နိရဥ္စရာ၊ မေလ ၁၁/၂၀၂၅
ရခိုင်ဝါရင့်နိုင်ငံရေးသမား၊ ကဗျာဆရာ၊ ရခိုင်အမျိုးသားပါတီ ဗဟိုခေါင်းဆောင်၊ မြောက်ဦးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း၊ ရန်ကုန်စက်မှတက္ကသိုလ်ကျောင်းသားဟောင်း၊ ရခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ၏ နိုင်ငံရေးမှူး ဦးဦးလှစော ကွယ်လွန်ခြင်းအောက်မေ့ဖွယ်အခမ်းအနားကို ယနေ့ မေလ ၁၁ ရက်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ကျင်းပခဲ့သည်။
အောက်မေ့ဖွယ် အခမ်းအနားကို AASYC အပါအဝင် ရခိုင်နိုင်ငံရေးသမားများနှင့် စာပေသမားများက ဦးဆောင်ကျင်းပခဲ့သည်ဟု သိရသည်။
အခမ်းအနား တက်ရာက်လာသည့် ရခိုင်ပြည်အမျိုးသားကောင်စီ၊ ရခိုင်ပြည်တပ်မတော် (ANC/AA)မှ ဗိုလ်မှူးကြီးမင်းထွန်းက“ရခိုင့် လူအဖွဲ့အစည်းထဲက ဦးဦးလှစော” ခေါင်းစဉ်ဖြင့် အမှတ်တရ စကားပြောကြားသွားခဲ့သည်။
“ ဒီလို အခမ်းအနားမျိုးကို အချိန်အတိုအတွင်းမှာ ပြုလုပ်နိုင်ခဲ့တာဟာ ဦးဦး စောရဲ့ နိုင်ငံရေး အရှိန်အဝါက ကျနော်တို့ ရခိုင်လူငယ်တွေရဲ့ ရင်ထဲမှာ ဘယ်လောက်အတိုင်းအတာထိ ရိုက်ခတ်နေသလဲဆိုတာကို ပြသတာဖြစ်တယ်။ ဦးဦးလှစောဟာ ကျနော်တို့ ရခိုင်လူမှုအဖွဲ့အစည်းထဲမှာ ယုံကြည်မှုရော၊လေးစားမှုရော၊ ချစ်ကြည်မှုရော အများကြီးရရှိထားတဲ့ ပုဂိုလ်ဖြစ်တယ်။ အထူးသဖြင့် ဦးဦးလှစောကို လေးစားကြတဲ့ အကြောင်းအရာ ၃ ချက်ရှိပါတယ်။ ပထမအချက် သူရဲ့ ပညာအရည်အချင်းဖြစ်ပါတယ်။ ဒုတိယ တစ်ချက်က သူရဲ့ နိုင်ငံရေးအရ ပေးဆပ်စွန့်လွှတ်မှုနဲ့ ရိုးသားမှုဖြစ်ပြီး တတိယမှာ သူ၏ အနုပညာ စွမ်းရည်ဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီး မင်းထွန်းက ပြောဆိုသွားခဲသည်။
ဦးဦးလှစော အောက်မေ့ဖွယ် အခမ်းအနားတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်လည်း အမှတ်တရစကား ပြောကြားခဲ့သည်။
“ဦးဦးလှစောဟာ ကျောင်းသားဘ၀ကတည်းက နိုင်ငံရေးလောကထဲကို ဝင်တာနဲ့ ထောင်ထဲကို တန်းရောက်တယ်။ အဲဒီ မဆလ ခေတ်မှာ လူတွေဟာ တော်ရုံနဲ့ မဆလကို တွန်းလှန်ရဲတဲ့ လူမျိုးတွေ ကျွန်တော်တို့ ဒေသမှ အလွန်နည်းပါတယ်။ အဲဒီအထဲမှာ ရှားရှားပါးပါး ဆရာဦးလှစောတို့လို့ ကျောင်းသားအုပ်စုတွေရှိတာဖြစ်ပါတယ်။ ဒီဟာတွေဟာ ကျွန်တော်တို့ အတွင်းမှာ တော်တော် အတုယူအားကျစရာလည်းကောင်းပါတယ်။” ဟု ပြောသည်။
ဒါ့ပြင် “ရခိုင်မှာ နိုင်ငံရေးလောကထဲက ဒီကနေ့ ဆရာဦးဦးလှစောကတော့ ကွယ်လွန်သွားပါပြီ။ ဒါပေမယ့် သူဟာ ရခိုင်ပြည်သူတွေရဲ့ ရင်ထဲမှာ အမြဲတန်းရှိနေပြီးတော့ သူရဲ့ ခံယူချက်တွေ၊ သူပြောခဲ့တဲ့ သမိုင်းတွေဟာ ကျနော်ရင်ထဲမှာ အမြဲရှိနေမှာ ဖြစ်ပါတယ်”ဟု ဦးမျိုးကျော်က ပြောကြားသွားခဲ့သည်။
အဆိုပါ ဦးဦးလှစောကွယ်လွန်ခြင်း အောက်မေ့ဖွယ်အခမ်းအနားကို မဲဆောက်မှ ရခိုင်လူမျိုးများ၊ ဦးဦးလှစော၏ နိုင်ငံရေးမိတ်ဆွေအသိုင်းအဝိုင်းများ ၊ တက်ကြွလှုပ်ရှားသူများက တက်ရောက်ခဲ့ကြပြီး ဆရာဦးဦးလှစောအား ဂုဏ်ပြု ကဗျာများလည်း ရွှတ်ဖတ်ခဲ့ကြသည်ဟု ကိုယ်တိုင်တက်ရောက်ခဲ့သည့် ရခိုင်လူငယ်တစ်ဦးကပြောသည်။
" ကျနော်တို့က ဆရာနဲ့တော့ တိုက်ရိုက်ရင်းနှီးထိတွေ့မှုမရှိခဲ့ဘူး။ဒါပေမယ့် ဆရာ့ရဲ့ နိုင်ငံရေးခံယူချက်၊ သူ့ရဲ့လုပ်ဆောင်ချက်တွေ၊အနစ်နာခံပေးဆပ်ခဲ့မှုတွေကို လေးစားတန်ဖိုးထားတယ်။ ဒါကြောင့် ဒီအခမ်းအနားကိုတက်ရောက်ဖြစ်ခဲ့တာပါ" ဟုပြောသည်။
အခမ်းအနားကို တက်ရောက်ခဲ့သည့်ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးက "ကျမအမြင်မှာတော့ ပစ္စည်းမဲ့လူတန်းစားအတွက်ရော၊ ရခိုင်အမျိုးသာရေးအတွက်ပါ စွမ်းစွမ်းတမံတိုက်ပွဲဝင်ခဲ့တဲ့နိုင်ငံရေးသမားတစ်ယောက်လို့ ယူဆပါတယ်" အမှတ်တရစကားပြောကြားခဲ့သည်။
ဆရာဦးဦးလှစောသည်လည်ချောင်းကင်ဆာရောဂါဖြင့် အိန္ဒိယနိုင်ဆေးရုံတစ်ခုတွင်ဆေးကုသမှုခံယူရင်း မေလ ၅ ရက်၊ ည ၁၁ နာရီ မိနစ် ၂၀ အချိန်တွင်ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။ ဆရာကွယ်လွန်ချိန်တွင် အသက် (၇၂)နှစ်ရှိပြီဖြစ်သည်။
ဆရာသည် မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုများ၊လူထုတိုက်ပွဲများတွင် ပါဝင်လှုပ်ရှားခဲ့ပြီး နိုင်ငံရေးအကျဥ်းသားဘဝ၊ပါတီနိုင်ငံရေး လွှတ်တော်အမတ်ဘဝ၊ ရခိုင်လက်နက်ကိုင်တော်လှန်ရေးနိုင်ငံရေးမှူးဘဝတို့ဖြင့် အသက်ဆုံးသည့်တိုင် ဖြတ်သန်းခဲ့သူ ဖြစ်သည်။
ဆရာဦးဦးလှစောကွယ်လွန်သွားသည့်အပေါ်အဖွဲ့အစည်းတော်တော်များများက ဝမ်းနည်းကြောင်း ထုတ်ပြန်ချက်များထုတ်ပြန်ခဲ့ကြပြီး ရခိုင်တစ်မျိုးသားလုံးက ကြီးမားသည့်ဆုံးရှုံးမှုတစ်ရပ်အနေနှင့် ဝမ်းနည်းကြေကွဲလျက်ရှိသည်။
ဓါတ်ပုံ - ဦးဦးလှစော ကွယ်လွန်ခြင်းအောက်မေ့ဖွယ်အခမ်းအနားမြင်ကွင်း