(အရပ်သားအချို့ ဒဏ်ရာရ)
စောရှင်မေ၊ နိရဉ္စရာ၊ မေ ၁၄/၂၀၂၅
ရခိုင်ပြည်၊ ကျောက်တော်မြို့ကို စစ်ကောင်စီလေတပ်က ယနေ့ ညနေတွင် လေကြောင်းမှ ဗုံးတစ်လုံး လာကြဲခဲ့သည့်အတွက် အရပ်သားတစ်ဦးထက်မနည်း သေဆုံးသွားခဲ့သည်ဟု မြို့ခံများက ပြောသည်။
ယနေ့ မေလ ၁၄ ရက်၊ ညနေ ၃ နာရီ ၅၁ မိနစ်တွင် စစ်ကောင်စီ၏ဂျက်ဖိုက်တာတစ်စီးက ကျောက်တော်မြို့၊ ရွှေကျောင်းအနောက်ဘက်ရှိ တောင်ဘက်စု ရွာမရပ်ကွက်သို့ ဗုံးတစ်လုံးလာကြဲချခဲ့ခြင်းဖြစ်သည်။
ယင်းသို့ကြဲချခဲ့မှုကြောင့် အမျိုးသမီးငယ်တစ်ဦးပွဲချင်းပြီး သေဆုံးသွားခဲ့သည်ကိုတွေ့ရပြီး နောက်ထပ်လည်း သေဆုံးသူရှိနိုင်သည်ဟု အခင်းဖြစ်ပွားရာသို့ရောက်ရှိခဲ့သည့် မျက်မြင်တစ်ဦးက ပြောသည်။
ဒဏ်ရာရသွားသည့် အမျိုးသားနှစ်ဦးကိုလည်း ဆေးကုသမှုခံယူရန်ခေါ်ဆောင်သွားသည်ကိုတွေ့လိုက်ရသည်ဟုလည်း သူက ပြောသည်။
"သေသွားတဲ့ ကလေးမလေးတစ်ယောက်ဆို အသက် ၁၀ ကျော်လောက်ခန့်မှန်းရတယ်။ ရစရာမရှိအောင် ရုပ်ပျက်ဆင်းပျက်ဖြစ်သွားခဲ့တာ။ အသားစ အစအနတွေ ပြန့်ကြဲသွားတယ်။ ဘယ်သူ့သားသမီးဆိုတာတော့ မသိရသေးဘူး"ဟု ပြောသည်။
သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူနောက်ထပ်လည်း ရှိနိုင်သေးသည်ဟု ဆိုသည်။
ကျည်စထိမှန်၍ နေအိမ် ၁၀ ကျော်လည်း ပျက်စီးသွားခဲ့သည်ဟု သိရသည်။
ကျောက်တော်မြို့ကို ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နှင့် ၁၃ ရက်တို့ကလည်း စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ယင်းဖြစ်စဥ်နှစ်ခုအတွင်း အပြစ်မဲ့အရပ်သား အမျိုးသားတစ်ဦးသေဆုံးပြီး ၂၄ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။
စစ်ကောင်စီသည် ယမန်နေ့ မေလ ၁၃ ရက်၊ နံနက်ပိုင်းကလည်း ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာဟောင်းအား ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံးလာကြဲချခဲ့သည့်အတွက် နှစ်နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၁၃ ဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရသွားခဲ့သည်။
ဓာတ်ပုံ - ယနေ့ မေလ ၁၄ ရက်၊ ညနေပိုင်းက စစ်ကောင်စီက ကျောက်တော်မြို့အား ဗုံးကြဲခဲ့သည့်နေရာအား တွေ့ရစဥ်။
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။