နိရဉ္စရာ၊ မေ ၉/၂၀၂၅
လက်ရှိဖြစ်ပွားနေသည့်ကျောက်ဖြူမြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှကျဆုံးမှုနှင့်ထွက်ပြေးမှုများလာသဖြင့် စစ်ကူတပ်သားများအားကျောက်ဖြူသို့ပို့ဆောင်နေရာ ရေတပ် စစ်ရေယာဉ်များဖြင့် ညအချိန်လျှို့ဝှက်စွာပို့ဆောင်နေကြောင်း အာရက္ခတပ်တော်နှင့်နီးစပ်သည့် မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။
" သူတို့စစ်တပ်က နေ့ခင်းနေ့လယ်ဆိုတာထက်ညအချိန် ပို့တာများတယ်။ ညအချိန် ကမ်းကပ်ပြီးတင်တာ။ စစ်ရေးသဘောအရနေ့ဘက်ပို့ရင်လျို့ဝှက်ချက်ပေါက်မယ်။ ပြီးရင်အေအေကလည်း ကြားဖြတ် တိုက်နိုင်တယ်။ ဒါကြောင့် ညအချိန် စစ်ကူတွေကို ပို့လာတာလို့ သုံးသပ်မိတယ်။ အခုရက်ပိုင်းအတွင်းညအချိန် စစ်ကူပို့ထား ၂ခါရှိပြီ။တစ်ခါပို့ရင် စစ်သားအင်အားအနည်းဆုံးရာနဲ့ချီပါတယ်။ အများစုကပြည်သူ့စစ်သင်တန်းဆင်းတွေဖြစ်ဖို့များတယ်” ဟု ၎င်းက ပြောသည်။
၎င်းစစ်ကူစစ်သားများအား စစ်ရေယာဉ်များဖြင့် ရန်ကုန်ဘက်ကနေ ယူဆောင်လာပြီး မာန်အောင်ပင်လယ်ပြင်တွင် ရပ်နားကာထိုမှတစ်ဆင့် ကမ်းထိုးစစ်ရေယာဉ်များဖြင့် ကျောက်ဖြူမြို့နယ်သစ်ပုတ်တောင် အခြေစိုက် ဓညဝတီရေတပ်ဌာနချုပ်သို့ လျှို့ဝှက်စွာ ပို့ပေးနေခြင်းဖြစ်ကြောင်း၎င်းသတင်းရင်းမြစ်ကပြောသည်။
“ အခု ကျောက်ဖြူက တိုက်ပွဲတွေမှာလည်း စစ်တပ်မှာ ထွက်ပြေးတဲ့သူများနေတယ်။ တစ်ဘက်မှာလည်း သေဆုံးဒဏ်ရာရသူတွေများလာနေတယ်။စစ်ကောင်စီကအဲဒီနေရာတွေမှာ သူတို့အင်အားဖြည့်နေတာ။ဒါပေမယ့် စစ်ကူလာတဲ့ စစ်သားတွေလည်း တိုက်မနိုင်ရင် ထွက်ပြေးနိုင်တယ်" ဟုပြောသည်။
ကျောက်ဖြူမြို့ပြင်ပတ်ဝန်းကျင်တွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်သားအများအပြားလည်း တိုက်ပွဲထဲကနေ ထွက်ပြေး ပျောက်ဆုံးမှုများရှိနေကာ ၎င်းစစ်သားများနေရာယူခဲ့သည့် ကျေးရွာများကို အေအေက ဝင်ရောက်သိမ်းပိုက်ထားသည်ဟု သိရသည်။
ကျောက်ဖြူမြို့နယ် ဂုံးချွိန်တိုက်နယ်နှင့် သစ်ပုတ်တောင်တိုက်နယ်အတွင်းအာရက္ခတပ်တော်(AA)နှင့် ဖြစ်ပွားနေသည့်တိုက်ပွဲအတွင်းစစ်ကောင်စီဖက်မှ အကျအဆုံးများပြားပြီးကြောက်လန့် ထွက်ပြေးမှုများလည်းရှိနေသည်ဟု ဆိုသည်။
စစ်ကောင်စီသည်ထိုသို့ အရှုံးဖြင့် ရင်ဆိုင်နေရသဖြင့် တိုက်ပွဲနှင့်မသက်ဆိုင်သည့် လူနေကျေးရွာများနှင့်စစ်တပ်က ဆုံးရှုံးခဲ့ရသည့် နေရာများကို ဒရုန်း၊ လက်နက်ကြီးကျည်များဖြင့်နေ့စဉ်လိုလို ပစ်ခတ်လျက်ရှိသည်ဟု ကျောက်ဖြူဒေသခံအမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောသည်။
" စစ်ကောင်စီဖက်ကတော့ရပ်တန့်တာမရှိဘူး။အပစ်ရပ်တယ်လို့ ပြောပေမယ့် နေ့တိုင်း တိုက်နေတယ်။ နေ့စဉ်လိုလို လက်နက်ကြီးကျည်ပေါက်ကွဲသံတွေနဲ့ ဒရုန်းနဲ့ပစ်တဲ့အသံတွေကို ကြားနေရတယ်။ ဒေသခံတွေက ဘေးလွှတ်ရာကို ထွက်ပြေးနေကြပေမယ့် အခုလို အသံတွေကြားတော့ စိုးရိမ်ထိတ်လန့်နေကြရတယ် " ဟုသူမက ပြောသည်။
စစ်ကောင်စီသည်ရမ်းဗြဲကျွန်းနှင့်မာန်အောင်ကျွန်းအကြား ပင်လယ်ရေလက်ကြားတွင် ရေတပ် စစ်ရေယာဉ်အများကို ချထားပြီးတချို့ ရေယာဉ်ငယ်များဖြင့် ကင်းထောက်မှုများပုံမှန် ပြုလုပ်နေသည်ဟု ဆိုသည်။
ကျောက်ဖြူတွင် မေလ ၁ရက်နေ့က ညီနောင်မဟာမိတ်(၃)ဖွဲ့ဖြစ်သည့်(AA+MNDAA+TNLA) မှ နောက်ထပ် (၁)လ အပစ်ခတ်ရပ်စဲသည့် သတင်းထုတ်ပြန်ပြီးနောက်အာရက္ခတပ်တော်(AA)မှ ထိုးစစ်ကိုရပ်ထားသော်လည်း စစ်ကောင်စီက စစ်ကြောင်းထိုးမှုများ ဆက်လက်ရှိနေသဖြင့် တိုက်ပွဲများနေ့တိုင်းလိုလိုဖြစ်နေသည်ဟုသတင်းရင်းမြစ်များကပြောသည်။
စစ်ကောင်စီတပ်သည် ဧပြီလအတွင်းက လိပ်ခမော်ကျေးရွာအနီးက တပ်စွဲနေထိုင်ခဲ့သည့် ကာကင်းစခန်းများနှင့်အမှတ်(၃၂)ရဲတပ်ရင်းအနီးတစ်ဝိုက်ရှိ နေရာတချို့ကို နောက်ဆုတ်ခဲ့ရပြီး အနေအထားတွင်ရှိခဲ့ကြောင်း သိရသည်။