Preview

ကျောက်ဖြူမြို့တွင် စစ်ကောင်စီ၏ကန့်သတ်ပိတ်ပင်ထားမှုကြောင့် မြို့ခံများ စားဝတ်နေရေးကျပ်တည်းနေ

သဉ္ဇာနွယ် | မေ ၁၂/ ၂၀၂၅ | ကြည့်ရှုသူ :1627
ရခိုင် သတင်း

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ မေ ၁၂/၂၀၂၅

ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် ဒေသခံများ၏ အသက်‌မွေးဝမ်းကျောင်းနှင့် ဆန်တင်သွင်းမှုကို စစ်ကောင်စီက ပိတ်ပင်ထားသဖြင့် မြို့ခံများ စားဝတ်နေရေးကျပ်တည်းမှုအခက်ကြုံနေရကြောင်း သတင်းရရှိသည်။

ကျောက်ဖြူမြို့ပေါ်တွင်နေထိုင်သည့် လက်လုပ်လက်စား နယ်ခံများမှာ အသက်မွေးဝမ်း ကျောင်းလုပ်ငန်းဖြစ်သည့် ငါးဖမ်းထွက်ခွင့်မရသည့်အတွက် စားဝတ်နေရေး အလွန်ကျပ်တည်းနေကြသည်ဟု ကျောက်ဖြူနယ်ခံအမျိုးသမီးတစ်ဦးက နိရဉ္စရာကိုပြောသည်။

"ငါးဖမ်းခွင့်ပိတ်ထားတာက ကြာပြီ။ ဖမ်းရရင်တော့ စစ်ကောင်စီသတ်မှတ်ထားတဲ့နေရာလောက်ပဲ။ ကျမတို့မိသားစုက ဒီငါးဖမ်းပြီးဈေးရောင်းရမှ ထမင်းစားရတာ။ အခုနပ်မမှန်ဘူး။ နယ်ပြန်လို့လည်း မရ။ အိမ်ငှားစရိတ်လည်း ပေးရနဲ့ ဘာအလုပ်အကိုင်မှ မရှိတော့ဘူး။ ဆန်ကလည်း ရှားတယ်။ မငတ်အောင်တော့ အတတ်နိုင်ဆုံးရုန်းကန်နေရတယ်။ သားသမီးတွေလည်းရှိတယ်" ဟု ပြောသည်။

ယင်းအပြင် မြို့ပေါ်မှ ဒေသခံများကို နယ်မှဆန်ဝယ်ယူခွင့်အား စစ်ကောင်စီက ပိတ်ပင်ထားပြီး စစ်ကောင်စီနှင့်နီးစပ်သူများကသာ ဆန်များကို ရောင်းချနေကြကြောင်း ဒေသခံများက ပြောသည်။

မြို့ပေါ်နှင့်နယ်ကျေးရွာမှဒေသခံတချို့ စားဝတ်နေရေးကျပ်တည်းနေချိန်တွင် စစ်ကောင်စီ၏ဝန်ထမ်းမိသားစုများ၊ တရုတ်စီမံကိန်းတွင် တာဝန်ထမ်းဆောင်နေသည့် မိသားစုများမှာ မြို့တွင်း/မြို့ပြင်သွားလာလို့ရနေသည့်အတွက် စားဝတ်နေရေးအဆင်ပြေနေကြသည်ဟု စစ်ကောင်စီနှင့်နီးစပ်သူအမျိုးသားတစ်ဦးက နိရဉ္စရာကိုပြောသည်။

"တရုတ်စီမံကိန်းမှာအလုပ်လုပ်နေတဲ့သူတွေဆို မြို့ထဲကို အသွားအပြန်လုပ်လို့ရတယ်။ ဒါပေမယ့် နယ်တွေကိုသွားလို့ မရဘူးပေါ့။ စစ်ကောင်စီသတ်မှတ်ထားတဲ့အတိုင်းသွားရတယ်။ အခုချိန်မှာက စစ်ကောင်စီအသိုင်းအဝိုင်းက ကောင်းစားနေတယ်။ ဒေသခံတွေက ငတ်မယ့်အဆင့်ကို ရောက်နေတယ်" ဟု ပြောသည်။

ကျောက်ဖြူမြို့ပြင်တွင်လည်း အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲမကြာခဏရှိနေပြီး တိုက်ပွဲမှာ တနေ့ထက်တနေ့ပြင်းလာနေကြောင်း သိရသည်။

ကျောက်ဖြူရှိတိုက်ပွဲဧရိယာအတွင်းရှိ ကျေးရွာများမှ ဒေသခံများမှာလည်း စစ်ဘေးရှောင်နေကြရပြီး စစ်ဘေးရှောင် သောင်းနှင့်ချီ ရှိနေကြောင်း သိရသည်။

မြို့ပေါ်မှ ဒေသခံများကိုမူ စစ်ကောင်စီက စစ်ဘေးရှောင်ခွင့်မပေးဘဲ လူ့အခွင့်အရေးချိုးဖောက်နေကြောင်း ဒေသခံများက ပြောသည်။

ကျောက်ဖြူမြို့သည် AA သိမ်းပိုက်ရန်ကျန်သည့် ရခိုင်မှ မြို့သုံးမြို့အနက် တစ်မြို့အပါအဝင်ဖြစ်သည်။

ဓာတ်ပုံ - ပုံဟောင်း
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ဘေး#လူ့အခွင့်အရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.