Preview

ရခိုင်မှ စစ်ဘေးရှောင် ၆ဝ ရာနှုန်းခန့် မိုးတွင်းကာလ အမိုးအကာအောက်ရောက်ရှိရေး အရေးတကြီးလိုအပ်နေ

မောင်စာဂ | မေ ၂၂/ ၂၀၂၅ | ကြည့်ရှုသူ :283
ရခိုင် သတင်း

မောင်စာဂ၊ နိရဉ္စရာ၊ မေ ၂၂ /၂ဝ၂၅

ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်များ၏ ၆ဝ ရာနှုန်းခန့်သည် မကြာမီကျရောက်တော့မည့် မိုးတွင်းကာလအတွင်း အမိုးအကာအောက်ရောက်ရှိရေး အရေးတကြီးလိုအပ်နေသည်ဟု စစ်ဘေးရှောင်အရေးကူညီနေသူများက ပြောသည်။

စစ်ဘေးရှောင်အရေးကူညီပေးနေသည့် ကိုဝေဟင်အောင်က “အဓိက မိုးတွင်းကာလမှာတော့ အရေးတကြီးလိုအပ်နေတဲ့ အမိုးအကာအောက်ကို ရောက်ဖို့ဆိုလို့ရှိရင်တော့ လိုအပ်ချက်က တော်တော်ကြီးတယ်ဗျ။ အခုလုပ်နေကြတဲ့သူတွေကကျရင် ကိုယ်ထူကိုယ်ထရယ်၊ ပြီးတော့ ပရဟိတလူမှုအဖွဲ့အစည်းတွေရဲ့ပံ့ပိုးမှုရယ်၊ ပြီးတော့ ကျေးရွာတွေက ကမကထလုပ်ပေးမှုရယ်အရဆိုရင် ကျနော်တို့ ကာဗာဖြစ်နိုင်တာကကျရင် ၄ဝ ရာနှုန်းလောက်ပဲ ကာဗာဖြစ်နိုင်လောက်တယ်။ ကျန်တဲ့ ၆ဝ ရာခိုင်နှုန်းကိုတော့ ကျနော်တို့ ကာဗာမဖြစ်နိုင်ဘူးဗျ။ ၆ဝ ရာခိုင်နှုန်းလောက်တော့ လိုအပ်လိမ့်မယ်လို့ ကျနော် တွက်ဆမိတယ်”ဟု ပြောသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)လက်အောက်ခံ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)၏စာရင်းအရ ရခိုင်ရှိ လွတ်မြောက်မြို့နယ်များတွင် စစ်ဘေးရှောင်ဦးရေ ခြောက်သိန်းကျော်ရှိသည်ဟု သိရသည်။

စစ်ကောင်စီထိန်းချုပ်ထားဆဲ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့တို့၏ အနီးအနားတဝိုက်တွင်လည်း မြို့ပေါ်မှထွက်ပြေးတိမ်းရှောင်နေရသူ သုံးမြို့ပေါင်း လူဦးရေ ငါးသောင်းကျော်ခန့်ရှိနိုင်သည်ဟု စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေသူ ကိုဝေဟင်အောင်က နိရဉ္စရာကို မေလ ၁၉ ရက်တွင် ပြောသည်။

ရခိုင်ရှိ စစ်ဘေးရှောင်များ၏ နေ့စဉ်လိုအပ်ချက်ဖြစ်သည့် စားရေးသောက်ရေးကိုသာ လူမှုကူညီရေးအဖွဲ့များက အားထည့်ဆောင်ရွက်နေရပြီး အမိုးအကာနှင့်ပတ်သက်၍ အရေးကြီးသည့်နေရာအချို့ကိုသာ နိုင်သလောက် ကူညီပေးနေရသည်ဟု ဆိုသည်။

လက်ရှိတွင် စစ်ဘေးရှောင်များအတွက် စစ်ဘေးရှောင်စခန်းဟူ၍ သတ်မှတ်ထားသည့်နေရာ မရှိသလောက်နည်းပါး၍ ဆွေမျိုးများနှင့် အသိမိတ်ဆွေများ၏နေအိမ်များ၊ ဘုန်းကြီးကျောင်းများနှင့် စာသင်ကျောင်းများတွင် များသောအားဖြင့် အနေများကြပြီး စားရေးသောက်ရေးအပြင် နေရေးထိုင်ရေးပါ အလွန်တရာခက်ခဲနေကြသည်ဟု သိရသည်။

blob
ဂျပန်နိုင်ငံရောက် ရခိုင်အမျိုးသား ကိုသန်းရွှေမောင်ကလည်း ပြည်ပနိုင်ငံအသီးသီးသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေကြသည့် ရခိုင်သူ၊ ရခိုင်သားများနှင့် ပရဟိတသမားများအနေဖြင့် ရခိုင်ရှိ စစ်ဘေးရှောင်များ အမိုးအကာအောက် လုံခြုံစွာရောက်ရှိနိုင်ရေး အတတ်နိုင်ဆုံး အားတိုက်၊ အင်တိုက် ဝိုင်းဝန်းကူညီပေးကြရန် မေတ္တာရပ်ခံတောင်းဆိုလိုက်သည်။

“ကျနော်တို့မှာက ကိုယ့်လူမျိုးကို ကိုယ်မယူခဲ့ရင်၊ ကိုယ့်လူမျိုးကို ကိုယ်မကြည့်ခဲ့ဘူးဆိုရင် ကျနော်တို့မှာ အင်မတန်မှကို ဝမ်းနည်းစရာတစ်ခုဖြစ်ပါတယ်။ ကိုယ်က နိုင်ငံခြားမှာနေရတယ်ဆိုတာမျိုးမသုံးဘဲ ကိုယ်နဲ့ တန်းတူပေါ့နော်။ ခံစားရတဲ့ ခံစားချက်လေးတွေပေါ့လေ။ ရင်ထဲမှာ ရှိကြတယ်ပေါ့လေ။ ဒါကြောင့် ကျနော်တို့ ဝိုင်းဝန်းပြီးတော့ ကျနော်တို့ လက်ရှိခံစားနေရတဲ့ စစ်ဘေးရှောင်တွေအတွက် ကူညီကြရအောင်လို့ ပြောချင်ပါတယ်”ဟု ပြောသည်။

ရခိုင်ရှိစစ်ဘေးရှောင်များ၏ နေထိုင်စားသောက်ရေးတို့ကို ပြည်တွင်း၊ ပြည်ပရှိ စေတနာရှင်များ၏ ထောက်ပံ့ငွေများနှင့်အတူ မြေပြင်ရှိ နိုင်ငံတကာ NGO နှင့် INGO အဖွဲ့အချို့၏ ထောက်ပံ့မှုများဖြင့် ရပ်တည်နေရသော်လည်း လုံလောက်မှုမရှိဖြစ်နေရသည်ဟုလည်း စစ်ဘေးရှောင်အရေးကူညီပေးနေသည့် ကိုဝေဟင်အောင်က ဆက်ပြောသည်။

“နိုင်ငံတကာ NGO, INGO အပိုင်းကတော့ မရှိဘူးမဟုတ်ဘူး။ မြေပြင်မှာ ရှိတယ်။ ဒါပေမဲ့ နည်းတယ်ဗျ။ ဒီထက်တိုးပြီးတော့ ဝင်လာပြီးတော့ ကူညီပေးဖို့အတွက်လည်း ကျနော်တို့ကတော့ မေတ္တာရပ်ခံချင်ပါတယ်”ဟု ပြောသည်။

မကြာမီ မိုးတွင်းကာလကိုရောက်ရှိတော့မည်ဖြစ်၍ အဆိုပါစစ်ဘေးရှောင်များတွင် လုံခြုံသည့်အမိုးအကာများအပြင် အဝတ်အထည်နှင့် ခြင်ထောင်များလည်း အဓိက လိုအပ်လျက်ရှိနေသည်ဟု သိရသည်။

blob
ဓာတ်ပုံ - မိုး/ဇလ
လက်ရှိတွင် အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံတောင်ပိုင်းဒေသများ၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းသို့ မေလ ၁၃ ရက်တွင် စတင်ဝင်ရောက်ခဲ့ပြီဟု မိုး/ဇလထုတ်ပြန်ချက်အရ သိရသည်။

ယင်းနောက် အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသများ၊ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် အရှေ့အလယ်ပိုင်းသို့ မေလ ၁၇ ရက်တွင် ဆက်လက်ဝင်ရောက်ခဲ့သည်ဟုလည်း မိုး/ဇလက ဆိုထားသည်။

အလားတူ မေလ ၂၁ ရက်တွင်လည်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများနှင့် ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းသို့ ဆက်လက်ဝင်ရောက်ခဲ့ပြီဟု မိုး/ဇလက ထုတ်ပြန်ထားသည်။

အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံသို့ဝင်ရောက်လာနေပြီဖြစ်၍ ရခိုင်အပါအဝင် တိုင်းနှင့်ပြည်နယ်များတွင် မိုးရွာသွန်းခြင်းများရှိလာနေပြီဟုလည်း သိရသည်။

ဓာတ်ပုံ - ရခိုင်ရှိ စစ်ဘေးရှောင်များ ဖြစ်သလို နေထိုင်နေရသည်ကို တွေ့ရစဉ်။
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#လူမှုရေးရာ#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.