နိရဉ္စရာ၊ မေ ၁၆/၂၀၂၅
အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတို့သည် လက်ရှိ ကျောက်ဖြူမြို့နယ်၊မလကျွန်း၊တရုတ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးစီမံကိန်းအနီးအနားတွင် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။
မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက " စစ်ကောင်စီဖက်က အေအေရှိတဲ့ နေရာတွေကိုစစ်ကြောင်းတွေတအားထိုးတယ်။ အေအေကလည်း ကိုယ့်နေတဲ့နေရာအနီးအနားကိုရောက်လာရင် တိုက်တယ်။ အဲ့လိုမှမတိုက်ရင်မရဘူးလေ။ကိုယ့်ဖက်ကအထိနာမှာပေါ့။ အခုဆိုရင် မလကျွန်းနဲ့ တရုတ်ဓာတ်အားဖြန့်ဖြူးရေးစက်ရုံ အနီးအနားတွေအထိ တိုက်ပွဲဖြစ်နေတာ" ဟုနိရဉ္စရာကိုပြောသည်။
မလကျွန်းကျေးရွာအနီးအနားရှိတရုတ်စီမံကိန်းများအနီးအနားတွင်အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတို့ ယမန်နေ့ မေလ ၁၅ ရက်နေ့မှစ၍တိုက်ပွဲပြင်းနေသည်ဟုသိရသည်။
စစ်ကောင်စီသည်စစ်ရေယာဉ်များ၊လေယာဉ်များ၊ဒရုန်းများဖြင့် ပါဝင် တိုက်ခိုက်နေသော်လည်း သူတို့လှုပ်ရှားနေသည့် နေရာများမှ အခြေကုပ်နေရာယူထားသည့် တပ်စခန်းများဖက်ကိုအကျအဆုံးများနှင့် နောက်ဆုတ်နေရသည့် အနေအထားရှိနေသည်ဟု၎င်းက ပြောသည်။
" စစ်ကောင်စီဖက်က နောက်ဆုတ်ထွက်ပြေးမှုတွေများနေတယ်။ သူတို့က တရုတ်စီမံကိန်းတွေရဲ့ စက်ရုံတွေမှာ အခြေကုပ်တပ်စွဲထားတယ်လေ။စစ်တပ်က တရုတ်ပိုင်စက်ရုံတွေကို ကာဗာယူပြီးတိုက်နေတယ်။အခု သေနတ်သံတွေက အဲဒီနားကနေ ကြားနေရတာ" ဟု ပြောသည်။
စစ်ကောင်စီသည် မလကျွန်းရွာ၊ တရုတ်ဓာတ်အားဖြန့်ဖြူးရေးနှင့် စွန့်ပစ်အပူသုံးစက်ရုံအနီးအနား တဝိုက်တွင် ၎င်းစီမံကိန်းလုံခြုံရေးအတွက် အခြေကုပ်နေရာယူထားသည်ဟုသိရသည်။
ပြီးခဲ့သည့်မေလ ၁၁ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ် လိပ်ခမော်ဖက်ကိုစစ်ကြောင်းထိုးလာသည့် စစ်ကြောင်းကိုAAကပြောက်ကျားစစ်ဖြင့်ကြားဖြတ်တိုက်ခိုက်၍ စစ်ကောင်စီတပ်သား ရာနှင့်ချီကျဆုံးကာရှေ့မတိုးနိုင်ဘဲနောက်လှန်ကျသွားခဲ့သည်ဟုသိရသည်။
စစ်ကောင်စီဖက်မှကျောက်ဖြူတိုက်ပွဲကို လေကြောင်းနှင့် ရေကြောင်းမှနေပြီးတပ်အင်အားအများ အပြား ဖြည့်တင်းထားပြီး အများစုမှာ တပ်မ(၉၉)အပါအဝင်ပြည်သူ့စစ်သင်တန်းသားများဖြစ်ကြောင်းသိရသည်။
ကျောက်ဖြူတိုက်ပွဲအတွင်းစစ်ကောင်စီဖက်မှ အထိနာမှုများပြားနေသဖြင့် ဒရုန်း၊စက်တပ်လေထီးများဖြင့်ပိုမိုပစ်ခတ်လာကာ လက်နက်ကျည်များဖြင့်လည်း ပစ်ခတ်နေကြောင်း သိရသည်။
စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံ ကို ၂၀၂၂ခုနှစ် အောက်တိုဘာလက စတင်စမ်းသပ်လည်ပတ်ခြင်း ဖွင့်ပွဲအခမ်းအနားကိုကျင်းပခဲ့သည်။
ကျောက်ဖြူသဘာဝဓာတ်ငွေ့ နှင့် စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံသည်၂၀၂၃ ခုနှစ် မေလ ၁၉ ရက်နေ့တွင် စီးပွားဖြစ်စတင် လည်ပတ်ခဲ့ ကြောင်းသိရသည်။
အဆိုပါတရုတ်ဓာတ်ငွေ့သန့်စင်စက်ရုံအနီးအနားဝန်းကျင်တွင်စစ်ကောင်စီသည် ဘန်ကာများ၊ ကတုတ်ကျင်းများတူးကာ ခံစစ်တိုးချဲ့ တည်ဆောက်ထားခဲ့သည်။ ( Photo- Eleven)