Preview

ရခိုင့်ဝါရင့်နိုင်ငံရေးသမား ဦးဦးလှစောကွယ်လွန်မှု အဖွဲ့အစည်းအချို့ ဝမ်းနည်းကြောင်းထုတ်ပြန်

မောင်စာဂ | မေ ၀၇/ ၂၀၂၅ | ကြည့်ရှုသူ :610
ရခိုင် သတင်း

မောင်စာဂ၊ နိရဉ္စရာ၊ မေ ၇/၂ဝ၂၅

ရခိုင့်ဝါရင့်နိုင်ငံရေးသမား ဦးဦးလှစောကွယ်လွန်သွားမှုအပေါ် အဖွဲ့အစည်းအချို့က ဝမ်းနည်းကြောင်း ထုတ်ပြန်လိုက်ကြသည်။

ရက္ခိုင်အစည်းအရုံး(ဂျပန်)နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) တို့က ယနေ့ မေလ ၇ ရက်တွင်လည်းကောင်း၊ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC)၊ မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar)နှင့် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ယမန်နေ့ မေလ ၆ ရက်တွင်လည်းကောင်း အသီးသီး ထုတ်ပြန်ခဲ့ကြခြင်းဖြစ်သည်။

ရက္ခိုင်အစည်းအရုံး(ဂျပန်)၏ ဝမ်းနည်းကြောင်း ထုတ်ပြန်ချက်တွင် ဦးဦးလှစောကွယ်လွန်သွားကြောင်း ကြားသိရသည့်အတွက် ရက္ခိုင်အစည်းအရုံး(ဂျပန်)အနေဖြင့် အာရက္ခပြည်သူလူထုနှင့်ထပ်တူ အထူးဝမ်းနည်းကြေကွဲရသည်ဟု ဖော်ပြထားသည်။

“ဆရာကြီးဦးဦးလှစောသည် မြေပေါ်၊ မြေအောက် နိုင်ငံရေးလှုပ်ရှားမှုများ၊ လူထုတိုက်ပွဲပါဝင်ဆင်နွှဲမှုများ၊ ပါတီနိုင်ငံရေးဖြတ်သန်းမှုများ၊ လွှတ်တော်အမတ်ဘဝဖြတ်သန်းမှုများ၊ တော်လှန်ရေးဘဝဖြတ်သန်းမှုများ၊ မြန်မာစာပေလောကနှင့် ရက္ခိုင်စာပေလောကတွင် ကလောင်အစွမ်းထက်မှု၊ တက္ကသိုလ်ကျောင်းသားဘဝမှ မကွယ်လွန်ခင်အချိန်ထိ အာရက္ခပြည်အတွက် ဆရာကြီး၏ အနစ်နာခံပေးဆပ် ကြိုးစားဆောင်ရွက်ခဲ့မှုများကို မိမိတို့ရက္ခိုင်အစည်းအရုံး(ဂျပန်)အနေဖြင့် ဦးညွတ်ဂါရဝပြု မှတ်တမ်းတင်အပ်ပါသည်”ဟု ဖော်ပြထားသည်။

ဆရာကြီးဦးဦးလှစောသည် အာရက္ခပြည်နှင့် ပြည်သူလူထုတစ်ရပ်လုံးအတွက် ရှေ့ဆောင်လမ်းပြ ကြယ်နီကြီးဖြစ်သလို ဆရာကြီးလျှောက်လမ်းခဲ့သည့် ရက္ခိတလမ်းစဉ်အတိုင်း အာရက္ခပြည်တည်ဆောက်ရေးလုပ်ငန်းများတွင် ကြိုးစားဆောင်ရွက်သွားမည်ဟု ရက္ခိုင်အစည်းအရုံး(ဂျပန်)က ရေးသားထားသည်။

အလားတူ ABSDF ၏ ထုတ်ပြန်ချက်တွင်လည်း “စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ ရခိုင်အမျိုးသားထုလွတ်မြောက်ရေး၊ လူမျိုးပေါင်းစုံတိုင်းရင်းသားပြည်သူများ၏ မွေးရာပါအခွင့်အရေးများနှင့် အမျိုးသားလွတ်လပ်ခွင့်၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်များအတွက် ကျရာတာဝန်များကိုထမ်းဆောင်ရင်း တိုက်ပွဲနည်းလမ်းမျိုးစုံဖြင့် တိုက်ပွဲဝင်သွားခဲ့သည့် ဦးဦးလှစောအား ရခိုင်အမျိုးသားခေါင်းဆောင်ရဲဘော်များနှင့်အတူ ဂုဏ်ယူစွာဖြင့် မှတ်တမ်းတင်အပ်ပါသည်”ဟု ဖော်ပြထားသည်။

အထူးသဖြင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် နွေဦးတော်လှန်ရေးထိုးစစ်ကာလတွင် လူမျိုးပေါင်းစုံ ပြည်သူတစ်ရပ်လုံး တိုက်ပွဲဝင်နေချိန် ယခုကဲ့သို့ ကြွေလွင့်သွားခြင်းအတွက် နှမြောတသဖြင့် အလေးအမြတ်အလေးပြုသည်ဟုလည်း ABSDF က ဆိုထားသည်။

AASYC ၏ ယမန်နေ့ ထုတ်ပြန်ချက်တွင်လည်း ဦးဦးလှစော (ခ) မောင်ခိုင်အောင်သည် လူငယ်ကျောင်းသားဘဝကပင် နိုင်ငံရေးလှုပ်ရှားမှုဖြင့် စစ်အာဏာရှင်လက်ထက် အကြိမ်ကြိမ် ဖမ်းဆီးထောင်ကျခံခဲ့ရသူတစ်ဦးဖြစ်ပြီး ကျောင်းသားနိုင်ငံရေး၊ ပါတီနိုင်ငံရေး၊ လွှတ်တော်နိုင်ငံရေး၊ ကျူရှင်ဆရာ၊ စာရေးဆရာနှင့် ကဗျာဆရာ စသည့်ဘဝမျိုးစုံကို ဖြတ်သန်းခဲ့သူတစ်ဦးလည်း ဖြစ်သည်ဟု ဖော်ပြထားသည်။

"၂၀၁၀ ခုနှစ်တွင် ရခိုင်တိုင်းရင်း သားများတိုးတက်ရေးပါတီ (RNDP) ၏ အထွေထွေအတွင်းရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး RNDP နှင့် ALD ပါတီပေါင်းစည်းပြီး ရခိုင်အမျိုးသားပါတီ (ANP) ၏ မူဝါဒရေးရာဦးဆောင် ကော်မတီဝင်အဖြစ်လည်းကောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မြောက်ဦး မြို့နယ် မဲဆန္ဒနယ်မှ ရွေးချယ်ခံခဲ့ရသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်းတဦးလည်းဖြစ်ပါသည်"ဟုလည်း ဖော်ပြထားသည်။

(၂၀၁၆-၂၀၂၀) လွှတ်တော်သက်တမ်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကြီးစိုးသည့် လွှတ်တော်နိုင်ငံရေးကာလ ရခိုင်လူမျိုးများအပေါ် NLD အစိုးရ၏ ပါတီကြီး၊ လူမျိုးကြီးဝါဒီများဖြင့် နိုင်ငံရေးအရ အနိုင်ကျင့်ဖိနှိပ်မှု၊ ခွဲခြားဆက်ဆံခဲ့မှုတို့ကို ဦးဦးလှစောမှ လွှတ်တော်ထဲတွင် ရခိုင်ပြည်နှင့် ရခိုင်ပြည်သူများ၏ အကျိုးစီးပွား၊ အခွင့်အရေးများအတွက် ရဲရဲဝံ့ဝံ့ ဝေဖန်ထောက်ပြ အဆိုတင်သွင်းမှုများကြောင့် ထင်ရှားသည့် လွှတ်တော်အမတ်အဖြစ် နာမည်ကျော်ကြားခဲ့သူ တဦးလည်းဖြစ်သည်ဟု ဆိုထားသည်။

"ဦးဦးလှစော (ခ) မောင်ခိုင်အောင်၏ အမျိုးသားနိုင်ငံရေး၊ တော်လှန် ရေးအပေါ် ပေးဆပ်အနစ်နာခံမှုနှင့် ကြိုးစားအားထုတ်မှုများကို မိမိတို့ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) မှ မှတ် တမ်းတင်ဂုဏ်ပြုအပ်ပါသည်"ဟုလည်း ထည့်သွင်းဖော်ပြထားသည်။

ISP-Myanmar ၏ ယမန်နေ့ကထုတ်ပြန်ချက်တွင် “ရခိုင်ဝါရင့်နိုင်ငံရေးသမားတဦးဖြစ်သော ဦးဦးလှစော (ကဗျာဆရာ မောင်ခိုင်အောင်) ကွယ်လွန်ခဲ့ ခြင်းအတွက် မိသားစုနှင့်အတူ ထပ်တူဝမ်းနည်းရပါသည်”ဟု ဖော်ပြထားသည်။

ယင်းအပြင် ဦးဦးလှစောသည် ISP-Myanmar က ပြုလုပ်သော သုတေသန ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲများ၊ နှီးနှော ဖလှယ်ပွဲများနှင့် ပုံနှိပ်ထုတ်ဝေခြင်းများတွင် စဉ်ဆက်မပြတ် ပါဝင်ရေးသားလေ့ရှိသူ ဖြစ်သည်ဟု ဖော်ပြထားသည်။

ဦးဦးလှစော ဆွေးနွေးခဲ့သည်များထဲမှ တခုအဖြစ် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်က မန္တလေးမြို့တွင် ပြုလုပ်ခဲ့သော "ခါးပတ်တကွင်း လမ်းတစင်း၊ မြန်မာ့အကျိုးစီးပွား အသာရစေဖို့" [Belt and Road Initiative (BRI): How can Myanmar maximize its national interests?] ယောမင်းကြီးဇရပ် စကားဝိုင်း ဆွေးနွေး တွင် ပြောကြားခဲ့သည့်ရုပ်သံဖိုင်များကိုလည်း ISP-Myanmar ၏ လူမှုကွန်ရက်စာမျက်နှာတွင် အမှတ်တရအဖြစ် ပြန်လည်ဖော်ပြထားသည်ကို တွေ့ရသည်။

ရက္ခိုင်ပြည်ကျောင်းသမဂ္ဂ၏ ယမန်နေ့ ထုတ်ပြန်ချက်တွင်လည်း ဆရာကြီးဦးဦးလှစောသည် အာရက္ခပြည်အမျိုးသားလွတ်မြောက်ရေးနှင့် ပြည်မလူထုတော် လှန်ရေးခရီးအရှည်ကြီးကို မဆလ၊ နဝတ၊ နအဖ၊ ဒီမိုကရေစီအယောင်ပြစစ်အစိုးရခေတ်နှင့် လက်ရှိ နွေဦးတော်လှန်ရေးအထိ ခေတ်အဆက်ဆက်တွင် စစ်အစိုးရအဆက်ဆက်ကို နိုင်ငံရေးအကျဉ်းသား ဘဝ၊ စာရေးဆရာဘဝ၊ ကဗျာဆရာဘဝ၊ စစ်မှန်ရိုးသားသော ရက္ခိုင့်ဝါရင့် နိုင်ငံရေးသမားဘဝ၊ တော်လှန်ရေးသမားဘဝ ဖြတ်သန်းမှုတို့ဖြင့် ရက္ခိုင်ကျောင်းသားလူငယ်ထုကိုသာမက ပြည်မ ကျောင်းသားသမဂ္ဂအင်အားစုများနှင့် နိုင်ငံရေးတော်လှန်ရေး အင်အားစုများကို စံပြုရလောက်စေသော ပြည်မလူထုအခွင့်အရေးနှင့် အာရက္ခလူထု လွတ်မြောက်ရေး တို့အတွက် တိုက်ပွဲဝင်ခဲ့သော အာရက္ခကြယ်နီကြီး ဖြစ်သည်ဟု ဖော်ပြထားသည်။

“ကျွန်ုပ်တို့၏ သမဂ္ဂစီနီယာရဲဖော်ကြီး ကျောင်းသားခေါင်းဆောင်ဟောင်း ဆရာကြီးဦးဦးလှစော၊ ကလောင်နာမည်- မောင်ခိုင်အောင်(စစ်တွေ)သည် စစ်အစိုးရစနစ်အဆက်ဆက်၏ အခက်အခဲ ဖိနှိပ်မှုပေါင်းစုံကို နည်းလမ်းမျိုးစုံဖြင့် ရင်ဆိုင်တွန်းလှန်ခဲ့သည်မှာ ဆရာကြီး၏ ကျောင်းသားလှုပ်ရှားမှုများ၊ လူထုလှုပ်ရှားမှုများ၊ ရေးသားခဲ့သောစာများ၊ ဖြတ်သန်းမှုများ၊ တော်လှန်ရေးကျင့်ဝတ်များနှင့် မတရားမှုကိုမည်သည့်နေရာတွင်မှာမှ လက်ပိုက်ကြည့်မနေတတ်သော အာရက္ခသားဗီဇများက သမိုင်းမော်ကွန်းဝင် မှတ်တိုင်စိုက်ထူ ခဲ့ပြီးဖြစ်သည်ဟု ကျွန်ုပ်တို့ရက္ခိုင်ပြည်ကျောင်းသမဂ္ဂမှ မှတ် တမ်းတင်အပ်ပါသည်”ဟု ဆိုထားသည်။

ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂအနေဖြင့်လည်း ဆရာကြီးဦးဦးလှစော လျှောက်လှမ်းခဲ့သော ရက္ခိတလမ်းစဉ်၊ ပြည်မလူထုဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေးလမ်းစဉ်များနှင့် ၎င်း၏ တော်လှန်ရေး ကျင့်ဝတ်လမ်းစဉ်များအတိုင်း မမှိတ်မသုန် ဆက်လက်ချီတက်သွားမည်ဟုလည်း ဖော်ပြထားသည်။

ဆရာဦးဦးလှစော(ခေါ်) စာရေးဆရာ၊ ကဗျာဆရာ မောင်ခိုင်အောင်သည် မေလ ၅ ရက်၊ ည ၁၁ နာရီခွဲခန့်တွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

လည်ချောင်းကင်ဆာရောဂါကို အိန္ဒိယနိုင်ငံရှိ ဆေးရုံတစ်ခုတွင် ဆေးကုသမှုခံယူနေစဉ် ကွယ်လွန်သွားခြင်းလည်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် (၇၂) နှစ်ရှိပြီဖြစ်သည်။

ဆရာဦးဦးလှစောကွယ်လွန်သွားခြင်းမှာ အာရက္ခပြည်ပြန်လည်တည်ဆောက်ရေးနှင့် အာရက္ခပြည်သူများအတွက် ကြီးစွာသောဆုံးရှုံးမှုဖြစ်သည်ဟုလည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ပြောခွင့်ရသူ ဦးခိုင်သုခက နိရဉ္စရာကို ယမန်နေ့က ပြောဆိုထားသည်။

ဆရာဦးဦးလှစောကို ဖခင်ဦးအောင်လှဇံ၊ မိခင်ဒေါ်စံသာဖြူတို့မှ ၁၉၅၃ ခုနှစ် မေလ ၂၇ ရက် (၁၃၁၅ ခုကဆုန်လပြည့်နေ)တွင် ရခိုင်ပြည်၊ မြောက်ဦးမြို့၌ မွေးဖွားခဲ့ပြီး အကြီးဆုံးသားဖြစ်ကြောင်း သိရသည်။

ဆရာဦးဦးလှစော၏ နိုင်ငံရေးဖြတ်သန်းမှု၊ ကျူရှင်ဆရာဘဝဖြတ်သန်းမှုနှင့် စာပေသမားဘဝဖြတ်သန်းမှုတို့အသေးစိတ်အချက်အလက်များကို အောက်က လင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://burmese.narinjara.com/news/detail/68195f46b7b867155a2831f8
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.