ကြိုင်ဟိန်းလင်း၊ နိရဉ္စရာ၊ မေ ၂၂ / ၂၀၂၅
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ ချိန်ခါလီကျေးရွာတွင် စစ်ဘေးရှောင် အမျိုးသမီးငယ် ညီအစ်မလေးဦးသည် ရေနစ်မြုပ်သေဆုံးသွားခဲ့သည်ဟု သိရသည်။
ရေနစ်မြုပ်သေဆုံးသွားသူများမှာ ဦးမောင်ဝင်းနှင့် ဒေါ်ဝင်းသန်းဌေးတို့၏သမီး မဌေးဝင်းဦး (၂၃)နှစ်နှင့် မဌေးဌေးဝင်း (၁၅)နှစ်၊ ဦးကျော်ဝင်းလှိုင်နှင့် ဒေါ်ဖြူမေတို့၏သမီး မငြိမ်းငြိမ်းလှိုင် (၁၆)နှစ်၊ ဦးစောလှမောင်နှင့် ဒေါ်မချေတို့၏သမီး မဇိမချေ (၂၀)နှစ်တို့ဖြစ်ကြသည်။
သူတို့ညီအစ်မလေးဦးစလုံးသည် စစ်တွေမြို့နယ်၊ သင်းပုန်းတန်းကျေးရွာမှဖြစ်ကြပြီး ညီအစ်မဝမ်းကွဲတော်စပ်သူများလည်းဖြစ်သည်။
ယမန်နေ့ မေလ ၂၁ ရက်၊ ညနေ ၄ နာရီခန့်တွင် ချိန်ခါလီကျေးရွာအနီးရှိ မြောင်၌ ရေချိုးကြစဉ် ရေနစ်မြုပ်သေဆုံးသွားကြခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။
မိသားစုဝင်တစ်ဦးက "သေဆုံးသွားသူ ညီအစ်မလေးယောက်ဟာ မြောင်မှာရေချိုးနေချိန် ခြေချော်ပြီး တစ်ယောက်ပြုတ်ကျတာကို တခြားသူတွေက လှမ်းဆွဲရာကနေ အခုလိုမျိုး လေးယောက်စလုံးသေဆုံးသွားတာဖြစ်ပါတယ်"ဟု ပြောသည်။
ရုပ်အလောင်းများကို ယမန်နေ့ ညနေ ၆ နာရီခန့်တွင် ပြန်လည်ဆည်ယူရရှိခဲ့သည်ဟုလည်း မိသားစုဝင်များက ဆိုသည်။
သေဆုံးသွားသည့်ညီအစ်မလေးဦးနှင့်အတူ သူတို့၏မိသားစုဝင်များသည် ယခင်က ကျောက်တော်မြို့တွင် စစ်ဘေးရှောင်အဖြစ် နေထိုင်ခဲ့သူများဖြစ်ကြသည်။
သို့သော်လည်း အကြမ်းဖက် စစ်ကောင်စီတပ်က ကျောက်တော်မြို့ကို မေလ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့တို့တွင် နှစ်ရက်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သောင်းနှင့်ချီသော စစ်ဘေးရှောင်ပြည်သူများနှင့် ကျောက်တော်မြို့ခံများသည် မြို့ကို စွန့်ခွာထွက်ပြေးသွားခဲ့ကြသည်။
ယင်းအထဲတွင် ယခု သေဆုံးသွားသူညီအစ်မလေးဦးနှင့် သူတို့၏မိသားစုဝင်များလည်း ရသေ့တောင်မြို့နယ်၊ ချိန်ခါလီကျေးရွာသို့ ယာယီစစ်ဘေးတိမ်းရှောင်ခဲ့ကြခြင်းဖြစ်သည်။
ရခိုင်တွင် ပြီးခဲ့သည့် ၂ဝ၂၃ ခုနှစ်၊ ဇူလိုင်လနှင့် သြဂုတ်လတို့အတွင်းကလည်း ရေနစ်သေဆုံးသူ အမျိုးသား ၂၅ ဦးနှင့် အမျိုးသမီး ရှစ်ဦး၊ စုစုပေါင်း ၃၃ ဦးအထိ ရှိခဲ့သည်ဟု နိရဉ္စရာသတင်းဌာနက ကောက်ယူထားသည့်အချက်အလက်များအရ သိရသည်။
အဆိုပါရေနစ်သေဆုံးသူများတွင် အသက်(၅)နှစ်မှ (၅)နှစ်အထက် ကလေးငယ်များ၊ သက်လတ်ပိုင်းအရွယ်များနှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်ခဲ့သည်။
ဓာတ်ပုံ - ရခိုင်မှ စစ်ဘေးရှောင်စခန်းတစ်ခုအား တွေ့ရစဉ်။
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။