မောင်စာဂ၊ နိရဉ္စရာ၊ မေ ၁၄/၂ဝ၂၅
နှစ်နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၁၃ ဦးသေဆုံးစေခဲ့သည့် ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ ထွန်းရဝေရွာဟောင်းကို ယမန်နေ့က စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုအပေါ် အမေရိကန်ရခိုင်လူမှုအဖွဲ့အစည်း(Arakan American Community-AAC)က ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်လိုက်သည်။
ထွန်းရဝေကျေးရွာမှ အပြစ်မဲ့အရပ်သားပြည်သူ ၁၃ ဦးထက်မနည်းသေဆုံးပြီး အရပ်သားအများအပြားထိခိုက်ဒဏ်ရာရသွားစေခဲ့သည့် အဆိုပါစစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကျူးလွန်သည့်လုပ်ရပ်မှာ ပြင်းထန်သော စစ်ရာဇဝတ်မှုကို ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု AAC ၏ ယမန်နေ့ မေလ ၁၃ ရက်တွင် အင်္ဂလိပ်ဘာသာဖြင့်ထုတ်ပြန်သည့် ကြေညာချက်၌ဖော်ပြထားသည်။
သေဆုံးသူများအနက် ၁ဝ ဦး၏အလောင်းကိုသာ အမည်နှင့်တကွ အတည်ပြုထားနိုင်ပြီး နောက်ထပ်သေဆုံးသူများ၏အချက်အလက်များကို ကောက်ယူနေကြဆဲဖြစ်သည်။
သေဆုံးသူများမှာ မဖူးမူချေ(၂) နှစ်၊ ဒေါ်မဘုချေ (၈၂) နှစ်၊ ဦးကျော်သိန်းဦး( ၄၅) နှစ်၊ ဒေါ်ခိုင်ဝင်းနု(၄၀)နှစ်၊ မနန္ဒာအေး(၂၇) နှစ်၊ ဒေါ်ဦးဆန်းယဉ် (၄၅) နှစ်၊ ဦးလှမောင်သန်း (၃၅) နှစ်၊ ဒေါ်ခိုင်ဝင်းယီ (၄ဝ)နှစ်၊ ဒေါ်မဖြူ (၅၄) နှစ်နှင့် ဒေါ်ဘုစိန်(၃၆) နှစ်တို့ဖြစ်ကြသည်။
ဒဏ်ရာရရှိသူများတွင်လည်း ကလေးငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများ ပါဝင်သည်။
သေဆုံးသူများကို ယမန်နေ့ကပင် ရွာသုသာန်တွင် လိုက်ပြီဟု သိရသည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး ရခိုင်ဒီမိုကရေအဖွဲ့ချုပ်(ALD)၏ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ယခုကဲ့သို့ လူမဆန်စွာပြုမူနေသည့် စစ်ကောင်စီကို နိုင်ငံတကာဖိအားနှင့်အတူ အရေးယူရန်လိုအပ်နေပြီဟု ယမန်နေ့တွင် နိရဉ္စရာကို ပြောဆိုထားသည်။
ဓာတ်ပုံ - ထွန်းရဝေရွာဟောင်း ဗုံးကြဲခံရအပြီး တွေ့ရစဉ်။ (Photo - ပေးပို့)
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။