Preview

မလေးရှားသို့ ပို့ဆောင်မည့် မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး စစ်ကောင်စီစွပ်စွဲချက် AA ပယ်ချ

ခိုင်လူလှ (ရိုးမမြေ) | မေ ၁၈/ ၂၀၂၅ | ကြည့်ရှုသူ :1343
ရခိုင် သတင်း

(ULA/AA ကို ကုလသမဂ္ဂနှင့်နိုင်ငံတကာအသိုင်းအဝိုင်းအပါအဝင် အိမ်နားနီးချင်းနိုင်ငံများက အသိအမှတ်ပြု ဆက်ဆံဖို့ကြိုးစားလာသည့် အချိန်နှင့်ကိုက်ပြီးစစ်ကောင်စီကဂုဏ်သိက္ခာညှိုးနွမ်းစေလိုသည့် ရည်ရွယ်ချက်ဖြင့် နိုင်ငံရေးအောက်လုံးများသုံးပြီးတော့ မတရားလုပ်ကြံဝါဒဖြန့်တိုက်ခိုက်လာခြင်းသာဖြစ်ဟုဆို)

နိရဉ္စရာ၊ မေ ၁၇/၂၀၂၅

မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့် မူးယစ်ဆေးဝါးများဖမ်းဆီးရမိသည့် သတင်းနှင့် ပတ်သက်ပြီး အာရက္ခတပ်တော်( AA) ကို စစ်ကောင်စီက မေလ ၁၇ ရက်နေ့ထုတ် သူတို့ပိုင် သတင်းစာများမှ စွပ်စွဲထားချက်အပေါ် အခြေအမြစ်မရှိ လုပ်ကြံဖန်တီး စွပ်စွဲချက်သာဖြစ်ကြောင်း ပြောဆိုပြီး AA ပြောခွင့်ရသူ ဦးခိုင်သုခက ပယ်ချလိုက်သည်။

“ ဒီကိစ္စကတော့ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီက သူတို့ အလုပ်နေကျအတိုင်းပေါ့နော်။ အခြေအမြစ်မရှိ လုပ်ကြံဖန်တီး စွပ်စွဲချက်တွေဘဲ ဖြစ်ပါတယ်။ ကျနော်တို့နဲ့ လုံး၀ ဆက်စပ် ပတ်သက်မှုမရှိပါဘူ။ ခင်ဗျာတို့ အားလုံး သိတဲ့အတိုင်းဘဲ မြန်မာပြည်မှာ မကောင်းမှု လုပ်ငန်းဟူသမျှနော်  မူးယစ်ဆေးဝါးကိစ္စကို ကြည့်မလား အွင်လိုင်းလိမ်လည်မှု ကျားဖျန့် လုပ်ငန်းတွေကို ကြည့်မလား တစ်ခြား ဒီ မကောင်းမှု လုပ်ငန်းတွေဟူသမျှကို အကြမ်းဖက် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေက သူတို့  ထိန်းချုပ်လုပ်ကိုင်နေတာဖြစ်ပါတယ်” ဟု ပြောဆိုသည်။

၎င်းပြင် စစ်ကောင်စီသည် ရခိုင်အပါအဝင် ဒေသအများအပြားကို ဗုံးကြဲပြီး အပြစ်မဲ့ပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်နေမှုကို ဖုံးကွယ်ရန် လုပ်ကြံဖန်တီး ဇာတ်လမ်းတွေဆင်ပြီးတော့မှ စွပ်စွဲခြင်းသာဖြစ်သည်ဟု ဆိုသည်။

“ ဒီရက်ပိုင်းတွေမှာ ပြန်ကြည့်မယ်ဆိုရင်  အကြမ်းဖက် စစ်ကောင်စီဟာ မြန်မာပြည်အနှံ့မှာ သူတို့ အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီးတော့မှ  စစ်ရာဇဝတ်မှုတွေကို အကြိမ်ကြိမ်ကျူးလွန်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ တော်တော်ပြောမယ်ဆိုရင်  လွန်ခဲ့တဲ့ အအပတ်ကဘဲ ဒီပဲရင်းဘက်မှာ လူမမယ်ကေလေးငယ်တွေကို အစုလိုက်အပြုံလိုက် ဗုံးကြဲသတ်ဖြတ်ခဲ့တာတွေ ရှိတယ်။ ကျနော်တို့အာရက္ခ​ဒေသမှာ ကြည့်မယ်ဆိုလို့ရှိရင်လည်း ရသေ့တောင်မြို့နယ်ထဲက ထွန်းရဝေရွာဟောင်းကို ဗုံးကြဲပြီးတော့မှ ပြည်သူတွေကို  အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တာတွေရှိတယ်။ နောက် ကျောက်တော်မြို့ကိုလည်း သူတို ဘာတိုက်ပွဲမှ ဖြစ်တာမရှိဘဲနဲ့  ၂ ရက်ဆက်တိုက်နေပြီးတော့  အရပ်သားပြည်သူတွေကို ဦးတည်ပြီးတော့မှ ပစ်မှတ်ထား တိုက်ခိုက်ပြီးတော့ စစ်ရာဇဝတ်မှုကို ကျူးလွန်ခဲ့တာရှိတယ်။  အကြမ်းဖက်စစ်ကောင်စီဟာ ဒီလို ကြီးမားတဲ့စစ်ရာဇဝတ်မှုတွေကိုစစ်ရာဇဝတ်မှုတွေကို​ သူဖုံးကွယ်ဖို့အတွက် ကျနော်တို့ ULA/AA ကို ဒီလိုမျိုး ဒီလုပ်ကြံဖန်တီး ဇာတ်လမ်းတွေဆင်ပြီးတော့မှ စွပ်စွဲတာသာဖြစ်ပါတယ်”ဟု ပြောသည်။

ULA/AA အား အကြိမ်ကြိမ်စွပ်စွဲချက်များကို ကြည့်လျှင် တစ်ပုံစံတည်း ဖြစ်နေပြီး လုပ်ကြံဖန်တီးနေကျ နည်းလမ်းများအတိုင်း စွပ်စွဲခြင်းသာ ဖြစ်သည်ဟု ပြောဆိုသည်။


blob
စစ်ကောင်စီက ဖော်ပြသည့်ဓာတ်ပုံ











“ ပြောမယ်ဆိုလို့ရှိရင်တော့ ဒီအကြိမ်ကြိမ်စွပ်စွဲချက်တွေကို ပြန်ပြီးတော့ကြည့်မယ်ဆိုရင် သူတို့ လုပ်ကြံဖန်တီးဇာတ်လမ်းဆင်တာတွေ အားလုံးဟာ တစ်ပုံစံတည်းဖြစ်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီဟာကတော့ စစ်ကောင်စီ လုပ်နေကျ သူတို့ လုပ်ကြံဖန်တီးနေကျ နည်းလမ်းတွေသာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ သူတို့ စွပ်စွဲသလို မျိုး ကျနော်တို့ အနေနဲ့ ဒီမူးယစ်ဆေးဝါး ကိစ္စတွေနဲ့ လုံး၀ လုံး၀ ကို ဆက်စပ်ပတ်သက်မှု မရှိပါဘူး ခင်ဗျား။”

လက်ရှိတွင် နယ်မြေထိန်းချုပ်မှုကျယ်ပြန့်လာသည့်  ULA/AA ကိုနိုင်ငံတကာ အသိုင်းအ၀ိုင်းက အသိအမှတ်ပြု ထိတွေ့ ဆက်ဆံလာချိန်နှင့် ချိန်ကိုက်ပြီး ဂုဏ်သိက္ခာညှိုးနွမ်းစေလိုသည့် ရည်ရွယ်ချက်ဖြင့်နိုင်ငံရေးအောက်လုံးများသုံးပြီးမတရားလုပ်ကြံဝါဒဖြန့်တိုက်ခိုက်ခြင်းသာဖြစ်ကြောင်းဖြင့်လည်းပြောဆိုသည်။

“  နောက်တစ်ချက်ကတော့နယ်မြေထိန်းချုပ်မှုကျယ်ပြန့်လာသည့်  ULA/AA ကို ကုလသမဂ္ဂနှင့်နိုင်ငံတကာအသိုင်းအဝိုင်းအပါအဝင် အိမ်နားနီးချင်းနိုင်သံတွေက အသိအမှတ်ပြု ဆက်ဆံဖို့ကြိုးစားလာတဲ့အချိန်နှင့်ကိုက်ပြီးတော့ အကြမ်းဖက်စစ်ကောင်စီဖက်က ကျနော်တို့ကို ဂုဏ်သိက္ခာညှိုးနွမ်းစေလိုတဲ့ရည်ရွယ်ချက်နှင့် ဒီလိုနိုင်ငံရေးအောက်လုံးတွေသုံးပြီးတော့ မတရားလုပ်ကြံဝါဒဖြန့်တိုက်ခိုက်လာတာသာဖြစ်ပါတယ်”ဟု ပြောဆိုသွားသည်။

စစ်ကောင်စီပိုင် ဝါဒဖြန့် သတင်းစာများတွင် ဧပြီ ၂၆ ရက်၊ ၂၇ ရက်နှင့် မေလ ၁၁ ရက်နေ့တို့တွင်  ယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်သူ AA ထောက်ပံ့ရေးတာဝန်ခံ နေပိုင်လင်း(ခ) အောင်နိုင်ကြွယ် အပါအဝင် လူပေါင်း၂၆ ယောက်ကို ICE (၄၀၉၃) ကီလိုဂရမ် (ကာလပေါက်ဈေး ၁ ကီလိုဂရမ်ကို ကျပ်သိန်း ၂၅၀)၊ကတ်တမင်း ကီလိုဂရမ် ၃၀၀၀ ( ကာလ ပေါက်ဈေး ၁ ကီလို ဂရမ်ကို ကျပ်သိန်း ၆၀၀)စုစုပေါင်း ကာလတန်ဖိုးငွေကျပ် ၂၈၂ ဒသမ ၃၂၅ ဘီလီယံဖိုးနှင့်အတူဖမ်းဆီးရမိခဲ့သည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။


blob
ကုန်တင်သင်္ဘော











ထိုသို့ ဖမ်းဆီးရမိရာတွင် ဧပြီ ၂၆ ရက်က ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့ရဲ့အနောက်တောင်ဘက် ရေမိုင် ၆၀ ခန့်အကွာ ပင်လယ် ပြင်၌မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့်  ပီနံအိတ် ၃၁အိတ်နှင့်ထည့်သွင်း တင်ဆောင်လာသည့်အိုက်စ် (၆၁၈) ကီလိုဂရမ်(ကာလတန်ဖိုးငွေ ၁၅ ဒသမ ၄၅ ဘီလီယံ)  ခန့်တင်ဆောင်ထားသည့် “အားမာန်သစ်” လှေနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟုဖော်ပြသည်။

အဆိုပါစက်လှေပေါ်ကနေ သိန်းဇော်အပါအဝင် အမျိုးသား လေးယောက်ကိုဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

ဖမ်းမိသူများထွက်ဆိုချက်အရ ဧပြီ ၂၇ ရက်မှာ တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းမြို့၏အနောက်ဘက် ရေမိုင် ၁၈၀ လောက်အကွာ ပင်လယ်ပြင်တွင်ကုန်တင်သင်္ဘောတစ်စီး ပေါ်မှပီနံအိတ်ရေ ၂၂၀ နှင့် ထည့်သွင်းတင်ဆောင်လာသည့် ICE (၃၄၇၅) ကီလိုဂရမ်၊ ကတ်တမင်းကီလိုဂရမ် ၂၀၀၀ (ကာလတန်ဖိုးငွေ ၂၀၆ ဒသမ ၈၇၅ ဘီလီယံခန့်) ဆန်းလွင် အပါအဝင် အမျိုးသား ၁၂ ယောက်နှင့်အတူ ထပ်မံ ဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်သည်။

မေ ၁၁ ရက်၊ ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲ မြို့သစ်၊ အောင်သပြေလမ်းကနေအိမ်တစ်အိမ်မှာ AA အဖွဲ့က ထောက်ပံ့ရေး ဒုတိယတာဝန်ခံ နေမြင့်ထွန်း (ခေါ်)ပြည့် စုံ (ခေါ်) လူကြီး ကို ပီနံအိတ် ၃၂ အိတ်အတွင်းထည့်သွင်းသိုဝှက်ထားသည့်ကတ်တမင်း ကီလိုဂရမ် ၁၀၀၀( ကာလတန်ဖိုူကျပ် ၆၀ ဘီလီယံ)နှင့်အတူ ထပ်မံဖမ်းမိခဲ့သည်ဟုထုတ်ပြန်ထားသည်။  

ဖမ်းမိသူများ၏ထွက်ဆိုချက်အရ AA အဖွဲ့အနေဖြင့်အဖွဲ့ ရပ်တည်နိုင်ရေးနှင့်လက်နက်ခဲယမ်းများဝယ်ယူဖြည့်တင်းနိုင် ရေးအတွက် လိုအပ်သော ငွေကြေးများကိုရရှိနိုင်ဖို့ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများကို ကျယ်ပြန့်စွာ လုပ်ကိုင်လျက်ရှိကြောင်းစစ်ကောင်စီက  စွပ်စွဲဖော်ပြထားသည်။

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.