Preview

AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ရေးသားထားသည့် "သူပုန်ဖြူ"ကဗျာစာအုပ်ထွက်ရှိ

သဉ္ဇာနွယ် | မေ ၂၁/ ၂၀၂၅ | ကြည့်ရှုသူ :1214
ရခိုင် သတင်း

(စာအုပ်ရောင်းရငွေ၏ ၃၅ ရာခိုင်နှုန်းကို ကိုယ်လက်အင်္ဂါပေးဆပ်ထားရသည့် တော်လှန်ရေးရဲဖော်တိုင်းအား အချိုးကျ မျှဝေကူညီမည်ဟုဆို)

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ မေ ၂၁/၂၀၂၅

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)၏ ဒုဥက္ကဋ္ဌ (၁) လည်းဖြစ်၊ အာရက္ခတပ်တော်(AA)၏ ဒုတိယစစ်ဦးစီးချုပ်လည်းဖြစ်သည့် ဒေါက်တာညိုထွန်းအောင် ရေးသားထားသော “သူပုန်ဖြူ”အမည်ရှိ ကဗျာစာအုပ်သည် ထွက်ရှိလာပြီဟု သိရသည်။

အဆိုပါစာအုပ်သည် ယခုမေလအတွင်း ထွက်ရှိလာခြင်းဖြစ်ပြီး တော်လှန်ရေးနယ်မြေများမှတဆင့် ထိုင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံများသို့ စတင်ဖြန့်ဖြူးရောင်းချ‌နေပြီဟု နီးစပ်သူများမှ သိရသည်။

စာအုပ်တန်ဖိုးကို မြန်မာငွေ ကျပ်ခုနှစ်သောင်းသတ်မှတ်ထားပြီး ပြည်ပရောက်သူများဝယ်ယူနိုင်ရန်အတွက်လည်း သက်ဆိုင်ရာ နိုင်ငံအလိုက် ဈေးနှုန်းသတ်မှတ်ပေးထားသည်ဟု ဆိုသည်။

စာအုပ်ရောင်းရငွေ၏ ၃၅ ရာခိုင်နှုန်းကိုလည်း စစ်အာဏာသိမ်းပြီးနောက် တိုက်ပွဲများအတွင်း ကိုယ်လက်အင်္ဂါပေးဆပ်စွန့်လွှတ်ထားရသည့် တော်လှန်ရေးရဲဖော်တိုင်းအား အချိုးကျ မျှဝေကူညီမည်ဖြစ် ကြောင်း သိရသည်။

ULA/AA တွင် တာဝန်ထမ်းဆောင်နေသူတစ်ဦးက "ဒီသူပုန်ဖြူစာအုပ်က နာမည်တော်တော်ကြီးနေတာပါ။ ဒါပေမယ့် လှူဒါန်းမယ်ဆိုတဲ့သတင်းက အခုသိရတော့ ပိုပြီးဝမ်းသာတာပေါ့။ ဒါ ပညာခွန်အားနဲ့ ကူညီတဲ့စေတနာက ရဲဖော်ရဲဖက်ရဲ့ စိတ်နေစိတ်ထားကို ဂုဏ်ယူမိပါတယ်"ဟု နိရဉ္စရာကို ပြောသည်။

blob

စာအုပ်ရောင်းရငွေများထဲမှ ကိုယ်လက်အင်္ဂါစွန့်လွှတ်ပေးဆပ်ထားရသည့် တော်လှန်ရေးရဲဖော်ရဲဖက်များအား မျှဝေကူညီပြီးနောက် လက်ကျန်ငွေများကိုလည်း အခြေအနေနှင့် အချိန်အခါအပေါ်မူတည်၍ တော်လှန်ရေးနှင့်သက်ဆိုင်သောနေရာများတွင် သုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုကာလတွင် အဆိုပါကဗျာစာအုပ်ထွက်ရှိလာခြင်းအပေါ် ရခိုင်မှ စာရေးဆရာ ကိုဝေဟင်အောင်က “ဒေါက်တာညိုထွန်းအောင်ဆိုတာက တစ်ဘက်မှာ စစ်သားတစ်ယောက်ဖြစ်သလို နဂိုကတည်းကနေ စာပေဝါသနာရှင်တစ်ယောက်ဖြစ်တယ်။ ပြီးရင် စာပေသမားတစ်ယောက်ဖြစ်တယ်။ သူရေးတဲ့ကဗျာတွေဟာ အွန်လိုင်းမှာ အများကြီးတွေ့ရတယ်။ အဲဒီကဗျာတွေက တော်လှန်ရေးကိုလည်း အများကြီး အထောက်အပံ့ဖြစ်တယ်။ လူငယ်တွေကိုလည်း စိတ်ခွန်အားအများကြီးဖြစ်စေတဲ့အတွက် ဒီစာအုပ်ထွက်လာတာဟာ တော်လှန်ရေးအတွက်လည်း အထောက်အပံ့ဖြစ်သလို လူငယ်တွေအတွက်လည်း အများကြီး စိတ်ခွန်အားဖြစ်စေလိမ့်မယ်လို့ ယူဆမိတယ်”ဟု နိရဉ္စရာကို ပြောသည်။

စာအုပ်ရောင်းရငွေများထဲမှ အချို့ကို တော်လှန်ရေးရဲဖော်များအတွက် မျှဝေကူညီမည်ဆိုသည်မှာလည်း အင်မတန်မွန်မြတ်သလို သာဓုလည်း အကြိမ်ကြိမ်ခေါ်ပြီး ကြိုလည်း ကြိုဆိုသည်ဟု ပြောသည်။

blob

စာအုပ်ပါကဗျာများကို ရခိုင်၊ မြန်မာနှစ်ဘာသာဖြင့် ဖော်ပြထားပြီး ကဗျာပုဒ်ရေ ၄ဝ ခန့်ပါဝင်သည်ဟုလည်း သိရသည်။

အဆိုပါကဗျာများမှာ တော်လှန်ရေးကာလဖြတ်သန်းခဲ့ရသည့် စစ်ရေး၊ နိုင်ငံရေး၊ တော်လှန်ရေးစသည့်အကြောင်းအရာများနှင့်ပတ်သက်ပြီး ရေးဖွဲ့ထားခြင်းဖြစ်သည်ဟုလည်း သိရသည်။

အုပ်ရေမည်မျှ ထုတ်ဝေသည်ကို လောလောဆယ် မသိရသေးပါ။

ဒေါက်တာညိုထွန်းအောင်သည် ပြီးခဲ့သည့် ၂ဝ၂၃ ခုနှစ်အတွင်းကလည်း "သူပုန်ဖြူ"အမည်ရှိကဗျာစာအုပ်တစ်အုပ်ကို ရခိုင်၊ မြန်မာ၊ အင်္ဂလိပ်၊ တရုတ်စသည့် ဘာသာစကား လေးမျိုးဖြင့် ထုတ်ဝေခဲ့သေးသည်။

ဓာတ်ပုံ - ပေးပို့

---

ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စာပေရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.