Preview

ကျောက်တော်တွင် မိုးကြိုးပစ်ခံရ၍ မိန်းကလေးငယ်တစ်ဦးအပါအဝင် သုံးဦးသေဆုံး

မောင်စာဂ | မေ ၁၄/ ၂၀၂၅ | ကြည့်ရှုသူ :3285
ရခိုင် သတင်း

(ကလေးနှစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရ)

မောင်စာဂ၊ နိရဉ္စရာ၊ မေ ၁၄ /၂၀၂၅

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ဇင်းခါးချေ(ဒေသအခေါ် ဇင်းခါချေ)ကျေးရွာတွင် မိုးကြိုးပစ်ခံရ၍ မိန်းကလေးငယ်တစ်ဦးအပါအဝင် သုံးဦးသေဆုံးသွားပြီး ကလေးနှစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရသွားခဲ့သည်ဟု သိရသည်။

သေဆုံးသွားသူများမှာ အဆိုပါကျေးရွာမှ မူကြိုတက်နေသည့် မမြတ်ယုဝတီခိုင် (၄)နှစ်ကျော်၊ ဒေါ်လှကြာညို (၈၂)နှစ်နှင့် ဦးဦးသောင်းကျော် (၆၀)နှစ်ခန့်တို့ဖြစ်ကြသည်။

ဒဏ်ရာရသွားသူများမှာ အဆိုပါကျေးရွာမှ Grade – 1 တက်နေသည့် မောင်ကြယ်စင်လင်း (၆)နှစ်ကျော်၊ Grade – 2 တက်နေသည့် မောင်နိုင်အောင်ကျော် (၈)နှစ်ကျော်နှင့် မောင်ထွန်းနေလင်း (၁၈)နှစ်တို့ဖြစ်ကြသည်။

သူတို့ခြောက်ဦးသည် မိသားစုဝင်များဖြစ်ကြပြီး ယမန်နေ့ မေလ ၁၃ ရက်၊ ညနေ ၃ နာရီခွဲခန့်တွင် ဦးဦးသောင်းကျော်၏နေအိမ်ရှေ့ ဝင်ဝ အိမ်ခေါင်မိုးစွန်းအနီး ရှိနေကြစဉ် မိုးကြိုးတစ်ကြိမ်ပစ်ခတ်ခံရမှုကြောင့် သေဆုံး၊ ဒဏ်ရာရသွားခြင်းဖြစ်သည်ဟု ဒဏ်ရာရသူ မောင်ကြယ်စင်လင်း၏ ဆွေမျိုးအမျိုးသမီးက နိရဉ္စရာကို ပြောသည်။

"ညနေ ၃ နာရီ ၂၀ လောက်မှာ လေနည်းနည်းတိုက်ပြီး မိုးနည်းနည်းရွာတော့ အကုန် အိမ်ထဲဝင်နေကြတာ။ အဲဒီအချိန် မိုးကြိုးပစ်တော့ အဲဒီမှာ အကုန်ထိသွားကြတာ။ ဒဏ်ရာရသွားတဲ့ နေထွန်းလင်းက နောက်ပိုင်းမှ ပြောတာက မိုးကြိုးပစ်ချိန် မီးအလင်းတန်းတစ်ခု အိမ်ထဲကိုကျလာတာ သူမြင်လိုက်တယ်လို့ ပြောတယ်။ သူလည်း သတိမေ့သလို မေ့မျောပြီး ခဏဖြစ်သွားသေးတယ်။ သေတဲ့သူတွေက ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတာတွေတော့ မရှိဘူး။ ဒီအတိုင်းပဲ လဲကျသွားကြပြီး သေသွားကြတာ"ဟု ပြောသည်။

သေဆုံးသူသုံးဦးအနက် ဦးဦးသောင်းကျော်၏ဦးခေါင်းတွင် သွေးအနည်းငယ်ထွက်ကာ သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး ကျန်သည့်သေဆုံးသူနှစ်ဦးတွင် ထိခိုက်ဒဏ်ရာ တစ်စုံတရာမရဘဲ သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အလားတူ ဒဏ်ရာရသူများအနက် မောင်ကြယ်စင်လင်းတွင် ညာဘက်မျက်လုံး ထိခိုက်သွားပြီး မောင်နိုင်အောင်ကျော်တွင်လည်း ဦးခေါင်းသွေးထွက်ဒဏ်ရာရသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

မောင်ထွန်းနေလင်းတွင် ဒဏ်ရာကြီးကြီးမားမားရရှိခဲ့ခြင်းမရှိခဲ့ဟု ဆိုသည်။

သူတို့ခြောက်ဦးအနက် သေဆုံးသူ ဦးဦးသောင်းကျော်သည် မိုးကြိုးမပစ်မီ နေအိမ်ရှေ့တွင် ဝါးထရံရက်လုပ်နေခဲ့ပြီး ဒေါ်လှကြာညိုနှင့် မောင်ထွန်းနေလင်းတို့မှာ အနီးတွင် ထိုင်နေကြခြင်းဖြစ်သည်။

ကျန်ကလေးငယ်သုံးဦးမှာ သူတို့အနီးတွင် ဆော့ကစားနေခဲ့ကြခြင်းဖြစ်သည်ဟု အထက်ပါအမျိုးသမီးက ဆက်ပြောသည်။

“သူတို့ခြောက်ယောက်လုံးက မိုးလေလာလို့ နေအိမ်ထဲဝင်နေချိန် မိုးကြိုးပစ်ခံရလို့ သေဆုံး၊ ဒဏ်ရာရသွားကြတာပါ”ဟု ပြောသည်။

မိုးကြိုးပစ်စဉ် နေအိမ်ခေါင်မိုးတွင် ထိုးထားသည့်ထီးတစ်လက်လည်း မီးလောင်ကျွမ်းသွားပြီး အချိန်မီငြိမ်းသတ်နိုင်ခဲ့၍ နေအိမ်အား ကူးစက်မှုမရှိခဲ့ဟု ဆိုသည်။

လက်ရှိတွင် ဒဏ်ရာရသူများအနက် မောင်ကြယ်စင်လင်းတွင် မျက်လုံးထိခိုက်သွားခဲ့သည့်အတွက် ဆေးကုသမှုခံယူလျက်ရှိသည်ဟု သိရသည်။

သေဆုံးသူများကိုမူ ယမန်နေ့ကပင် ရွာသုသာန်တွင် သင်္ဂြိုဟ်ခဲ့သည်ဟု ရွာသားများက ပြောသည်။

blob
Photo - MIMU

အဆိုပါကျေးရွာတွင် အိမ်ခြေ ၄၀၀ ကျော်ရှိပြီး ကုလားတန်မြစ်ကမ်း၏ အရှေ့ဘက် အုံးကျွန်း၊ ဂေါရောမဏီနှင့် လက်ခုတ်ပင်ရင်းစသည့်ကျေးရွာများအနီးတွင် တည်ရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်၊ ညနေ ၆ နာရီကျော်ကလည်း ကျောက်တော်မြို့နယ်၊ ညောင်ချောင်းကျေးရွာမှ အမျိုးသားတစ်ဦးသည် မျှစ်ချိုး၍ပြန်လာစဉ် မိုးကြိုးပစ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

ရခိုင်ပြည်တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၆ ရက်တစ်နေ့တည်းတွင် မိုးကြိုးပစ်ခံရ၍ ပုဏ္ဏားကျွန်းမြို့နယ်နှင့် မြောက်ဦးမြို့နယ်တို့မှ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားသုံးဦးတို့ သေဆုံးသွားခဲ့သည်။

အလားတူ နောက်နေ့ ဇွန်လ ၁၇ ရက်တွင်လည်း ကျောက်တော်မြို့နယ်၊ အောင်ဇေယျကျေးရွာမှ အမျိုးသမီးတစ်ဦး မိုးကြိုးပစ်ခံရ၍ အရေးပေါ်ဆေးရုံတင်ခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ မေလအတွင်းကလည်း မိုးကြိုးပစ်ခံရ၍ ရမ်းဗြဲမြို့နယ်၊လေးတောင်မြို့မှ Grade 8 နှင့် Grade 11 ကျောင်းသားနှစ်ဦး၊ ကျောက်ဖြူမြို့နယ်၊ မင်းချောင်းကျေးရွာမှ တစ်ဦးနှင့် ရသေ့တောင်မြို့နယ်၊ ပြိန်းတောကျေးရွာမှ (၄)နှစ်အရွယ်မောင်ခိုင်ဟိန်းဖြိုးတို့ သေဆုံးသွားခဲ့သည်။

ဓာတ်ပုံ - အင်တာနက်

---

ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.