နိရဉ္စရာ၊ မေ ၁၂/ ၂၀၂၅
၂၀၂၅ခုနှစ် မေလ ၇ ရက်နေ့က မိတ္ထိလာတက္ကသိုလ်ကနေ ပျောက်ဆုံးသွားသည့် ရန်ကုန်တက္ကသိုလ် သတ္တဗေဒဌာနမှ ရခိုင်အမျိုးသမီးတစ်ဦးဖြစ်သူ ကထိက ဒေါ်ဝင်းဝင်းအောင်သည် အာရက္ခတပ်တော်( AA) နှင့်ချိတ်ဆက်ကာ အဖွဲ့ထဲသို့ ဝင်ရောက်သွားပြီ စစ်ကောင်စီသတင်းစာများတွင် ရေးသားဖော်ပြသည်။
ဒေါ်ဝင်းဝင်းအောင်သည် စစ်ကိုင်းငလျင်ကြီးကြောင့် မန္တလေးတိုင်းမှ တက္ကသိုလ်ဝင်တန်း ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအား အနီးကပ် သင်ကြားပို့ချရန် မေလ ၁ ရက်နေ့တွင် ရန်ကုန်အဝေးသင် တက္ကသိုလ်မှ အခြားနည်းပြများနှင့် အတူ မိတ္ထလာတက္ကသိုလ်သို့ ရောက်ရှိလာခဲ့ပြီး မေလ ၂ ရက်နေ့မှ စတင်ကာ အထက(၂) ပျော်ဘွယ်၌ သင်ကြားပို့ချမှုများ ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။
မေလ ၇ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်တွင် မိတ္ထလာတက္ကသိုလ်မှ ပျော်ဘွယ်မြို့သို့ မထွက်ခွာမီ ၎င်း၏ မိတ်ဆွေများနှင့် တွေ့ဆုံရန် ထွက်ခွာသွားခဲ့ပြီးနောက် ပျောက်ဆုံးသွားခဲ့သည်။
ဒေါ်ဝင်းဝင်းအောင်သည် မိတ္ထီလာ တက္ကသိုလ်အနီးရှိ အရုဏ်ဦးလဘက်ရည်ဆိုင်၌ တစ်ဦးတည်း နံနက်စာ စားသုံးခဲ့ပြီး လဘက်ရည်ဆိုင်ရှေ့သို့ ရောက်ရှိလာသည့် ကားတစ်စီးဖြင့် သူမ၏ သဘောဆန္ဒဖြင့်လိုက်ပါသွားခဲ့သည်ဟု သတင်းစာတွင် ဖော်ပြသည်။
ဒေါ်ဝင်းဝင်းအောင်သည် PDF အဖွဲ့မှ ဇေယျာမင်းဌေး၏ ချိတ်ဆက် ကူညီမှုဖြင့် မိတ္ထလာမြို့မှ ဆားလင်းကြီးမြို့နယ် ကျားတက်ကျေးရွာသို့ သွားရောက်ခဲ့ပြီး ထိုမှတဆင့် အာရက္ခတပ်တော်ထံ ဝင်ရောက်သွားခဲ့သည်ဟု ဆိုသည်။
ရန်ကုန်တက္ကသိုလ် သတ္တဗေဒဌာနမှ ကထိက ဒေါ်ဝင်းဝင်းအောင်သည် စစ်တွေမြို့တွင် မွေးဖွားပြီး ရခိုင်အမျိုးသမီးတစ်ဦးဖြစ်ကြောင်း၊ သူငယ်တန်းမှ ဘွဲ့ရသည်အထိ စစ်တွေမြို့တွင် ပညာသင်ကြားခဲ့ကြောင်း၊ ထို့ပြင် တက္ကသိုလ်များတွင် နည်းပြဆရာမအဖြစ် တာဝန် မထမ်းဆောင်မီ ကာလများတွင်လည်း စစ်တွေမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းများ၊ အခြေခံ မူလတန်းကျောင်းအချို့တွင် မူလတန်းပြ၊ အလယ်တန်းပြဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်ဟု ဆိုသည်။
ကထိက ဒေါ်ဝင်းဝင်းအောင်သည် AA အခြေပြရာနယ်မြေများအတွင်း ပညာရေးဆိုင်ရာ လုပ်ငန်းများ၌ ပူးပေါင်းကူညီနိုင်ရေးအတွက် ကြိုတင်ရည်ရွယ်ဆောင်ရွက်ခဲ့သည်ဟုလည်း ဖော်ပြထားသည်။