ကြိုင်ဟိန်းလင်း၊ နိရဉ္စရာ၊ မေ ၂၀/ ၂၀၂၅
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်မှ ချင်းပြည်နယ်၊ ပလက်ဝသို့ ကုန်ပစ္စည်းများပို့ဆောင်နေသည့် နယ်စပ်လမ်းကို အိန္ဒိယအာဏာပိုင်များက ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်သည့်အတွက် ရခိုင်တွင် ကုန်ဈေးနှုန်းများ မြင့်တက်လာနိုင်သည်ဟု သိရသည်။
အဆိုပါနယ်စပ်လမ်းကြောင်းကို နယ်စပ်လုံခြုံရေးကြောင့်ဟုဆိုကာ အိန္ဒိယအာဏာပိုင်များက မေလ ၁၆ ရက်မှစတင်ကာ ရက်အကန့်အသတ်မရှိ ယာယီပိတ်ပင်လိုက်ခြင်းဖြစ်သည်။
ယင်းသို့ပိတ်ပင်လိုက်သည့်အတွက် ရခိုင်ပြည်သို့ အိန္ဒိယနိုင်ငံမှတင်သွင်းသည့် ကုန်ပစ္စည်းများပြတ်လပ်ပြီး ဈေးနှုန်းများလည်း အဆမတန်မြင့်တက်မှုများဖြစ်လာနိုင်သည်ဟု ရခိုင်ပြည် ကုန်စည်စီးဆင်းမှုအပေါ် လေ့လာနေသူတစ်ဦးက ပြောသည်။
"လောင်တလိုင်- ပလက်ဝလမ်းကြောင်းကို ပိတ်လိုက်တဲ့အတွက် ရခိုင်ပြည်သူတွေအနေနဲ့ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာတာကို ရင်ဆိုင်ရမယ်။ ကုန်စည်စီးဆင်းမှုတွေဟာ ဆက်တိုက်ဖြစ်မနေတဲ့အတွက် ရခိုင်ပြည်သူတွေအပေါ်မှာ အများကြီးထိရောက်လာမယ်။ အကျပ်အတည်းတွေ အများကြီးကို ရင်ဆိုင်ရမယ်။ ကုန်ဈေးနှုန်းတက်တာဟာ ရခိုင်ပြည်သူတွေကို ရိုက်ခတ်လာတာဖြစ်တယ်။ တိုက်ပွဲကာလမှာ ကုန်ဈေးနှုန်း အဆမတန်တက်လာရင် ရခိုင်ပြည်သူတွေဟာ ဒုက္ခဆင်းရဲကို အများကြီး ကြုံတွေ့ရမယ်လို့ မြင်တယ်" ဟု ပြောသည်။
ရခိုင်ပြည်တွင် မြို့သိမ်းတိုက်ပွဲများဖြစ်ပွားခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစတင်ကာ စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းများအားလုံးကို ပိတ်ဆို့ထားလိုက်သည်။
ထိုသို့ပိတ်ဆို့ထားပြီးနောက် လောင်တလိုင်- ပလက်ဝနယ်စပ်လမ်းသည် ရခိုင်ပြည်သို့ အဓိက ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းများအနက် တစ်ခုဖြစ်လာခဲ့သည်။
ရခိုင်မှ အိန္ဒိယသို့ သွားရောက်ကုန်သွယ်တတ်သည့် ကုန်သည် ဦးကျော်နိုင်ကလည်း ယခုကဲ့သို့ နယ်စပ်လမ်းကိုပိတ်လိုက်သည့်အတွက် ရခိုင်တွင် ကုန်စည်စီးဆင်းမှုရပ်တန့်ကာ ကုန်ဈေးနှုန်းများ မြင့်တက်လာနိုင်သည်ဟု သုံးသပ်ပြောသည်။
“အခုဆိုရင် မိုးလည်း လာတော့မယ်။ မိုးတွင်းဆို လမ်းမကောင်းတော့ ဆောလမ်းကြောင်းက ပစ္စည်းတွေကို အိန္ဒိယကနေပတ်ပြီး ချယူလာတဲ့အခါမျိုးလည်းရှိတယ်။ ခုတော့ အိန္ဒိယနယ်စပ်လမ်းကိုပိတ်လိုက်တော့ အဲလိုမျိုး ယူဖို့ကလည်း အခက်တွေ့သွားပြီ။ ဆိုတော့ ရခိုင်မှာ ကုန်ဈေးနှုန်းတွေ မြင့်တက်လာနိုင်ပါတယ်”ဟု နိရဉ္စရာကို ပြောသည်။
အဆိုပါလမ်းအား အိန္ဒိယအာဏာပိုင်များအနေဖြင့် အချိန်ကြာမြင့်စွာ ပိတ်ပင်ထားလျှင် ရခိုင်ပြည်သူများအနေဖြင့် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် လောင်စာဆီများ ပြတ်တောက်သွားနိုင်သည်ဟု ရခိုင်ကုန်သည်များက ပြောဆိုကြသည်။
လက်ရှိအချိန်တွင် အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသည့် ရခိုင်မှကုန်သည်များမှာ လူသာပြန်လာ၍ရပြီး ကုန်ပစ္စည်းများကို သယ်ယူခွင့်မရ ဖြစ်နေကြသည့်အတွက် အခက်အခဲများစွာကို ရင်ဆိုင်ကြုံတွေ့နေကြရသည်ဟု ကုန်သည်များက ပြောဆိုကြသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ကလည်း မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင် ဗဟိုလိုင်လူငယ်အစည်းအရုံး (CYLA)က မီဇိုရမ်မှတဆင့် ရခိုင်ပြည်သို့ ကုန်စည်တင်သွင်းမှုများကို ပိတ်ပင်ခဲ့သော်လည်း အာရက္ခတပ်တော်(AA)နှင့် မီဇိုရမ်ပြည်နယ်အစိုးရတို့၏ညှိနှိုင်းမှုများကြောင့် အဆိုပါ လမ်းကြောင်းမှာ ပြန်လည်အဆင်ပြေခဲ့သည်။
ရခိုင်တွင် စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းပိတ်ထားပြီးနောက် မီဇိုရမ်-ပလက်ဝနယ်စပ်လမ်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနာ-မောင်တောဆိပ်ကမ်းလမ်းကြောင်းတို့က ရခိုင်ပြည်သို့ အဓိက ကုန်စည်စီးဆင်းနေသည့် လမ်းကြောင်းတို့ဖြစ်လာကြသည်။
အဆိုပါလမ်းကြောင်းနှစ်ခုမှာ ပုံမှန်အတိုင်း လည်ပတ်မှုမျိုးမရှိဘဲ ပွင့်လိုက်- ပိတ်လိုက် သဘောဖြင့်သာ လည်ပတ်စီးဆင်းနေရသည်ဟု ရခိုင်ပြည် ကုန်စည်စီးဆင်းမှုအပေါ် လေ့လာနေသူတစ်ဦးက ဆက်လက်ပြောသည်။
သို့သော်လည်း ယင်းလမ်းကြောင်းနှစ်ခုမှာ မကြာခင်အချိန်အတွင်း အထက်တာဝန်ရှိသူများ၏ ဆွေးနွေးညှိနှိုင်းမှုကြောင့် ပြန်လည်ပွင့်လာနိုင်သည်ဟုလည်း သူက သုံးသပ်ပြောဆိုသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်သို့ စားသုံးဆီ၊ ဂျုံနှင့် အခြားစားသောက်ကုန်များ၊ ဘိလပ်မြေနှင့် မြေဆီများ တင်သွင်းဖြန့်ဖြူပေးလျက်ရှိသည်ဟု သိရသည်။
ဓာတ်ပုံ - လောင်တလိုင်ခရိုင်ရှိ စစ်ဆေးရေးဂိတ်အချို့အား ၂၀၂၄ ခုနှစ်က တွေ့ရစဉ်။ (Photo - The Lawngtlai Post)
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။