Preview

မုဒိမ်းကျင့်သတ်ဖြတ်ခံရသည့် မင်းပြားမြို့နယ်မှ အမျိုးသမီးငယ်အတွက် တရားမျှတမှုကိုဖော်ဆောင်ပေးရန်ရခိုင်အရပ်ဖက်အဖွဲ့အစည်း ၁၁ ဖွဲ့တောင်းဆို

ကြိုင်ဟိန်းလင်း | မေ ၁၁/ ၂၀၂၅ | ကြည့်ရှုသူ :824
ရခိုင် သတင်း

နိရဉ္စရာ၊ မေ ၁၁/ ၂၀၂၅

ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာက (၉) နှစ်အရွယ် မိန်းခလေးငယ်တစ်ဦး မုဒိမ်းကျင့်ကာ ရက်စက်စွာ သတ်ဖြတ်ခံလိုက်ရမှုနှင့်ပတ်သက်ပြီး တရားမျှတမှုရရှိရန်အတွက်အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရ၏ တရားစီရင်ရေးဌာနကိုရခိုင်အရပ်ဖက်အဖွဲ့အစည်း (၁၁) ဖွဲ့က တောင်းဆိုလိုက်သည်။

အဆိုပါ ရာဇဝတ်မှုမှာအာရက္ခဒေသနေ ပြည်သူလူထုတရပ်လုံးအားတုန်လှုပ်ခြောက်ခြားစေသည့်အပြင်ကိုယ်ကျင့်တရားဆိုင်ရာအားဖြင့်များစွာဆိုးရွားပြင်းထန်သော ဒဏ်ရာတခုဖြစ်သည်ဟု ‌အဆိုပါအဖွဲ့ (၁၁) ဖွဲ့၏ ယနေ့ ထုတ်ပြန်သောထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

" လူမဆန်သော ဤကြောက်စရာကောင်းသောလုပ်ရပ်သည် ကျူးလွန်ခံရသူအပြစ်မဲ့အမျိုးသမီးငယ်နဲ့ မိသားစုဝင်များအပေါ် သာမက၊လူ့အဖွဲ့အစည်းတခုလုံးကို ခြိမ်းခြောက်နေသည့် ကြီးလေးသော ရာဇဝတ်မှုတခုဖြစ်သည်" ဟု ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

" ယခုကဲ့သို့ အရုပ်ဆိုး အကျဥ်းတန်သည့် ကိစ္စအား တရားမျှတမှု ရရှိရေးအတွက်တိတ်ဆိတ်ခြင်း၊ နှောင့်နှေးခြင်း သို့မဟုတ် လျစ်လျူရှုခြင်းများမဖြစ်‌စေသင့်ဟု မိမိတို့ အရပ်ဖက်အဖွဲ့အစည်းများ အနေ ဖြင့် ရှုမြင်ပါသည်" ဟုဆိုသည်။

ထို့အပြင် အဆိုပါအဖွဲ့အစည်းများက အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရ၏တရားစီရင်ရေး ဌာနအား အောက်ပါအချက်အလက် ၃ ချက်ကိုလည်း တောင်းဆိုလိုက်သည်။

" (၁) ဖားပြိုရွာ သက်ငယ်မုဒိန်းမှု၊ လူသတ်မှုနန့်ပတ်သက်၍ စေ့စေ့စပ်စပ်ဘက်မလိုက်ဘဲ အချိန်နန့်တပြေးညီ စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီးပြစ်မှုကျူးလွန်သူကို ဖော်ထုတ်ကာ ပြစ်မှုလျော့ပေါ့လွတ်ငြိမ်းခွင့် မရှိဘဲဥပဒေအောက်တွင် အကြီးမားဆုံး ပြစ်ဒဏ်များဖြင့် အရေးယူပေးရန်။

(၂) ကျူးလွန်ခံရသူနဲ့ ၄င်း၏ကျန်ရစ်ခသော မိသားစုဝင်များအတွက်လူမှုတရားမျှတမှုရရှိရေးကို အာမခံလျက် စီရင်ချက် ချမှတ်‌ပေးရန်။

(၃) အာရက္ခဒေသနေ အမျိုးသမီးများနန့် ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုများကျူးလွန်ခြင်းများ နောက်နောင် အဖြစ်ပွားရအောင် ထိရောက်အောင်ကာကွယ်တားဆီး‌ပေးသည့် လုပ်ငန်းစဥ်များ ချမှတ်ပေးရန်" စသည့်အချက်များဖြစ်ကြသည်။

အဆိုအဖြစ်ဆိုးအား လျစ်လျူမရှုဘဲ စစ်မှန်သော တာဝန်ခံမှု၊ တရားစီရင်မှုနှင့်တရားမျှတမှုများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှ ယူဆောင်ပေးနိုင်မည်ဟုမျှော်လင့်ယုံကြည်ထားသည်ဟု ဆိုထားသည်။

အဆိုပါအမျိုးသမီးငယ်အား အဓမ္မပြုကျင့်သတ်ဖြတ်သည့်တရားခံမှာမြေပုံမြို့နယ်၊ငမန်းရဲကျွန်းဒေသခံ အသက် ၃ဝ ကျော်အရွယ် မောင်မြသန်းဖြစ်ပြီးမေလ ၂ ရက်တွင်အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကာ အလောင်းကိုလည်းရွာနှင့်မနီးမဝေးရှိ သစ်ပင်တစ်ပင်တွင် ကြိုးဖြင့်တွဲလောင်းချည်နှောင်ထားခဲ့ခြင်းဖြစ်သည်။

ကျူးလွန်သူအား အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာန (DLEPS) အဖွဲ့က မေလ(၆) နေ့တွင် ဖမ်းဆီးရရှိခဲ့သည်။

ဖားပြိုကျေးရွာမှ အမျိုးသမီးငယ်အမှု တရားမျှတမှု ရရှိ‌ရန် အတွက် အောက်ပါအဖွဲ့အစည်း (၁၁) ဖွဲ့က တောင်းဆိုလိုက်ခြင်းဖြစ်သည်။

  • Rakhaing Women’s Initiative Organization (RWIO)
  • Women Generation (WG)
  • Purple World
  • Ann Women Generation
  • We Are One
  • Center for Social Research and Development (CSRD)
  • Arakkha Foundation
  • All Arakan Youth Organizations Network (AAYON)
  • Mrauk-U Youths Association (MUYA)
  • Generation
  • Indigenous Social Development Organization (ISDO)
  • Mongbra Youth Association


blob




#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.