နောင်မင်းသူ၊ နိရဉ္စရာ၊ မေ ၂၁ / ၂၀၂၅
အာရက္ခတပ်တော် (AA)သိမ်းပိုက်ထားသည့် ရခိုင်ပြည်အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တွင် စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ်များ ယခုနောက်ပိုင်း နေ့ရော၊ ညပါ နေ့စဉ်ပျံဝဲနေကြကြောင်း သိရသည်။
စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ်များသည် မောင်တောမြို့နယ်မြောက်ပိုင်း၊ တောင်ပိုင်းနှင့် မြို့ပေါ်အနီးသို့ပါ မေလ ၁၅ ရက်နေ့မှ မေလ ၂၀ ရက်အထိ နေ့စဉ်ရက်ဆက်ပျံဝဲနေသည်ဟု ဒေသခံများက ပြောသည်။
မောင်တောဒေသခံလူကြီးတစ်ဦးက "မောင်တောမြို့နယ်ကို ဂျက်တိုက်လေယာဉ်တွေ နေ့စဉ်ပျံဝဲပြနေတယ်။ ဗုံးတော့ မချဘူး။ မနက်အရုဏ်ပိုင်းမှာ ပျံဝဲပြတယ်။ ညနေပိုင်းမှာလည်း ပျံပြတယ်။ မနက်ပိုင်းဆိုလည်း ပျံဝဲပြနေတယ်"ဟု ပြောကြားသည်။
ယခုကဲ့သို့ ပျံဝဲလာနေသည့်အတွက် ဒေသခံများအကြား စိုးရိမ်လျက်ရှိပြီး သတိဝိရိယဖြင့် သတိထားနေထိုင်ကြရန်လည်း ဒေသခံများအချင်းချင်း တိုက်တွန်းပြောဆိုနေကြသည်ဟု သိရသည်။
ပြီးခဲ့သည့် မတ်လအတွင်းကလည်း စစ်ကောင်စီ၏ ကင်းထောက်ဒရုန်းတစ်စီးသည် မောင်တောမြို့ပေါ်နှင့် အနီးဝန်းကျင်နေရာအနှံ့အပြားအား တစ်ရက်လျှင် နံနက်တစ်ကြိမ်၊ ညတစ်ကြိမ်၊ တစ်နေ့လျှင် နှစ်ကြိမ်ကျစီဖြင့် လေးရက်တိုင်တိုင် ပျံသန်းကင်းထောက်မှုပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ယခုကဲ့သို့ စစ်ကောင်စီက ဒရုန်းဖြင့် ကင်းထောက်မှုများ ပြုလုပ်ခဲ့သဖြင့် မြို့တွင်းနေထိုင်နေကြသူများလည်း စိုးရိမ်မှုများရှိခဲ့ကြသည်ဟု သိရသည်။
မောင်တောမြိုနယ်တစ်ခုလုံးအပါအဝင် ဘင်္ဂလားဒေ့ရှ်နယ်စပ် အရှည် ကီလိုမီတာ ၂၇၁ (၁၆၈.၄ မိုင်)ကို AA က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်တွင် အလုံးစုံသိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်သည်။
ယင်းနောက်ပိုင်းတွင်လည်း စစ်ကောင်စီသည် မောင်တောဒေသကို မကြာခဏ လေကြောင်းမှ ဗုံးကြဲခြင်းနှင့် ကင်းထောက်ဒရုန်းများဖြင့် လှည့်ပတ်ခြင်းတို့ကို ပြုလုပ်နေ၍ စစ်ဘေးရှောင်အများစု နေရပ်မပြန်နိုင်ကြသေးဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီက မေလ ၆ ရက်မှ ၃၁ ရက်အထိ အပစ်အခတ်ရပ်စဲထားသည်ဟု ထုတ်ပြန်ကြေညာထားသော်လည်း ရခိုင်အပါအဝင် ဒေသအချို့ကို ယခုနောက်ပိုင်း လေကြောင်းမှ ဗုံးကြဲခြင်းများ၊ လက်နက်ကြီးများဖြင့်ပစ်ခတ်မှုများကို နေ့စဉ်ရက်ဆက်ပြုလုပ်လာနေသည်ဟု သိရသည်။
ပြီးခဲ့သည့် မေလ ၁၄ ရက်နှင့် ၁၅ ရက်တို့ကလည်း ကျောက်တော်မြို့ပေါ်ရှိ ကျောက်တော်မြို့ရွာမရပ်ကွက်နှင့် စိုက်ပျိုးရေးကျောင်းအနီးတဝိုက်ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးအပါအဝင် ကလက်စတာ ဗုံးများဖြင့် ဗုံးကြဲခဲ့၍ ဒေသခံ ကလေးသူငယ်အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ရှစ်ဦးသေဆုံးပြီး ၁၄ ဦးဒဏ်ရာရသွားခဲ့သည်။
မေလ ၁၃ ရက်တွင်လည်း ရသေ့တောင်မြို့နယ်၊ ထွန်းရဝေကျေးရွာ(ဟောင်း)ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ အရပ်သား ၁၂ ဦးသေဆုံးပြီး ၂ဝ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်၊ ညဉ့် ၁၂ နာရီခန့်တွင်လည်း မောင်တောမြို့နယ်မြောက်ပိုင်းရှိ နယ်ခြားစောင့် စခန်းဟောင်းဖြစ်သော ကျီးကန်းပြင်ဌာနချုပ်အား ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ပေါင် ၅၀၀ ဗုံး နှစ်လုံးကြဲချခဲ့သည်။
ယင်းဖြစ်စဉ်အတွင်း လူ အသေအပျောက်မရှိခဲ့ဟု သိရသည်။
၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်ကလည်း မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်းကျေးရွာရှိ စစ်ဘေးရှောင်များနေထိုင်သည့် အထကကျောင်းနှင့် နခခ(၇)နေရာများကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခဲ့ရာ အရပ်သားများ သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြသည်။
နိုဝင်ဘာ ၂ ရက်နေ့ကလည်း မောင်တောမြို့ မြောက်ဘက် (၅) မိုင်အကွာ ပြားသားကျေးရွာကို စစ်ကောင်စီက ဗုံးကြဲ၍ အသက် ၆၀ ကျော်အရွယ် စစ်ဘေးရှောင် လေးဦး သေဆုံးခဲ့ကြရပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
ထို့အတူ အောက်တိုဘာလ ၂၁ ရက်နေ့ ၊ ညဉ့် ၁ နာရီကျော်တွင်လည်း စစ်ဘေးရှောင်တစ်ထောင်နှင့်ချီပြီး နေထိုင်နေကြသည့် ဖားဝပ်ချောင်းကျေးရွာအား စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးအမျိုးအစားဖြင့် လေကြောင်းမှ ဗုံးကြဲခဲ့သည့်အတွက် ကိုယ်ဝန်ဆောင် စစ်ရှောင်အမျိုးသမီးတစ်ဦးအပါအဝင် ငါးဦးသေဆုံးခဲ့ရပြီး ၁၄ ဦးဒဏ်ရာရရှိသွားခဲ့ရသည်။
အောက်တိုဘာ ၇ ရက်နေ့ ညနေ ၄ နာရီကျော်၌ မောင်တောမြို့နယ်တောင်ပိုင်း ခရေမြိုင်ရွာအား ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သားနှစ်ဦးသေပြီး ခြောက်ဦးဒဏ်ရာရရှိသွားခဲ့ရသည်။
၂ဝ၂၄ ခုနှစ်၊ ဇွန်လကလည်း မောင်တောမြို့နယ်မြောက်ပိုင်းရှိ ရွှေဇားကျေးရွာအုပ်စုမှ စေတီပြင်၊ ဇင်တူလာ၊ ဂွမ်ညှာ၊ ဟာလာတူလီအပါအဝင် အမှတ်(၅)ရပ်ကွက်ရှိ ဧတေလီယာ၊ လသာ၊ ဘက္ကာဂုံးနားနှင့် နခခ(၅) မြောက်ဖက်ရှိ ဇူလစသည့်ကျေးရွာများကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အရပ်သား ငါးဦးထက်မနည်းသေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဓာတ်ပုံ - ပုံဟောင်း
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။