Preview

ရခိုင်မှ DVB အလွတ်တန်းသတင်းထောက် ကိုမင်းထီး နှလုံးသွေးကြောကျယ်ရောဂါဖြင့် ကွယ်လွန်

ကြိုင်ဟိန်းလင်း | မေ ၀၈/ ၂၀၂၅ | ကြည့်ရှုသူ :2269
ရခိုင် သတင်း

ကြိုင်ဟိန်းလင်း၊ နိရဉ္စရာ၊ မေ ၈/ ၂၀၂၅

ဒီမိုကရက်တစ်မြန်မာ့အသံ (DVB)သတင်းဌာန၏ အလွတ်တန်းသတင်းထောက်ဖြစ်သူ ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ကိုမင်းထီးသည် နှလုံးသွေးကြောကျယ်ရောဂါဖြင့် ကွယ်လွန်သွားပြီဟု သိရသည်။

ကိုမင်းထီးသည် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မေလ ၆ ရက်၊ မွန်းတည့်ပိုင်းတွင် ကွယ်လွန်သွားခြင်းဖြစ်သည်ဟု မိသားစုဝင်များက အတည်ပြုထားသည်။

ကိုမင်းထီး သက်ရှိထင်ရှားရှိချိန်က အသုံးပြုခဲ့သည့်လူမှုကွန်ရက်စာမျက်နှာတွင် သူကွယ်လွန်သွားပြီဖြစ်ကြောင်း သမီးဖြစ်သူက ယမန်နေ့၌ အသိပေးထားသည်။

"ဖေဖေ့ရဲ့ မိတ်ဆွေ၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်များအားလုံးကို အသိပေးချင်ပါတယ်။ သမီးရဲ့ဖေဖေ ဦးမင်းထီး ၆ ရက်နေ့ နံနက် ၁၁ နာရီ ၄၈ မိနစ်မှာပဲ ရောဂါဝေဒနာကို ပြင်းပြင်းထန်ထန်ခံစားရပြီး ဆုံးပါးသွားပါပြီရှင်။ ဖေဖေရဲ့ အသက်ဆက်ရှင်ဖို့ မျှော်လင့်ချက်လေးဖြစ်တဲ့ အိန္ဒိယကိုဆေးကုသွားချင်တဲ့ ဆန္ဒလေးလည်း မပြည့်ဝသွားပါဘူး။ ဖေဖေနေမကောင်းဖြစ်ပြီး ဆေးရုံတက်နေရတဲ့ တစ်လျှောက်လုံး ကူညီထောက်ပံ့ပေးခဲ့တဲ့ ဖေဖေ့ရဲ့ မိတ်ဆွေသူငယ်ချင်းအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်" ဟု ရေးသားဖော်ပြထားသည်။

ကိုမင်းထီးသည် ကွယ်လွန်ချိန်တွင် အသက် ၄၅ နှစ်ရှိပြီဖြစ်သည်။ 

ကိုမင်းထီးသည် နှလုံးသွေးကြောကျယ်ရောဂါဝေဒနာကို ခံစားရပြီးနောက် ‌ဆေးဝါးကုသမှုခံယူနိုင်ရေး အိန္ဒိယနိုင်ငံသို့သွားရန် ဆန္ဒရှိခဲ့သော်လည်း ငွေကြေးမတတ်နိုင်မှုကြောင့် သွားရောက်ကုသနိုင်ခဲ့ခြင်းမရှိခဲ့ဟု သိရသည်။

သူသည် ရောဂါဝေဒနာကို အလူးအလဲ ခံစားခဲ့ရသည်ဟုလည်း သူနှင့်ရင်းနှီးသော မိတ်ဆွေများက ပြောသည်။

ရခိုင်တွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရပြီး သတင်းအမှောင်ကျနေချိန်တွင် သတင်းသမားတစ်ဦး ဆုံးရှုံးခြင်းမှာ သတင်းလောကအတွက်လည်း ဆုံးရှုံးသွားသလို ပြည်သူများ၏ သတင်းသိပိုင်ခွင့်လည်း ဆုံးရှုံးသွားသည်ဟု ရခိုင်သတင်းထောက် ကိုထွန်းအောင်က ပြောသည်။

“စစ်ရေးပဋိပက္ခနယ်မြေတွေမှာ အင်တာနက်၊ ဖုန်းလိုင်းတွေဖြတ်တောက်ခံထားရတယ်။ ဆိုတော့ သတင်း အမှောင်ကျနေတာပေါ့။ ပြည်သူတွေသတင်းသိပိုင်ခွင့်တွေဆုံးရှုံးနေတယ်။ ဒီလို ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်နေတဲ့ကြားက သတင်းထောက်တွေဟာ ပြည်သူတွေသတင်းသိပိုင်ခွင့်ရရှိအောင်ကြိုးစားပြီး ရေးသားတင်ပြနေကြပါတယ်။ ကိုမင်းထီးလည်း ရခိုင်ပြည်ရဲ့ စစ်ရေးပဋိပက္ခအကြောင်း၊ ပြည်သူတွေ လူ့အခွင့် အရေးချိုးဖောက်ခံရတာတွေ၊ ပြည်သူတွေရဲ့အခက်အခဲတွေကို တစ်စိုက်မတ်မတ်ရေးသားခဲ့တာတွေတွေ့ ရပါတယ်။ ဆိုတော့ ခုလိုသတင်းသမားကောင်းတစ်ဦးကွယ်လွန်သွားတာ့ သိပ်စိတ်မကောင်းဖြစ်ရပါတယ်" ဟု ပြောသည်။

ကိုမင်းထီးသည် ပုဏ္ဏားကျွန်းဇာတိဖြစ်ပြီး သတင်းမီဒီယာလောကသို့ ၂၀၁၄ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့သူဖြစ်သည်။

DVB တွင် ဝင်ရောက်မလုပ်ကိုင်မီ ပြည်မထုတ် သတင်းစာ၊ ဂျာနယ်များတွင်လည်း သတင်းများ ရေးသားခဲ့သည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက သတင်းသမားများကို လိုက်လံဖမ်းဆီးမှုများကြောင့် သူနေထိုင်ရာ မကွေးမြို့မှတဆင့် မိသားစုဝင်များနှင့်အတူ ရခိုင်ပြည်သို့ လာရောက်ခိုလှုံနေထိုင်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့ကလည်း ရခိုင်သတင်းသမား၊ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဇော်ဇော် (ခ) ကိုဇော်မင်းသန်းလည်း ကျန်းမာရေး မကောင်းသဖြင့် ကွယ်လွန်သွားခဲ့ရသည်။

ဓာတ်ပုံ - ကွယ်လွန်သွားသည့် DVB အလွတ်တန်းသတင်းထောက် ကိုမင်းထီးအား တွေ့ရစဉ်။ (Photo – မင်း ထီး)

---

ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#လူမှုရေးရာ#သတင်းမီဒီယာ#သတင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.