Preview

ရခိုင်တွင် လေကြောင်းအန္တရာယ်ကြောင့် စာသင်ကျောင်းဗဟိုပြုသည့်ပညာရေးစနစ်ကို ကျင့်သုံးရန်ခက်ခဲနေဆဲ

ကြိုင်ဟိန်းလင်း | မေ ၁၁/ ၂၀၂၅ | ကြည့်ရှုသူ :1406
ရခိုင် သတင်း

နိရဉ္စရာ၊ မေ ၁ဝ / ၂၀၂၅

ရခိုင်ပြည်အတွင်း စစ်ကောင်စီ၏လေကြောင်းအန္တရာယ်များကြောင့် စာသင်ကျောင်းဗဟိုပြုသည့်ပညာရေးစနစ်အား အကောင်အထည်ဖော်ကျင့်သုံးရန်ခက်ခဲနေဆဲဖြစ်ကြောင်းပညာရေးအသိုင်းအဝိုင်းမှ သိရသည်။

စစ်ရှုံးစစ်ကောင်စီသည်သူတို့လက်လွှတ်ထားရသည့် ရခိုင်ပြည်အတွင်းရှိ စာသင်ကျောင်းများအပါအဝင်ဘာသာရေးအဆောက်အအုံများ၊ ဆေးရုံများ၊ လူနေကျေးရွာများနှင့်လူနေထူထပ်သည့်နေရာများကို မကြာခဏလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများရှိနေသည်ဟု သိရသည်။

ယင်းကြောင့် ရခိုင်မှ ကျောင်းသား၊ ကျောင်းသူများအတွက် စာသင်ကျောင်းကိုဗဟိုပြုသည့်ပညာရေးစနစ်အား မကျင့်သုံးနိုင်ဘဲ အဆင်ပြေသည့်နေရာများတွင် ကျူရှင်စနစ်ဖြင့် သင်ကြားပြသပေးနေရသည်ဟု ဆရာ၊ ဆရာမအသိုင်းအဝိုင်းက ပြောသည်။

ကျောင်းဆရာမတစ်ဦးက "ကလေးတွေက နီးစပ်ရာတွေမှာ ကျူရှင်စနစ်နဲ့ သင်ကြားနေတာတွေက ရှိပါတယ်။ဒါပေမဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် တိမ်းရှောင်ရတာတွေရှိတယ်။လေကြောင်းအန္တရာယ်တွေကြောင့် ကျောင်းတွေ ဆက်မတက်နိုင်တော့ဘူး။ အဲလိုအခြေအနေတွေကို ကြုံနေရပါတယ်” ဟု ပြောသည်။

ရခိုင်တွင် ပြီးခဲ့သည့် ဇန်နဝါရီလမှ ဧပြီလအထိ လေးလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၁၁၄ ဦးသေဆုံးပြီး ၁၇ဝ ဦးဒဏ်ရာရရှိသွားခဲ့သည်ဟု နိရဉ္စရာသတင်းဌာနက ကောက်ယူထားသည့်စာရင်းအရ သိရသည်။

ယင်းကဲ့သို့ စစ်ကောင်စီ၏တိုက်ခိုက်မှုများကြောင့် အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်နိုင်ခြင်းမရှိသော်လည်း ပညာရေးကဏ္ဍလစ်ဟာမှုမရှိစေရန် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရနှင့် ဆရာ၊ ဆရာမများနှင့်ပူးပေါင်းကာ ရခိုင်ရှိလွတ်မြောက်နယ်မြေများတွင် ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်မှစပြီး ကျောင်းသူ၊ ကျောင်းသားများကို နည်းလမ်းမျိုးစုံဖြင့် သင်ကြားပြသပေးလျက်ရှိသည်။

ကျောင်းသူ၊ကျောင်းသားများကိုလည်း စာမေးပွဲများ အသုတ်လိုက် ပုံမှန်စစ်ဆေးလျက်ရှိကာအောင်/ရှုံးစနစ်ဖြင့် အတန်းတက်စေခြင်းတို့ကိုပါ ပြုလုပ်လျက်ရှိသည်ဟုသိရသည်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် တော်လှန်ရေးတစ်ဘက်၊ တည်ဆောက်ရေးတစ်ဘက်ဖြင့် ကြိုးပမ်းနေရမှုကြောင့် လက်ရှိလည်ပတ်နေသည့်ပညာရေးကဏ္ဍတွင် အားနည်းအချို့ ရှိနေသည်ဟုလည်း ဆရာ၊ ဆရာမများက ထောက်ပြကြသည်။

ကျောင်းဆရာတစ်ဦးက "ရုံးလုပ်ငန်းပိုင်းဆိုင်ရာ စနစ်မကျတာတွေ၊ ညွှန်ကြားချက်အားနည်းတာတွေတော့ရှိနေသေးတယ်။ တော်လှန်ရေးကာလမို့ အခက်အခဲတွေတော့ ရှိနေတာကို နားလည်ပါတယ်။ ဒါပေမယ့်  သက်ဆိုင်ရာ ပညာရေးတာဝန်ခံတွေက စနစ်တကျပညာရေး မူဝါဒတွေ ချမှတ်ပြီးတော့ သင်ရိုးညွှန်းတမ်းတွေ အမြန်ရေးဆွဲစေချင်ပါတယ်" ဟု ပြောသည်။

အရည်အသွေးပြည့်ဝသောပညာရေးစနစ်လည်ပတ်မှုကို မရရှိလျှင် လူ့အရင်းမြစ်ဖွံ့ဖြိုးမှုနှင့်ကျောင်းသားများ၏ စဉ်းစားတွေးခေါ်နိုင်စွမ်းကိုပါ ထိခိုက်စေနိုင်သည်ဟုလည်းနောက်ထပ်ကျောင်းဆရာတစ်ဦးက ဆိုသည်။

"ကောင်းမွန်တဲ့ပညာရေးစနစ်မရရှိတဲ့ လူငယ်တွေဟာ မူးယစ်ဆေးဝါးသုံးစွဲမှု တိုးလာနိုင်တယ်။ကိုယ်ပိုင်ဘဝ တည်ဆောက်နိုင်စွမ်း အားနည်းပြီးတော့ အနာဂါတ်ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ လူငယ်တွေရဲ့ ပါဝင်နိုင်မှုဟာ များစွာအကန့်သတ်ရှိလာနိုင်ပါတယ်" ဟု ပြောသည်။

အာရက္ခပြည်သူ့‌တော်လှန်ရေးအစိုးရအနေဖြင့်လည်း ရခိုင်ပြည်ပညာရေးစနစ် ယခုထက်ပိုမိုအားကောင်းပြီး အရည်အသွေးပြည့်ဝလာစေရန်အတွက် အာရက္ခပြည်သူ့‌တော်လှန်ရေးအစိုးရ၏ပညာရေးဌာနတွင် တာဝန်ထမ်းဆောင်ရန် လူငယ်၊ လူရွယ်များကိုလည်း ခေါ်ယူလျက်ရှိနေသည်။

ရခိုင်လွတ်မြောက်မြို့နယ်များတွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် ဆရာ/ဆရာမဝန်ထမ်းများကို အာရက္ခပညာရေးဌာနက ပြီးခဲ့သည့်မတ်လမှစတင်ကာ ခေါ်ယူနေကြောင်း သိရသည်။

ရခိုင်ပြည်တွင်၂၀၂၃ ခုနှစ်စာရင်းအရ အခြေခံပညာစာသင်ကျောင်းပေါင်း သုံးထောင်ကျော်ရှိကာကျောင်းသား၊ ကျောင်းသူဦးရေ ငါးသိန်းနီးပါးအထိရှိခဲ့ကြောင်း သိရသည်။

၂ဝ၂၃ ခုနှစ်၊ နိုဝင်ဘာလမှစတင်ကာ မြို့သိမ်းတိုက်ပွဲများဖြစ်လာမှုကြောင့် ရခိုင်ရှိစာသင်ကျောင်းများကိုလည်း ပိတ်ခဲ့ရပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားအများအပြားသည်လည်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်သည်။

ရခိုင်ရှိ လွတ်မြောက်နယ်မြေများသို့ရောက်ရှိနေသည့် စစ်ဘေးရှောင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ဦးဆောင်မှုအောက်တွင် လွတ်လပ်စွာပညာသင်ယူနိုင်ခွင့်ရှိနေကြသည်ဟုလည်း သိရသည်။

အာရက္ခပြည်သူ့‌တော်လှန်ရေးအစိုးရထိန်းချုပ်ထားသည့်ရခိုင်ရှိ မြို့နယ်များတွင် ပညာရေးကဏ္ဍအပြင် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ကျန်းမာရေး စသည့်ကဏ္ဍများကိုလည်း ပုံမှန်လည်ပတ်လျက်ရှိနေပြီဖြစ်သည်။

အာရက္ခတပ်တော်(AA)သည် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ရှိ မြို့နယ် ၁၄ ခုကို တိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်ပြီး ရခိုင်မှ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်သုံးမြို့သာ သိမ်းပိုက်ရန်ကျန်တော့သည်။

ဓာတ်ပုံ - ပုံဟောင်း

---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့်https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#ပညာရေး#ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.