သဉ္ဇာနွယ်၊ နိရဉ္စရာ၊ မေ ၂၀/၂၀၂၅
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် “AA ကျဆုံးပါစေ”ဟု စစ်ကောင်စီက ယတြာချေပြီးနောက် ကျောက်ဖြူမြို့နယ်ရှိ စစ်ကောင်စီ၏တပ်စခန်းနှစ်ခုကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်လိုက်နိုင်ပြီဟု သတင်းရရှိသည်။
AA သိမ်းပိုက်လိုက်သည့်တပ်စခန်းနှစ်ခုမှာ ကျောက်ဖြူမြို့နယ်၊ မင်းတပ်တောင်ကျေးရွာရှိ ကာကင်းစခန်းနှင့် အစိုးရစက်မှုလက်မှုသင်တန်းကျောင်းတွင် တပ်စွဲထားသည့်စခန်းတို့ဖြစ်သည်။
ယမန်နေ့ မေလ ၁၉ ရက်တွင် AA က အပြီးသတ်သိမ်းပိုက်လိုက်နိုင်ခြင်းဖြစ်သည်ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်က နိရဉ္စရာကို ပြောသည်။
"မနေ့ကတည်းက သိမ်းထားတာ။ မင်းတပ်တောင်က စစ်သားတွေက တိုက်ပွဲစဖြစ်ကတည်းက ဒဏ်ရာရ သေတာတွေနဲ့ နောက်ဆုတ်ထွက်ပြေးသွားကြတာများတယ်။ မင်းတပ်တောင်ကာကင်းစခန်းနဲ့ အဲဒီမနီးမဝေးက စက်မှုလက်မှုသင်တန်းကျောင်းမှာ တပ်စွဲထားတဲ့ စခန်း(၂)ခုကိုပါ AA က ရထားတယ်" ဟု ပြောသည်။
အဆိုပါတပ်စခန်းများအနီးတွင် မေလ ၁ ရက်မှစတင်ကာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရာမှ AA တို့ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ကျောက်ဖြူတွင် စစ်ကောင်စီဖက်က လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသလို စစ်ကြောင်းထိုးပြီး စစ်အင်အားအသစ်များဖြင့် ထိုးစစ်လုပ်နေသည့်ကြားမှ AA က ခုခံရင်း ထိုစခန်းနှစ်ခုကို သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က နိရဉ္စရာကိုပြောသည်။
"သူတို့ဖက်က AA ရှိတဲ့နေရာတွေကို စစ်ကြောင်းထိုးတယ်။ AA က ပြန်တိုက်တယ်။ အပြန်အလှန်ဖြစ်တယ်။ အဲဒီစစ်ကောင်စီဖက်က ဒရုန်းနဲ့ဆို တရစပ်ကြဲနေတာ။ အဲဒီကြားထဲက AA ကသိမ်းလိုက်နိုင်တာ" ဟု ပြောသည်။
ကျောက်ဖြူတွင်ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း ဧပြီလမှစ၍ ယခုမေလအတွင်း စစ်ကောင်စီတပ်သားများအကျအဆုံးများနေသည့်အပြင် ထွက်ပြေးအလင်းဝင်မှုလည်း များပြားလျက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
ယင်းသို့ အကျအဆုံးများလာနေသည့်အတွက် ပြီးခဲ့သည့်မေလ ၁၅ ရက်တွင် ကျောက်ဖြူမြို့ရှိ စစ်ကောင်စီအခြေစိုက်တပ်ရင်းများ၌ ကျောက်ဖြူမြို့နယ်မှ နာမည်ကြီး နတ်များကို ပင့်ဖိတ်ပြီး "AA ကျရှုံးပါစေ" ဟုရွတ်ဆိုခိုင်းကာ နတ်ကန္နားပွဲဖြင့် ယတြာချေမှုပြုလုပ်ခဲ့သေးသည်။
ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်အခြေစိုက် ဓညဝတီရေတပ်ဌာနချုပ်မှ အကြီးအကဲ၏ ညွှန်ကြားမှုဖြင့်ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ကျောက်ဖြူတွင် ကျောက်တလုံးစစ်ဆေးရေးဂိတ်၊ အမှတ် (၃၂)ရဲတပ်ရင်း၊ ခလရ (၃၄)၊ ခမရ(၅၄၂)၊ ခမရ(၅၄၃)၊ ဓညဝတီရေတပ်ဌာနချုပ်၊ တောင်မော်ဦးရေတပ်၊ အုန်းကျွိန်ရေတပ်စခန်းတို့ အခြေစိုက်ထားသည်။
ဓာတ်ပုံ - ပုံဟောင်း
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။