Preview

ယခုရက်ပိုင်းအတွင်း ရခိုင်အပါအဝင် ဒေသအချို့ နေရာအနှံ့ မိုးထစ်ချုန်းရွာမည်ဟု မိုး/ဇလထုတ်ပြန်

မောင်စာဂ | မေ ၁၉/ ၂၀၂၅ | ကြည့်ရှုသူ :878
ရခိုင် သတင်း

မောင်စာဂ၊ နိရဉ္စရာ၊ မေ ၁၉/၂ဝ၂၅

ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်အပါအဝင် ဒေသအချို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းမည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။

ရခိုင်၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရှမ်းပြည်နယ်တို့အပါအဝင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးတို့တွင် မေလ ၁၈ ရက်မှ ၂ဝ ရက်အတွင်း နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်တို့တွင် နေရာကွက်၍ မိုးကြီးမည်ဟု မိုး/ဇလ၏ ယမန်နေ့ မေလ ၁၈ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့်လည်းကောင်း၊ မုတ်သုံလေဆက်လက်ဝင်ရောက်လာနိုင်ခြင်းကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များ ဖြစ်ထွန်းမှုအားကောင်းခြင်းကြောင့်လည်းကောင်း ယခုကဲ့သို့ မိုးရွာသွန်းခြင်းဖြစ်သည်ဟု မိုး/ဇလက ဖော်ပြထားသည်။

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် သတိပေးနှိုးဆော်ထားသည်။

လက်ရှိတွင် ယခုနှစ်အတွင်း အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံတောင်ပိုင်းဒေသများ၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းသို့ မေလ ၁၃ ရက်တွင် စတင်ဝင်ရောက်ခဲ့ပြီဟု မိုး/ဇလထုတ်ပြန်ချက်အရ သိရသည်။

ယင်းနောက် အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသများ၊ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် အရှေ့အလယ်ပိုင်းသို့ မေလ ၁၇ ရက်တွင် ဆက်လက်ဝင်ရောက်ခဲ့သည်ဟုလည်း မိုး/ဇလက ဆိုထားသည်။

အနောက်တောင်မုတ်သုံလေသည် မြစ်ဝကျွန်းပေါ်ဒေသများအထိ ဝင်ရောက်ပြီးဖြစ်၍ မြန်မာနိုင်ငံတောင်ပိုင်းဒေသများ(ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း)တို့တွင် မိုးထစ်ချုန်းရွာနိုင်သည့်အခြေအနေများဆက်လက်ဖြစ်ပေါ်နေမည်ဟုလည်း မိုး/ဇလပညာရှင် ဦးဝင်းနိုင်က သူ၏လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

ကျန်ပြည်နယ်တိုင်းဒေသအားလုံးတွင် မေလ ၂၃ ရက်နောက်ပိုင်းမှသာ မိုးအသင့်အတင့်မှ မိုးများလာနိုင်မည်ဟုလည်း ဆိုထားသည်။

ဓာတ်ပုံ - မိုး/ဇလ
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#မိုးလေဝသ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.