(စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ ၃ ကြိမ်ဗုံးကြဲ)
နိရဉ္စရာ၊ မေလ ၁၂/၂၀၂၅
ဧရာ၀တီတိုင်း၊ ငသိုင်းချောင်း-ဂွလမ်းပေါ်ရှိ အမှတ် (၃၄၄) အမြောက်တပ်ရင်း၏ ကာကင်းစခန်းများကို အာရက္ခတပ်တော်( AA)နှင့် ပူးပေါင်းတပ်ဖွဲ့များက ယနေ့ မေလ ၁၁ ရက်နေ့တွင် စတင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု အဆိုပါဒေသမှ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“ အမတ ၃၄၄ ရဲ့ ကာကင်းစခန်းတွေကို အေအေနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက မနေ့ နေ့လယ် ၁၂ နာရီမှာ စတင်တိုက်ခိုက်ပါတယ်။ အကျအဆုံးအထိအခိုက်နဲ့ တိုက်ပွဲအခြေအနေ ဘယ်လို ရှိတယ်ဆိုတာ မသိရသေးပါဘူး”ဟု ပြောသည်။
၎င်းအမှတ် (၃၄၄) တပ်ရင်းကာကင်းများကို AA နှင့် ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်နေစဉ် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ၃ကြိမ်တိတိ ဗုံးလာရောက်ကြဲချခဲ့သည်ဟု ၎င်းက ပြောသည်။
“စစ်ကောင်စီက ဂျက်နဲ့ သုံးကြိမ်ဗုံးလာကြဲတယ်။ ညနေပိုင်း တိုက်ပွဲရပ်သွားတယ်။ အခြေအနေက တင်းမားနေတဲ့ အနေအထားရှိတယ်။ ဒီအမြောက်စခန်းကို အေအေနဲ့ ပူးပေါင်းအဖွဲ့က ရအောင်သိမ်းမယ်လို့ သတင်းထွက်နေတယ်”ဟု ပြောသည်။
ဧရာ၀တီတိုင်းအတွင်းသို့ AAနှင့် ပူးပေါင်းတပ်ဖွဲ့များ ထိုးဖောက် ဝင်ရောက်နေသည်မှာ ကြာနေပြီး ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်နှင့် လေးမျက်နှာမြို့နယ်များအတွင်းစစ်ကောင်စီတပ်နှင့် ထိတွေ့မှုများဖြစ်ပေါ်နေသည်ဟုသိရသည်။(ဓာတ်ပုံ- အထူးသတင်းတပ်ဖွဲ့- ပုသိမ်)