သဉ္ဇာနွယ်၊ နိရဉ္စရာ၊ မေ ၂၀/၂၀၂၅
တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းများတွင် သတင်းပေါက်ကြားသည်ဟု ဆိုကာ ရခိုင်လူမျိုးတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များကိုင်ဆောင်သော ဖုန်းများ သိမ်းဆည်းခံထားရကြောင်း သတင်းရရှိသည်။
ကျောက်ဖြူမြို့နယ်အခြေစိုက်တပ်ရင်းများတွင်နေထိုင်သည့် ရခိုင်လူမျိုးစစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များကို တပ်တွင်းသတင်းများပေါက်ကြားမှုရှိလာသည့်အတွက်ဟုဆိုကာ သူတို့၏ လက်ကိုင်ဖုန်းများအား စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း သိမ်းဆည်းသွားခြင်းဖြစ်သည်ဟု ကျောက်ဖြူဒေသခံ စစ်ကောင်စီမိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက နိရဉ္စရာကို ပြောသည်။
"အရင်ကဆိုရင် ကိုယ့်ဖုန်းနဲ့ကိုယ် ဆက်လို့ရသေးတယ်တပ်တွင်းထဲမှာ။ အခု အဆက်အသွယ်မရတော့ဘူး။ အန်တီ့သမီး အရင်ကဆို ဖုန်း မကြာမကြာဆက်တယ်။ အခုပြောသံကြားတာက ဖုန်းတွေသိမ်းဆည်းခံထားရတယ်တဲ့။ တပ်ထဲကသတင်းတွေ အပြင်ရောက်တယ်လို့ သူတို့ထင်မြင်ယူဆပြီး ပိတ်ပင်လိုက်တာ" ဟု ပြောသည်။
ယင်းသို့ လက်ကိုင်ဖုန်းများ သိမ်းဆည်းခံထားရမှုကြောင့် စစ်ကောင်စီတပ်ရင်းများထဲတွင်ရှိသည့် ရခိုင်ဒေသခံများမှာ အဝေးရောက် မိသားစုနှင့်ဆက်သွယ်မည်ဆိုလျှင် တပ်တွင်းရှိရုံးဖုန်းနှင့်သာဆက်သွယ်ရကြောင်း သူတို့နှင့် နီးစပ်သူတစ်ဦးက နိရဉ္စရာကို ပြောသည်။
"ဖုန်းကိုတော့ သိမ်းထားတယ်။ ဒါပေမယ့် ဆက်ချင်တယ်ဆို ရုံးဖုန်းနဲ့လာဆက်ပေါ့။ အနီးကပ်စောင့်ကြည့်ထားတယ်" ဟု ပြောသည်။
ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့ကလည်း ကျောက်ဖြူမြို့ရှိ စစ်ကောင်စီအခြေစိုက်တပ်ရင်းများတွင် ကျောက်ဖြူမြို့နယ်မှနာမည်ကြီး နတ်များကို ပင့်ဖိတ်ပြီး "AA ကျရှုံးပါစေ"ဟု ရွတ်ဆိုခိုင်းကာ နတ်ကန္နားပွဲဖြင့် ယတြာချေခဲ့ကြောင်း သိရသည်။
အဆိုပါယတြာချေသည့် သတင်းများထွက်ပေါ်လာပြီးနောက် တပ်တွင်းရှိ ရခိုင်လူမျိုး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် သူတို့၏ မိသားစုများမှာ လက်ကိုင်ဖုန်းများ သိမ်းဆည်းခံလာနေရသလို ယခင်ကထက်ပို၍ နေထိုင်ရေးတင်းကျပ်ခံလာရကြောင်း သိရသည်။
ယခုလို ဖုန်းသိမ်းဆည်းခြင်းနှင့်ပတ်သက်ပြီး CDM ဗိုလ်ကြီးဇင်ယော်က “ဖုန်းသိမ်းတယ်ဆိုတာက ဒါ စစ်ကောင်စီရဲ့ လုံးဝ မိုက်ရိုင်းတဲ့အဆင့်ပေါ့နော်။ ကျနော်တို့ဆိုလည်း ကြုံခဲ့ဖူးတယ်။ ဆင်းကတ်တွေ အကုန်ဖြုတ်သိမ်းတာ။ ကျနော် အရာရှိကိုယ်တိုင် ခံခဲ့ရဖူးတယ်နော်။ ကျနော်တို့မကြိုက်ဘူး။ ဘာဖြစ်လို့လဲဆိုရင် ဒီဆင်းကတ်က မသုံးနဲ့ဆို မသုံးဘူးဗျာ။ ဘာလို့သိမ်းရတာလဲ။ ကျနော်တို့ပိုက်ဆံနဲ့ ကျနော်တို့ ဝယ်ထားတာပေါ့နော်။ အဲလိုမျိုးအနေအထား။ ဒါပေမဲ့ စစ်ဗိုလ်ချုပ်တွေက နိုင်ထက်စီးနင်းပဲ။ သူတို့လုပ်ချင်သလိုလုပ်တဲ့အနေအထားပေါ့နော်။ အဲလိုမျိုးပြောရမှာဖြစ်ပါတယ်”ဟု နိရဉ္စရာကို ပြောသည်။
ကျောက်ဖြူတွင် ကျောက်တလုံးစစ်ဆေးရေးဂိတ်၊ အမှတ် (၃၂)ရဲတပ်ရင်း၊ ခလရ (၃၄)၊ ခမရ(၅၄၂)၊ ခမရ(၅၄၃)၊ ဓညဝတီရေတပ်ဌာနချုပ်၊ တောင်မော်ဦးရေတပ်၊ အုန်းကျွိန်ရေတပ်စခန်းတို့ဖြင့် အခြေစိုက်ထားပြီး လက်ရှိ အာရက္ခတပ်တော် (AA) နှင့် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေကြောင်း သိရသည်။
စစ်ကောင်စီလက်အောက်ခံ ရခိုင်လူမျိုးစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များကို စစ်ကောင်စီက အာရက္ခတပ်တော်(AA)ထံ ထွက်ပြေးအလင်းဝင်မည်စိုး၍ အနီးကပ်စောင့်ကြည်ခြင်းများ၊ တပ်တွင်း/တပ်ပြင် ဝင်ထွက်ခွင့် ပိတ်ပင်ခြင်းများပြုလုပ်နေသဖြင့် နေထိုင်စားသောက်မှု ကျပ်တည်းနေကြကြောင်း သိရသည်။
ဓာတ်ပုံ - ကျောက်ဖြူမြို့နယ်ရှိ စစ်ကောင်စီ၏ ခလရ (၃၄)တပ်ရင်းအား ရှေ့မျက်နှာစာအား ၂ဝ၂၂ ခုနှစ်အတွင်းက တွေ့ရစဉ်။
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။