သဉ္ဇာနွယ်၊ နိရဉ္စရာ၊ မေ ၁၄/၂၀၂၅
ရခိုင်ပြည်သို့ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ ဆေးဝါးနှင့် စားကုန်အတု တင်သွင်းမှုရှိနေ၍ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)၏ သက်ဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးနေကြောင်း သတင်းရရှိသည်။
ရခိုင်သို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယဖက်မှ တင်သွင်းသည့် အစားအသောက်နှင့် ဆေးဝါးများတွင် ယခုနောက်ပိုင်း အတုများပါရှိလာနေ၍ ULA/AA ၏စစ်ဆေးရေးဂိတ်များတွင် အတု/အပ ရှိ/မရှိ စိစစ်ဆေးစစ်မှုများ ပြုလုပ်ပေးနေသည်ဟု ULA/AA နှင့်နီးစပ်သည့် သက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးက နိရဉ္စရာကို ပြောသည်။
"ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယဖက်က ဈေးကွက်တချို့မှာ အတုတွေ ပေါတယ်။ ဈေးပေါတဲ့ဆေးဝါးတွေ၊အစားအသောက်တွေပေါတယ်။ အဲဒါတွေကို ကိုယ့်ရခိုင်ပြည်တွင်းမှာ ဒေသခံတွေမသုံးမိဖို့ စစ်ဆေးတာရှိတယ်။ ကုန်သည်တွေတင်လာရင် စိစစ်စစ်ဆေးတာပဲရှိတယ်။ ဆေးဝါးအစစ်တွေ၊ အန္တရာယ်ကင်းတဲ့ အစားအသောက်ဆိုရင် တားမြစ်တာမရှိဘူး။ အတုတွေဆိုရင် ထိန်းသိမ်းထားတယ်။ ဒါက အာရက္ခပြည်သူအစိုးရရဲ့လုပ်ထုံးလုပ်နည်းပါ"ဟု ပြောသည်။
ရခိုင်မှ ကုန်သည်အချို့မှာ အမြတ်အစွန်းများရလိုသည့်အတွက် ဆေးဝါးနှင့် စားသောက်ကုန်အတုများကို နည်းမျိုးစုံဖြင့် တင်သွင်းမှုများရှိနေသည့်အတွက် ULA/AA က ယခုလိုစစ်ဆေးနေရခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။
"ကုန်သည်အားလုံးလည်း ဒီလိုလုပ်နေတာတော့မဟုတ်ဘူး။ တချို့ လောဘသားတွေက အဲဒီဖက်က တရားမဝင်ရောင်းချနေတဲ့ဆေးတွေ/အစားအသောက်တွေကို ဝယ်တယ်။ ဒီကိုရောက်ရင် အစစ်လိုမျိုး ဈေးတင်ရောင်းတာတွေရှိတယ်။ အဲဒါ တွေကြောင့် အခုလိုစစ်ဆေးနေတာ" ဟုပြောသည်။
ယခုကဲ့သို့ စစ်ဆေးမှုများအတွက် အတုတင်သွင်းလာသည့် ကုန်သည်တချို့မှာ နစ်နာမှုရှိကြသော်လည်း ULA/AA ၏ လုပ်ရပ်က မှန်ကန်သည်ဟု ကုန်သည်အမျိုးသမီးတစ်ဦးက နိရဉ္စရာကိုပြောသည်။
"အခုလို စိစစ်တာကောင်းတယ်။ ဘေးထွက်ဆိုးကျိုးများတဲ့ ဘယ်ထုတ်ကုန်ပစ္စည်းမဆို တားမြစ်သင့်တယ်။ ကလေးတွေဆိုလည်း ဘေးအန္တရာယ်ရှိစေတဲ့ အစားအသောက်တွေစားမိရင် အသက်ဆုံးရှုံးနိုင်တယ်။ ကျမတို့ဆိုလည်း လူနဲ့ဆေးမကင်းဘူး။ ကျမတို့လို သာမန်ဈေးသည်တွေက ဘယ်ဆေးက အတု၊ ဘယ်ကုန်ပစ္စည်းက အတုဆိုတာ မသိနိုင်ဘူးလေ" ဟု ပြောသည်။
ဆေးဝါးနှင့် စားသောက်ကုန်အတုများ သုံးစွဲမိပါက ဘေးထွက်ဆိုးကျိုးများစွာ ခံစားနိုင်ရသဖြင့် သေချာစိစစ်ပေးရန်နှင့် အတုဖြစ်ကြောင်း ထုတ်ပြန်ကြေညာပေးရန်လည်း ရခိုင်ပြည်သူများက လိုလားနေကြသည်။
ဆေးဝါးမှတ်ပုံတင်ရရှိထားသော ဆေးဝါးများနှင့် အမည်ဆင်တူသော တရားမဝင်ဆေးဝါးများ ဈေးကွက်အတွင်း ရောင်းချနေမှုမှာလည်း ကမ္ဘာအနှံ့အပြားတွင်ရှိနေပြီး ဆေးဝါးအတုသုံးစွဲမှုကြောင့် သေဆုံးသူများလည်း ရှိနေကြောင်း ကျန်းမာရေးသုတေသနစာတမ်းများ၏ ဖော်ပြချက်အရ သိရသည်။
ဓာတ်ပုံ - APM
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။