နိရဉ္စရာ၊ မေ ၁၄ / ၂၀၂၅
ရခိုင်ပြည်အနောက်ဘက်နယ်စပ် မောင်တောမြို့၊ ၄ မိုင်၊ မကျည်းကုန်းကျေးရွာ၌ စစ်ကျန်လက်ပစ်ဗုံးကို အပြန်အလှန် ပစ်တမ်းကစားရာကပေါက်ကွဲပြီး အသက်ဆယ်နှစ်အရွယ် သက်လူမျိုးလူငယ်နှစ်ဦးသေဆုံးသွားခဲ့ရကာ အသက် ၇၅ နှစ်အရွယ်ရခိုင်လူကြီးတစ်ဦးဒဏ်ရာရရှိသွားခဲ့သည်ဟု သတင်းရရှိသည်။
မကျည်းကုန်းကျေးရွာသားတစ်ဦးက "ကလေးတွေက သူတို့ ကောက်ရတဲ့ လက်ပစ်ဗုံးကို တစ်ယောက်နဲ့ တစ်ယောက်အပြန်အလှန် ပစ်တမ်းကစားကြတယ်လို့သိရတယ်။ အဲ့ဒီမှာ စနက်တန်ပြုတ်ပြီးလက်ပစ်ဗုံးကပေါက်ကွဲတာ။ တစ်ယောက်က ပွဲချင်းပြီးသေဆုံးသွားခဲ့ရတယ်။ နောက်တစ်ယောက်က အရေးပေါ်ဆေးကုသမှုပြုလုပ်ဖို့သွားတယ်။ လမ်းခုလပ်မှာဆုံးသွားတယ်။ နွားရေတိုက်ပြီးပြန်လာတဲ့ သက်ကြီးပိုင်း ရခိုင်လူကြီးတစ်ယောက်လည်း အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်။ အရေးပေါ်ဆေးကုသနေရတယ်"ဟုပြောသည်။
ပွဲချင်းပြီးသေဆုံးသွားသူကလေးငယ်မှာ ဦးမောင်ညွန့်၏သား အသက် (၈)နှစ်ရွယ် မောင်သက်ချိုဖြစ်ပြီး ဆေးရုံသို့ယူဆောင်စဉ် လမ်းမှာသေဆုံးသွားသူမှာ ဒေါ်မကျော့ချေ၏သား အသက် (၁၀) နှစ်အရွယ် မောင်ချစ်အောင်ဖြစ်ကြောင်းသိရသည်။
မကျည်းကုန်းကျေးရွာမှ ၎င်းကလေးငယ်နှစ်ဦးသည် မေလ ၈ ရက်နေ့၊ နေ့လယ် ၁ နာရီကျော်အချိန်၌ သူတို့ကောက်ရခဲ့သည့် စစ်ကျန်လက်ပစ်ဗုံးတစ်လုံးအား ရွာ၏ အရှေ့ဖက် တောစပ်၌ တစ်ယောက်နှင့်တစ်ယောက် ပစ်တမ်းကစားကြစဉ် လက်ပစ်ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
ဒဏ်ရာရရှိသွားသူမှာအသက် ၇၅ နှစ်ရွယ် ဦးအောင်သက်ထွန်း(ဘ)လပြည့်ဖြစ်သည်။
ဦးအောင်သက်ထွန်း၏ သမီးဖြစ်သူက "ကျွန်မအဖေက နွားရေတိုက်ပြီးပြန်လာတာ။ သူတို လက်ပစ်ဗုံးပေါက်တဲ့နေရာနဲ့အတော်လေးဝေးလိုသာ အသက်ရှင်ခဲ့တာ။ မဟုတ်ရင် သေသွားနိုင်ပါတယ်။ လက်ရှိဆေးကုမှုခံယူနေရတယ်။ ဒါပေမယ့် ငွေကြေးမတတ်နိုင်လို့ ဆေးကုသဖို့ အခက်အခဲရှိနေပါတယ်။ အခုအချိန်အထိ ဘယ်လူမှုအဖွဲ့အစည်းကမှ လာပြီးစာရင်းယူတာ၊ ထောက်ပံ့တာမရှိသေးပါဘူး"ဟုပြောဆိုသည်။
မောင်တော ၄ မိုင် မကျည်းကုန်းကျေးရွာ၌ သက်လူမျိုးများနှင့် ရခိုင်လူမျိုးများနေထိုင်ပြီး အိမ်ခြေ ၂၅၀ ကျော်ရှိသည့်ကျေးရွာတစ်ခုလည်းဖြစ်သည်။
အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရအနေဖြင့် ရခိုင်ပြည်အတွင်း မိုင်းနှင့်စစ်ကျန်လက်နက်များ အန္တရာယ်ပညာပေးဟောပြောပွဲများ၊ သတိပေးဆိုင်းဘုတ်များနှင့် မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေမှုများကို ပြုလုပ်နေသလို မိုင်းရှင်းလင်းရေး လုပ်ငန်းများကို ဆက်တိုက် လုပ်ဆောင်လျက်ရှိနေသော်လည်း ဒေသခံပြည်သူများမှာယခုကဲ့သို့ စည်းကမ်းလိုက်နာမှုအားနည်းရာမှ ပေါက်ကွဲမှုဖြစ်၍ မကြာခဏ သေဆုံးဒဏ်ရာရရှိမှုများ ရှိနေသည်ဟု သိရသည်။
ပုံစာ-လက်ပစ်ဗုံးကျည်စများထိမှန်သွားသည့် ဦးအောင်သက်ထွန်းအားတွေ့ရစဉ်။