ်ဖက်သတ်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး သူတို့ကတိကဝတ်ကို သူတို့ကိုယ်တိုင်ချိုးဖောက်ရာရောက်သည်ဟု

အာရက္ခတပ်တော်(AA)နှင့်နီးစပ်သူအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"မနေ့ကပဲထုတ်ပြန်တယ်။ ထုတ်ပြန်တဲ့နေ့ လက်နက်ပစ်တယ်။ အဲဒါ စစ်ကောင်စီရဲ့လုပ်ရပ်ပဲ။ အပြောနဲ့အလုပ်မညီဘူး။ ကလေးကလားဆန်တဲ့လုပ်ရပ်ဖြစ်တယ်" ဟုပြောသည်။

စစ်ကောင်စီက အပစ်ခတ်ရပ်စဲရေးကာလကို မေလ ၆ ရက်နေ့မှ ၃၁ ရက်နေ့အထိ တစ်လထပ်မံတိုးမြှင့ကြောင်း ထုတ်ပြန်ခဲ့သည်။

ကျောက်ဖြူတွင် အမှတ် (၃၂)ရဲတပ်ရင်းလည်း AA ၏ ဝိုင်းရံပိတ်ဆို့ခြင်းကိုခံထားရပြီး ဓညဝတီရေတပ်ဌာနချုပ်အနီးတွင်လည်း စစ်ရေးတင်းမာမှုလည်းရှိနေကြောင်း သိရသည်။

စစ်ကောင်စီ၏နောက်‌ဆုံးလက်ကျန်ဖြစ်သည့် စစ်တွေ၊ မာန်အောင်၊ ကျောက်ဖြူမြို့အနက် တရုတ်စီမံကိန်းများတည်ရှိရာ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီ၏ အင်အားဖြည့်တင်ခြင်းနှင့် စစ်ကြောင်းထိုးမှုများကြောင့် နေ့စဉ်နှင့်အမျှ တိုက်ပွဲများလည်းရှိနေကြောင်း သိရသည်။
 
Photo- ပေးပို့
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ကောင်စီ#အပစ်အခတ်ရပ်စဲရေးကြေညာ#မီးရှို့ ခံရ#ဓညဝတီရေတပ်ဌာနချုပ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.