ကြိုင်ဟိန်းလင်း၊ နိရဉ္စရာ၊ မေ ၁၉ / ၂၀၂၅
ရခိုင်ပြည်အတွင်း စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုများသည် ပိုမိုဆိုးရွားလာနေသည်ဟု သိရသည်။
ရခိုင်ရှိ လွတ်မြောက်နယ်မြေများတွင် အရပ်သားပြည်သူများနေထိုင်ရာ မြို့၊ ရွာ၊ ရပ်ကွက်များသို့ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုများမှာ နေ့စဉ်ဆက်ရက်ရှိနေသည့်အတွက် ဒေသခံပြည်သူများမှာ စိုးရိမ်ကြောက်လန့်ပြီး စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာမလုံခြုံမှုများနှင့် နေ့ရက်များကို ကုန်ဆုံးနေရသည်ဟု ရခိုင်လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။
"ဘယ်နေ့ ကိုယ်ရှိတဲ့နေရာတည့်တည့် ဗုံးကြဲခံရမလဲ ကြောက်နေရတယ်။ လမ်းက ကားသံကြားတာကိုတောင် လေယာဉ်လာတယ်ထင်ပြီး ထမင်းစားရင်းတန်းလန်းနဲ့ ထပြေးရတယ်။ ကြောက်စိတ်က လူကို လွှမ်းမိုးနေပြီ။ လမ်းမှာ ဆိုင်ကယ်စီးသွားရင်လည်း ကောင်းကင်ကိုပဲ ကြည့်သွားနေရတယ်။ ညကဆိုရင် လူအိပ်ချိန် လေယာဉ်လာလို့ အိမ်အောက်ကို ဆင်းပြေးခဲ့ရတယ်။ ရခိုင်မှာနေရတာ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ဘယ်လိုမှ မလုံခြုံတော့ဘူး။ လေ့လာစရာရှိတာတွေကိုလည်း မလေ့လာဖြစ်တော့ဘူး။ ဘယ်နေ့ ဗုံးကြဲခံရမလဲဆိုတဲ့ စိတ်နဲ့ပဲ တစ်နေ့တာ ကုန်ဆုံးသွားတယ်" ဟု ပြောသည်။
စစ်ကောင်စီသည် အပစ်ရပ်ထားသည်ဟု ပြောဆိုထားသော်လည်း မြေပြင်တွင် စစ်ကြောင်းထိုးခြင်း၊ စစ်အင်အားဖြည့်တင်းခြင်း၊ တိုက်ပွဲဖော်ဆောင်ခြင်း၊ လက်နက်ကြီးပစ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်း စသည့်လုပ်ရပ်များမှာ လုံးဝ ရပ်နားသွားခြင်းမရှိဟု ဒေသခံများက ပြောသည်။
မေလ ၆ ရက်မှ ၃၁ ရက်အတွင်း အပစ်ရပ်ထားသည်ဟု စစ်ကောင်စီကြေညာထားသည့်ကာလအတွင်း ကျောက်တော်မြို့၊ ရွာမရပ်ကွက်ကို မေလ ၁၄ ရက်နှင့် ၁၅ ရက်တွင် စစ်ကောင်စီက လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ၍ အပြစ်မဲ့ အရပ်သားပြည်သူ ရှစ်ဦးသေဆုံးပြီး ၁၄ ဦးဒဏ်ရာရသွားခဲ့သည်။
ကျောက်တော်မြို့အား စစ်ကောင်စီလေတပ်က နှစ်ရက်တိုင် လေကြောင်းပစ်ခတ်မှုကြောင့် သောင်းနှင့်ချီသော မြို့ခံပြည်သူများနှင့် စစ်ဘေးရှောင်များသည်လည်း မြို့ကို စွန့်ခွာထွက်ပြေးသွားကြရသည်။
မေလ ၁၃ ရက်တွင်လည်း ရသေ့တောင်မြို့နယ်၊ ထွန်းရဝေကျေးရွာ(ဟောင်း)ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ အရပ်သား ၁၂ ဦးသေဆုံးပြီး ၂ဝ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အလားတူ မေလ ၁၂ ရက်တွင်လည်း စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆရာမနှစ်ဦးအပါအဝင် ကျောင်းသားလူငယ် ၂ဝ ကျော်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားခဲ့သည်။
လက်ရှိအချိန်တွင် ရန်ကုန်မှတဆင့် အိန္ဒိယနိုင်ငံသို့ ရခိုင်မှ ဖြတ်၍ပျံသန်းနေသည့် ခရီးသည်လေယာဉ်ပျံသန်းလျှင်လည်း စိုးရိမ်ကြောက်လန့်နေရသည်ဟု စစ်တွေမြို့မှ စစ်ဘေးရှောင်လာသူ ကိုမင်းမြတ်ကျော်က ပြောသည်။
"လေယာဉ်သံကြားရင် ခရီးသည်လေယာဉ်ပဲဖြစ်ဖြစ် အသံကြားရင် ကြောက်နေရတာပါပဲ။ ပြီးတော့ အနီးအနားမှာရှိတဲ့ လုံခြုံဖို့ထင်တဲ့နေရာကို ဝင်ပြေးကြတာပါပဲ။ စိုးရိမ်စိတ်က လေယာဉ်သံကြားရင် အမြင့်ဆုံးပါပဲ။ စိတ်ပိုင်းဆိုင်ရာက လုံးဝ လုံခြုံမှုမရှိဘူး"ဟု ပြောသည်။
ညဉ့်အချိန်ဆိုလျှင်လည်း ဂျက်တိုက်လေယာဉ်များ ဖြတ်ပျံသန်းနေသည့်အတွက် အိပ်ရေးဝဝမအိပ်ရဘဲ ညဉ့်အမှောင်ထဲ အိမ်အောက်သို့ ဆင်းပြေးနေရသည်ဟုလည်း ဒေသခံများက ဆိုကြသည်။
စစ်ကောင်စီက ထိုကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြေပြင်တွင်ရှိနေသူများအပြင် ပြည်ပတွင် ရှိနေသူများကလည်း စိုးရိမ်ကြောင့်ကြနေရသည်ဟု ပြည်ပကိုရောက်နေသည့် ကျောက်တော်မြို့နယ်မှ မချိုမာက ပြောသည်။
"ကျောက်တော်ကို ဗုံးကြဲတယ်ဆိုလို့ရှိရင် ဘယ်နေရာကို ကြဲသလဲ။ စိတ်ပူရတယ်။ ကျောက်တော်မြို့ကို ကိုယ့်မိဘတွေက မကြာမကြာ သွားဖြစ်တယ်။ နောက်ပြီးတော့ ကျောက်တော်မြို့မှာ ဗုံးကြဲလို့ ဆွေမျိုးတွေ၊ အသိမိတ်ဆွေ ထိခိုက်တာတွေရှိတယ်။ အဲလိုမျိုး ကိုယ့်အိမ်က လူတွေ ဘေးကင်းရဲ့လား။ စိုးရိမ်မိတယ်။ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေကလည်း မရတဲ့အတွက် ဘယ်သူဘာဖြစ်လို့ ဖြစ်နေမှန်းမသိ။ စိတ်ပူနေရတယ်"ဟု ပြောသည်။
စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကို အလူးအလဲခံစားနေကြရသော ရခိုင်ပြည်တွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများလည်း ပြတ်တောက်နေသည့်အတွက် အဝေးရောက်နေသည့်မိသားစုဝင်များအနေဖြင့် သတင်းဌာနများကိုသာ အားကိုးနေရသည်ဟု သူက ဆက်ပြောသည်။
ယခုလ ရက် ၂ဝ ခန့်အတွင်း ရခိုင်ပြည်ကို စစ်ကောင်စီလေတပ်က ဗုံးကြဲမှုကြောင့် ကလေးသူငယ်များအပါအဝင် အရပ်သား ၂၀ ဦးသေဆုံးပြီး ၃ဝ ကျော်အထိ ဒဏ်ရာရရှိခဲ့သည်။
ဓာတ်ပုံ - ပုံဟောင်း
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။