(ထိခိုက်သေဆုံးသူအရေအတွက် ပိုတိုးလာနိုင်)
ပိုးဝါ၊ နိရဉ္စရာ၊ မေ ၁၃/၂၀၂၅
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာဟောင်း ဗုံးကြဲခံရမှုအတွင်း ကနဦးအနေဖြင့် သေဆုံးသူ အရပ်သားရုပ်အလောင်း ၁၃ လောင်းအထိရထားပြီး ၂၀ ကျော်ဒဏ်ရာရရှိခဲ့သည်ဟု အာရက္ခတပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခက နိရဉ္စရာကို အတည်ပြုပြောသည်။
“ကနဦးသတင်းအရကတော့ သေဆုံးအရပ်သား ၁၃ ဦး အလောင်းရရှိထားပြီ။ နောက် ဒဏ်ရာရတာတော့ ၂၀ ကျော် ရှိတယ်လို့ ပြောတယ်ဗျ။ အိမ်ကတော့ ၁၂ လုံး ပျက်စီးသွားတယ်”ဟု ပြောသည်။
ထွန်းရဝေရွာဟောင်းကျေးရွာကို ယနေ့ မေလ ၁၃ ရက်၊ နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီ၏ ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံး လာရောက်ကြဲချခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အပျက်အစီးများအကြား ထိခိုက်သေဆုံးသူ အရပ်သားများ ထပ်ရှိနေနိုင်သေးသည့်အတွက် ထိခိုက်သေဆုံးမှုအရေအတွက် ပိုများလာနိုင်သည်ဟုလည်း သူက ပြောသည်။
အဆိုပါကျေးရွာသည် ရသေ့တောင်မြို့၏ အရှေ့ဘက် ၃ မိုင်ခွဲအကွာတွင်ရှိပြီး အိမ်ခြေ ၂ဝဝ ကျော်ရှိသည်ဟု သိရသည်။
စစ်ဘေးရှောင်အများအပြား ဝင်ရောက်နေထိုင်သည့်ကျေးရွာဖြစ်သည်ဟုလည်း ဒေသခံများက ပြောသည်။
စစ်ကောင်စီသည် မေလ ၆ ရက်မှ ၃၁ ရက်အထိ အပစ်အခတ်ရပ်စဲရေးကာလ ထပ်တိုးကြောင်း ကြေညာထားသော်လည်း သူတို့၏ကြေညာချက်ကို မြေပြင်တွင် သူတို့ကိုယ်တိုင် လုံးဝလိုက်နာခြင်းမရှိဟု ဦးခိုင်သုခက ဆက်ပြောသည်။
“ကျနော်တို့ ရခိုင်ဖက်မှာတော့ သူတို့ နေ့စဉ်နေ့တိုင်း ဗုံးကြဲတိုက်ခိုက်မှုတွေ တောက်လျှောက်လုပ်နေတာရှိတယ်။ လက်နက်ကြီးတွေနဲ့ ပစ်နေတာရှိတယ်။ ဒရုန်းတွေနဲ့ လာပစ်တာရှိတယ်။ ဒါကြောင့်မလို့ သူတို့ကြေညာထားတဲ့ အပစ်အခတ်ရပ်စဲရေးက မြေပြင်မှာလုံးဝလိုက်နာဆောင်ရွက်မှုမရှိဘူး။ နောက်တစ်ခုကတော့ အကြမ်းဖက်စစ်ကောင်စီဟာ အပြစ်မဲ့ပြည်သူတွေကို ဦးတည်ပြီး တိုက်ခိုက်နေတာဖြစ်တယ်။ ဒီနေ့ တိုက်ခိုက်မှုဆိုရင်လည်း ရသေ့တောင်ဆိုတာ ဘာ တိုက်ပွဲမှရှိတဲ့ နေရာမဟုတ်ဘူး။ ဒါပေမယ့် ရည်ရွယ်ချက်ရှိရှိနဲ့ အပြစ်မဲ့ ရခိုင်ပြည်သူတွေကို လာရောက်ဗုံးကြဲတိုက်ခိုက်နေတာဖြစ်တယ်။ ဒါကတော့ ပြောမယ်ဆိုရင် အကြမ်းဖက်စစ်ကောင်စီက ကြီးမားတဲ့ စစ်ရာဇဝတ်မှုကို ကျူးလွန်နေတာဖြစ်တယ်။ ဒီအတွက်လည်းပဲ အကြမ်းဖက်စစ်ကောင်စီအနေနဲ့တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမှာဖြစ်တယ်ဗျ” ဟု ပြောသည်။
ပြည်သူကို ရန်သူသဖွယ်သတ်မှတ်နေသည့် စစ်ကောင်စီကို နိုင်ငံတကာက အရေးယူဖို့လိုအပ်နေပြီဟုလည်း ရခိုင်ဒီမိုကရေအဖွဲ့ချုပ်(ALD)၏ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ပြောသည်။
“အဓိကတော့ စစ်ကောင်စီကို ကျနော်တို့ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးအစုအဖွဲ့တွေအပါအဝင် အားလုံးကလည်း တော်လှန်တိုက်ခိုက်နေကြတယ်။ နိုင်ငံတကာကလည်းပဲ ဒီလောက်ထိ လူ့အခွင့်အရေးချိုးဖောက်ပြီး လူမဆန်စွာပြုမူနေတဲ့ ဒီအဖွဲ့အစည်းကို နိုင်ငံတကာဖိအားနဲ့ လူ့အခွင့်အရေးဆိုင်ရာကိစ္စမျိုးတွေနဲ့ အရေးယူဖို့ လိုအပ်နေပြီလို့ ပြောချင်ပါတယ်” ဟု ပြောသည်။
စစ်ကောင်စီသည် ရခိုင်အပါအဝင် မြန်မာနိုင်ငံအနှံ့ရှိ အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေးအဆောက်အဦများကိုပါ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ၊ ဒရုန်းအသုံးပြုကာ ဗုံးကြဲမှု၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် အရပ်သားများ နေ့စဉ် ထိခိုက်သေဆုံးလျက်ရှိသည်။
ယမန်နေ့ မေလ ၁၂ ရက်၊ နံနက်ပိုင်းကလည်း စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ အိုးထိမ်းတွင်းကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ကျောင်းသူ၊ ကျောင်းသား ၂ဝ ဦးနှင့် ဆရာမနှစ်ဦးသေဆုံးခဲ့ပြီး ကျောင်းသူ၊ ကျောင်းသားအများအပြား ဒဏ်ရာရရှိခဲ့သည်။
ဓာတ်ပုံ - ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာဟောင်းအား စစ်ကောင်စီက လေကြောင်းမှဗုံးကြဲအပြီး တွေ့ရစဉ်။ (Photo - GEM)
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။