သဉ္ဇာနွယ်၊ နိရဉ္စရာ၊ မေ ၂၂/၂၀၂၅
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်းဖြစ်ပွားနေသည့်တိုက်ပွဲများအတွင်းတွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)သည် စစ်ကောင်စီကို စစ်ဘက်ရေးရာနှင့် ထောက်ပို့လမ်းကြောင်းတို့တွင် ပါဝင်ကူညီပေးနေသည်ဟု သတင်းများထွက်ပေါ်နေကြောင်း သိရသည်။
ကျောက်ဖြူမြို့နယ်တွင် လက်ရှိ အာရက္ခတပ်တော် (AA)နှင့် စစ်ကောင်စီတပ်တို့ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း ALP တပ်ဖွဲ့ဝင်အချို့သည် စစ်ဖက်ရေးရာအပါအဝင် ထောက်ပို့လမ်းကြောင်းစသည်ဖြင့် စစ်ကောင်စီကို အထောက်အကူပြုပေးနေသည်ဟု အမည်မဖော်လိုသူကျောက်ဖြူမြို့ခံ အမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"ကျောက်ဖြူမြို့ထဲမှာဆိုရင် ALP က စစ်ကောင်စီဝန်ထမ်းအယောင်ဆောင်ပြီး စစ်ကောင်စီနဲ့နီးစပ်တဲ့ ဒေသခံတချို့နဲ့ပေါင်း၊ မြို့ခံတွေနဲ့ပေါင်းပြီး AA သတင်းအချက်အလက်တွေ စုံစမ်းပို့ပေးတာရှိတယ်။ စစ်ဖက်ရေးရာ မြေပြင်အထောက်အကူတွေလုပ်နေတာတချို့လည်း တွေ့ရတယ်"ဟု ပြောသည်။
ယင်းအပြင် ALP တပ်ဖွဲ့ဝင်များသည် စစ်တွေနှင့် ကျောက်ဖြူသို့ နေဗီများဖြင့် အသွားအလာရှိသည်ဟု ကျောက်ဖြူဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"ကျောက်ဖြူနဲ့ စစ်တွေကို ALP တပ်ဖွဲ့ဝင်တွေ အသွားအလာရှိတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အတူသွား၊ အတူလှုပ်ရှားနေကြတာတွေ တွေ့တယ်" ဟု ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ALP ဥက္ကဋ္ဌက ဒေါ်စောမြရာဇာလင်းကို နိရဉ္စရာက ဆက်သွယ်မေးမြန်းရာ သူက ကျောက်ဖြူတိုက်ပွဲများတွင် ALP တပ်ဖွဲ့ဝင်များပါဝင်ပတ်သက်မှုမရှိကြောင်း နိရဉ္စရာကို တုံ့ပြန်ပြောသည်။
"ကျောက်ဖြူတိုက်ပွဲကို ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၊ ငြိမ်းတပ်မြတ်တော် သွားလည်းမသွားဘူး။ သွားဖို့ ဆန္ဒ နှမ်းတစေ့မျှမရှိပါဘူး။ နောက်နောင်လည်း မသွားပါဘူး။ စစ်ကောင်စီနဲ့ ငါတို့ လက်တွဲတာမရှိဘူး" ဟု ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း ကျောက်ဖြူမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေသည့်နေရာနှင့် တပ်ရင်းဂိတ်တချို့အတွက်ဟုဆိုကာ စစ်ကောင်စီတပ်က ALP တပ်ဖွဲ့ဝင်များနှင့် စစ်သင်တန်းဆင်းမွတ်ဆလင်ရာနှင့်ချီကို စစ်တွေမှတဆင့် ရေကြောင်းမှစေလွှတ်ကာ အင်အားဖြည့်တင်းခဲ့ကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။
ဒေါ်စောမြရာဇာလင်းဦးဆောင်သော ALP အဖွဲ့သည် သမ္မတဟောင်းဦးသိန်းစိန်အစိုးရလက်ထက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)လက်မှတ်ရေးထိုးထားသည့်အဖွဲ့တစ်ခုဖြစ်ပြီး လက်ရှိ စစ်ကောင်စီနှင့်လည်း အလွန်တရာနီးစပ်မှုရှိသည့်အဖွဲ့ဖြစ်သည်ဟုလည်း သိရသည်။
လက်ရှိအချိန်သည် အပစ်ရပ်ကာလဖြစ်သော်လည်း တရုတ်စီမံကိန်းများတည်ရှိသည့် ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီဘက်က စစ်အင်အားတိုးခြင်း၊ စစ်ကြောင်းထိုးခြင်း၊ ဒေသခံအရပ်သားပြည်သူများ၏ ရပ်ရွာများကို လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းများကို ပြုလုပ်နေသည့်အတွက် AA နှင့် ထိတွေ့တိုက်ပွဲအချို့လည်း ပြင်းထန်စွာဖြစ်ပွားလျက်ရှိသည်။
စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာသည့်အတွက် AA နှင့် တိုက်ပွဲဖြစ်ပွားရာမှ ပြီးခဲ့သည့် မေလ ၁၉ ရက်တွင် ကျောက်ဖြူမြို့နယ်၊ မင်းတပ်တောင်ကျေးရွာရှိ ကာကင်းစခန်းနှင့် အစိုးရစက်မှုလက်မှုသင်တန်းကျောင်းတွင် တပ်စွဲထားသည့်စခန်းတို့ကို AA က သိမ်းပိုက်ရရှိခဲ့သည်။
လက်ရှိတွင် ကျောက်ဖြူမြို့နယ်အတွင်းတိုက်ပွဲများသည် တရုတ်စီမံကိန်းများအနီးသို့ ရောက်ရှိလာနေပြီဟုလည်း သိရသည်။
ဓာတ်ပုံ - ALP တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ (Photo – ALP)
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။