နိရဉ္စရာ၊မေ၈/၂၀၂၅
စစ်ကောင်စီနယ်ခြားစောင့်တပ်ဖွဲ့နှင့်စစ်သား၃၄ဦးအပါအဝင်မြန်မာနိုင်ငံသား၄၀ဦးကိုဘင်္ဂလားဒေ့ရှ်နိုင်ငံမှကော့စ်ဘဇား(ဖလောင်းချိတ်မြို့)လေဆိပ်မှအထူးလေယာဉ်ဖြင့် မေလ ၇ ရက်နေ့က ပြန်လည်ပို့ဆောင်ခဲ့သည်။
ပြန်ပို့ရာတွင် ပါဝင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၄ ဦးမှာ စစ်သားများနှင့်မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ တပ်ဖွဲ့များဖြစ်ကြပြီး ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့်ပဋိပက္ခများကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးတိမ်းရှောင်သွားသူများဖြစ်ကြသည်ဟုဆိုသည်။
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ (BGB)ကော့ဘဇားဒေသကွပ်ကဲရေးမှူးဗိုလ်မှူးချုပ်M M Imrul Hassan က " ပြန်ပို့တဲ့၃၄ယောက်မှာ၂၁ယောက်ကနယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ ဖြစ်ကြပြီး ၁၃ယောက်ကစစ်သားတွေပါ။သူတို့ရောက်ပြီးကတည်းကနယ်ခြားစောင့် အချုပ်ထဲမှာချုပ်ထားခဲ့တာပါ" ဟု သတင်းသမားများအား ပြောကြားသည်။
၎င်းစစ်ကောင်စီတပ်ဖွဲ့ဝင်၃၄ဦးသည်ပြီးခဲ့သည့်နှစ်၂၀၂၄ ခုနှစ် ဒီဇင်ဘာ၁၇ရက်မှ၂၀၂၅ ဇန်နဝါရီ၁၁ရက်ကြား တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ရာရခိုင်ပြည် မောင်တောမြို့မှ နတ်မြစ်ကို ဖြတ်ကျော်ပြီး တက်ကနက်မြို့မှ တစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ထွက်ပြေး ဝင်ရောက်လာသူများဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
အဆိုပါ ၄၀ဦးအနက်အရပ်သား ၆ ဦးမှာဘင်္ဂလားဒေ့ရှ်နိုင်ငံသို့တရားမဝင်နယ်စပ် ဖြတ်ကျော်ဝင်ရောက်ပြီးနောက်မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနှင့်လူသတ်မှုကဲ့သို့သောရာဇ၀တ်မှုများဖြင့်ထောင်ဒဏ်ကျခံနေရသူများဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။
မေလ ၇ ရက် နံနက်၁၁နာရီ၁၅မိနစ်တွင်ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) နှင့်ရဲလုံခြုံရေးများကမြန်မာတပ်ဖွဲ့ဝင်၃၄ဦးအား ကားများဖြင့် ကော့စ်ဘဇားလေဆိပ်သို့ ယူဆောင်လာခဲ့ကြောင်း၊ မိနစ် ၃၀ အကြာ နံနက်၁၁နာရီ၄၅မိနစ်ခန့်တွင်အကျဉ်းသားခြောက်ဦးကိုကော့ဘဇားခရိုင်အကျဉ်းထောင်မှအကျဉ်းထောင်ကားဖြင့်ထပ်မံပြီးလေဆိပ်သို့ယူဆောင် လာခဲ့ကြောင်း၊ မြန်မာအထူးလေယာဉ်သည် ကော့ဘဇားလေဆိပ်မှမွန်းလွဲ၂နာရီ၄၅မိနစ်တွင်ပြန်လည်ထွက်ခွာသွားခဲ့ကြောင်းလေဆိပ်တာဝန်ရှိသူများက ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနမှတာဝန်ရှိသူများသည်အဆိုပါ မြန်မာနိုင်ငံသား ၄၀ အား လွှဲပြောင်းပွဲသို့ တက်ရောက်ပြီး လေဆိပ်၌လူဝင်မှုကြီးကြပ်ရေးနှင့်စိစစ်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးနောက်မြန်မာအာဏာပိုင်များထံလွှဲပြောင်းပေးခဲ့သည်ဟု သိရသည်။
ယခုအကြိမ်သည် ပဉ္စမမြောက် မြန်မာစစ်ပြေးများအား ပို့ဆောင်ခြင်းဖြစ်သည်။
ပြီးခဲ့သည့်လေးကြိမ်တွင်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးသွားသောမြန်မာတပ်ဖွဲ့ဝင် ၈၇၆ဦးကိုပြန်လည် ပို့ဆောင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ ပို့ဆောင်ရာတွင် ၂၀၂၄ခုနှစ်ဖေဖော်ဝါရီ၁၅ရက်တွင်၃၃၀၊ ၂၀၂၄ ခုနှစ်ဧပြီ၂၅ရက်တွင်၂၈၈ဦး၊၂၀၂၄ ခုနှစ် ဇွန်လ၉ရက်တွင်၁၃၄ဦး၊၂၀၂၄ ခုနှသ် စက်တင်ဘာ၂၉ရက်တွင်၁၂၄ဦးတို့ပါဝင်သည်။
တချိန်တည်းတွင်မြန်မာနိုင်ငံတွင်အကျဉ်းကျခံနေရသောဘင်္ဂလားဒေ့ရှ်နိုင်ငံသား၂၁၄ဦးကိုသံတမန်လမ်းကြောင်းများမှတစ်ဆင့်ပြန်လည်ပို့ဆောင်ခဲ့သည်ဟု သိရသည်။ ( Source: The Business Standard)