သဉ္ဇာနွယ်၊ နိရဉ္စရာ၊ မေ ၂၂/၂၀၂၅
ရခိုင်ပြည်မှ ပြည်မဖက်သို့သွားသည့် ရခိုင်နှင့် ချင်းလူငယ် ၆ဝ ဦးခန့်သည် စစ်ကောင်စီထံဖမ်းဆီးခံလိုက်ရသည်ဟု သိရသည်။
သူတို့သည် ယခု မေလ ၂၀၊ ၂၁ နှင့် ၂၂ ရက်တို့တွင် အမ်း ရိုးကျော်လမ်း၌ ဖမ်းဆီးခံရခြင်းဖြစ်ပြီး မိသားစုနှင့် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသည်ဟု အမ်းဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"ဒီရက်ပိုင်း လူငယ်၊ လူရွယ်တွေ ပြည်မဖက်ကိုထွက်ကြတယ်။ အဓိက ရန်ကုန်ပေါ့။ ကျနော်သိရသလောက် ဒီရက်ပိုင်းအတွင်းမှာ အယောက်(၆၀)လောက်ရှိမယ်။ ချင်းလူမျိုးတွေအများကြီး ထွက်ကြတယ်။ ရခိုင်လူငယ်တွေလည်း ပါတယ်။ စစ်ကောင်စီဖက်က လမ်းတွေမှာ စစ်ကြောင်းထိုးတာတွေရှိတယ်။ ရခိုင်ပြည်တွင်းကလူတွေက အင်တာနက်လိုင်းမရတော့ သတင်းတွေကိုမသိဘူး။ ဒီတော့ ရခိုင်ကနေ မင်းဘူးသွားတဲ့လမ်းတွေမှာ အဖမ်းခံနေရတာတွေရှိတယ်" ဟု ပြောသည်။
အဖမ်းခံရသည့် လူငယ်များသည် ရခိုင်ပြည် မြေပုံ၊ အမ်းနှင့် မင်းပြားမြို့နယ်တို့မှ ဖြစ်ကြသည်ဟု ဆိုသည်။
အဆိုပါလူငယ်များသည် ရန်ကုန်တွင် ပညာသင်လိုသူများ၊ အလုပ်လုပ်ကိုင်လိုသူများအပြင် ရန်ကုန်မှတဆင့် ထိုင်း၊ မလေးရှားနိုင်ငံသို့ထွက်ခွာမည့်သူများဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
သူတို့သည် အမ်း ရိုးအကျော်တွင် တိုက်ပွဲမဖြစ်သည့်လမ်းကြောင်းများကို ရှာဖွေ၍သွားစဉ် စစ်ကောင်စီစစ်ကြောင်းများနှင့်တိုး၍ ယခုကဲ့သို့ အဖမ်းခံလိုက်ရခြင်းဖြစ်သည်ဟုလည်း သိရသည်။
အဖမ်းခံရပြီးနောက် စစ်ကောင်စီတပ်က ငွေညှစ်ပြီး ပြန်လွှတ်ပေးမှုများလည်း ရှိနေသလို အာရက္ခတပ်တော်(AA)၏လမ်းကြောင်းများကို မေးမြန်းမှုများလည်းရှိနေသည်ဟု လွတ်မြောက်လာသူ ရခိုင်လူမျိုးတစ်ဦးက နိရဉ္စရာကို ပြောသည်။
"ရန်ကုန်ဖက်ကိုသွားတာတွေများလာတော့ စစ်ကောင်စီက ထောက်ခံစာ၊ မှတ်ပုံတင်စစ်တယ်။ အကြောင်းအမျိုးမျိုးပြတယ်။ ငွေညှစ်တယ်။ AA လမ်းကြောင်းတွေကို မေးတာတွေရှိတယ်။ အဓိက မှောင်ခိုလမ်းတွေကလာရတာ ကျနော်တို့က ပွဲစားတွေနဲ့။ အဲဒီနေ့ကံကောင်းလို့ ကျနော်တို့ မင်းဘူးကားဂိတ်ကနေ လွတ်လာတယ်"ဟု ပြောသည်။
ပြီးခဲ့သည့် မေလ ၉ ရက်နေ့ကလည်း မြေပုံနှင့် မင်းပြားဖက်မှ ချင်းလူမျိုး ၂၅ ဦးသည် မကွေးတိုင်း၊ မင်းဘူးမြို့နယ်တွင် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကိုခံရပြီး ဒဏ်ငွေပေးဆောင်သဖြင့် မေလ ၁၀ ရက်နေ့တွင် ပြန်လွတ်လာခဲ့ကြောင်း သိရသည်။
ရခိုင်မှ ပြည်မသို့သွားမည်ဆိုလျှင် တစ်ဦးလျှင် ငွေကျပ်သိန်း(၆၀)အထိ ပွဲစားများကိုပေးရပြီး ပွဲစားများက မင်းဘူးမြို့အထိပို့ဆောင်ပေးကာ မင်းဘူးမှတဆင့် မိမိအစီအစဉ်ဖြင့် ဆက်သွားရကြောင်း သိရသည်။
လက်ရှိ အပစ်ရပ်ကာလတွင် ရခိုင်ရိုးမပေါ်ရှိ အမ်း-ပဒါန်းလမ်းပေါ်မှ မကွေးတိုင်း၊ ငဖဲမြို့နယ်အပိုင် နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးဗျူဟာစခန်းအနီး စစ်ကောင်စီတပ်နှင့် AA အပါအဝင် တော်လှန်ရေးတပ်တို့ တိုက်ပွဲမှာ ရပ်တန့်နေသော်လည်း စစ်ကောင်စီဘက်က စစ်ကြောင်းထိုးမှုများနှင့် စစ်အင်အား တိုးချဲ့မှုများရှိနေသည်ဟု သိရသည်။
ဓာတ်ပုံ - ပုံဟောင်း
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။