Preview

မြောက်ဦးမြို့နယ်တွင် ထင်းခွေသွားသည့် ဆယ်ကျော်သက်လူငယ်နှစ်ဦး မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရ

ကြိုင်ဟိန်းလင်း | မေ ၀၇/ ၂၀၂၅ | ကြည့်ရှုသူ :1978
ရခိုင် သတင်း

ကြိုင်ဟိန်းလင်း၊ နိရဉ္စရာ၊ မေ ၇/ ၂၀၂၅

ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်တွင် ထင်းခွေရန်သွားသည့် ဆယ်ကျော်သက်အရွယ် လူငယ်နှစ်ဦးသည် ယနေ့နံနက်က မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာ ရရှိသွားကြောင်း သိရှိရသည်။

မိုင်းနင်းမိပြီး ဒဏ်ရာရရှိသွားသူနှစ်ဦးမှာ မြောက်ဦးမြို့နယ်၊ ထိပ်ဝပြင်ကျေးရွာမှ (၁၈)နှစ်အရွယ် မချယ်ရီသန်းနှင့် မောင်ခန့်ကျော်ဌေး (၁၄)နှစ်တို့ ဖြစ်ကြသည်။

သူတို့သည် ယနေ့ မေလ ၇ ရက်၊ နံနက် ၇ နာရီခန့်က ကျေးရွာအနီး လင်းမြွေတောင် တောင်တန်းသို့ ထင်းခွေရန်သွားစဉ်တွင် မိုင်းနင်းမိခြင်းဖြစ်သည်။

မိုင်းနင်းမိမှုကြောင့် မချယ်ရီသန်း၏ ဘယ်ဖက်ခြေတစ်ဖက် ပြတ်ထွက်သွားခဲ့ပြီး ညာဖက်ပေါင်နှင့် ဘယ်ဖက်လက်တို့တွင် ပြင်းထန်ဒဏ်ရာရရှိခဲ့သလို မောင်ခန့်ကျော်ဌေးမှာလည်း ဝမ်းဗိုက်ပေါက်ထွက်သွားခဲ့ပြီး ဒဏ်ရာပြင်းထန်သည်ဟု သိရသည်။

လက်ရှိတွင် ပြင်းထန်ဒဏ်ရာရရှိသွားသည့် အဆိုပါ လူငယ်နှစ်ဦးသည် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

မြောက်ဦးမြို့အား အာရက္ခတပ်တော် (AA)က မသိမ်းပိုက်မီတွင် စစ်ကောင်စီတပ်သည် သင်းကျိတ်တော်တောင်တန်းနှင့် လင်းမြွေတောင် တောင်တန်းတို့၌ အခိုင်အမာတပ်စွဲနေထိုင်ခဲ့ရာ ယခု ပေါက်ကွဲသွားသည့်မိုင်းမှာ စစ်ကောင်စီတပ်က ထောင်းထားခဲ့သည့် မိုင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ယမန်နေ့ မေလ ၆ ရက်နေ့ကလည်း တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်ထောင်ထားသည့် မိုင်းကို နင်းမိပြီး သက်ကြီးပိုင်းအမျိုးသားတစ်ဦး ခြေထောက်ပြတ်ထွက်သွားခဲ့သည်။

ရခိုင်ပြည်သူအများစုမှာ ယခင်ကတည်းက တောတောင်များကို မှီခိုစားသောက်လာကြရာ စစ်ကောင်စီတပ်စခန်းချထားသည့် နေရာများတွင် မိုင်းအန္တရာယ်ဖြစ်ပွားမည်ကို စိုးရိမ်မိသော်လည်း ဝမ်းရေးအတွက် ဟင်းခူး၊ ထင်းခွေအလုပ်ကို လုပ်ကိုင်စားသောက်နေကြရသည်ဟု ပြည်သူများက ဆိုသည်။

ရခိုင်ပြည်တွင် ဇန်နဝါရီမှ ဧပြီလအထိ လေးလအတွင်း စစ်ကျန်လက်နက်များပေါက်ကွဲမှုကြောင့် အရပ်သား ၁၃ ဦးသေဆုံးပြီး ၅၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိရဉ္စရာသတင်းဌာနက ကောက်ယူထားသည့် စစ်တမ်းအရ သိရသည်။

Photo - ABSDF

---

ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#မိုင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.