(အကျအဆုံးများသည့်အတွက် လိပ်ခမော်ရွာကို စစ်ကောင်စီဗုံးလာကြဲ)
သဉ္ဇာနွယ်၊ နိရဉ္စရာ၊ မေ ၁၃/၂၀၂၅
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ရွာနှင့် မလကျွန်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနှင့်ချီ သေဆုံးနေကြောင်း သတင်းရရှိသည်။
အပစ်ရပ်ထားသည့်စစ်ကောင်စီ၏ စစ်ကြောင်းတစ်ခုသည် ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ရွာဖက်ကို စစ်ကြောင်းထိုးလာစဉ် အာရက္ခတပ်တော်(AA)နှင့် မေလ ၁၁ ရက်မှစတင်ကာ ထိတွေ့တိုက်ပွဲဖြစ်ပွားရာမှ စစ်ကောင်စီတပ်သား ရာနှင့်ချီ သေဆုံးနေခြင်းဖြစ်သည်ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကိုပြောသည်။
"လိပ်ခမော်နဲ့ မလကျွန်းမှာ ၁၁ ရက်နေ့လောက်က တိုက်ပွဲပြင်းတယ်။ တိုက်ပွဲက နေ့တိုင်းရှိတယ်။ စစ်ကောင်စီဖက်က အသေအပျောက် ရာနဲ့ချီရှိတယ်" ဟုပြောသည်။
အဆိုပါအကျအဆုံးများသည့် စစ်ကြောင်းသည် ရေကြောင်းဖြင့် အင်အားဖြည့်ထားသည့် ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းများအပါအဝင် နယ်မြေခံတပ်ရင်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်ကြကြောင်း မြေပြင်သတင်းအရ သိရသည်။
အဆိုပါစစ်ကြောင်းတွင် အကျအဆုံးများနေသဖြင့် ယနေ့ မတ်လ ၁၃ ရက်၊ နံနက်ပိုင်းတွင် လိပ်ခမော်ရွာဟောင်းကို စစ်ကောင်စီက ဒရုန်းဖြင့်ဗုံးလာကြဲခဲ့သလို နေဗီများကလည်း လက်နက်ကြီးများဖြင့် လှမ်းပစ်၍ ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်များ အပျက်အစီးရှိခဲ့ကြောင်း ကျောက်ဖြူဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကိုပြောသည်။
"ဒရုန်းတွေ၊ နေဗီတွေက ပစ်တယ်။ သူတို့အဓိကသုံးတာ ဒရုန်း။ လိပ်ခမော်နဲ့ မလကျွန်းပတ်ဝန်းကျင်ကို ပတ်ပြီးကြဲနေတာ။ ဘုန်းကြီးကျောင်းတစ်ကျောင်းမီးလောင်တာနဲ့ နေအိမ်တချို့ပျက်စီးတာရှိတယ်" ဟု ပြောသည်။
အပစ်ရပ်ကာလအတွင်း AA က ကျောက်ဖြူတွင် ထိုးစစ်များကိုရပ်တန့်ထားသော်လည်း စစ်ကောင်စီဖက်က AA ရှိသည့်နေရာများကို စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေကြောင်း သိရသည်။
ဓာတ်ပုံ - MDY- pdf (ပုံဟောင်း)
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။