Preview

ပိတ်ထားခဲ့သည့် မီဇိုရမ်-ပလက်ဝ နယ်စပ်လမ်းကို အိန္ဒိယအစိုးရပြန်ဖွင့်ပေး

မောင်စာဂ | မေ ၂၂/ ၂၀၂၅ | ကြည့်ရှုသူ :1960
ရခိုင် သတင်း

မောင်စာဂ၊ နိရဉ္စရာ၊ မေ ၂၂/ ၂၀၂၅

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်မှတဆင့် ချင်းပြည်နယ်၊ ပလက်ဝသို့ ကုန်ပစ္စည်းများပို့ဆောင်နေသည့် နယ်စပ်လမ်းကို အိန္ဒိယအာဏာပိုင်များက ပြန်လည်ဖွင့်ပေးလိုက်ပြီဟု ကုန်သည်များက ပြောသည်။

အဆိုပါနယ်စပ်လမ်းကို မေလ ၂ဝ ရက်တွင် အိန္ဒိယအာဏာပိုင်များက ပြန်လည်ဖွင့်ပေးလိုက်ခြင်းဖြစ်ပြီး ပိတ်မိနေခဲ့သည့် ကုန်သည်များအနေဖြင့် ကုန်ပစ္စည်းများနှင့်အတူ ပြန်လာနေကြပြီဟု ရခိုင်ကုန်သည်တစ်ဦးက နိရဉ္စရာကို ပြောသည်။

“ပြန်ဖွင့်ပေးလိုက်ပါပြီ။ အခု ကုန်သည်တွေ ကုန်တွေနဲ့အတူ ပြန်လာလို့ ရနေပါပြီ”ဟု ပြောသည်။

အဆိုပါလမ်းကို ပြီးခဲ့သည့် မေလ ၁၆ ရက်မှစတင်ကာ အိန္ဒိယအာဏာပိုင်များက လုံခြုံရေးကြောင့်ဟုဆိုကာ ရက်အကန့်အသတ်မရှိ ပိတ်ပင်ခဲ့ခြင်းဖြစ်ပြီး လေးရက်အကြာတွင် ပြန်ဖွင့်ပေးခဲ့ခြင်းဖြစ်သည်။

ယင်းသို့ပိတ်ပင်ခဲ့သည့်အတွက် ပလက်ဝမှတဆင့် ရခိုင်ပြည်သို့ အိန္ဒိယနိုင်ငံမှတင်သွင်းသည့် ကုန်ပစ္စည်းများပြတ်လပ်ပြီး ဈေးနှုန်းများလည်း အဆမတန်မြင့်တက်မှုများဖြစ်လာနိုင်သည့်အတွက် ရခိုင်ပြည်သူများအကြား စိုးရိမ်ခဲ့ကြသည်။

ရခိုင်ပြည်တွင် မြို့သိမ်းတိုက်ပွဲများဖြစ်ပွားခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစတင်ကာ စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းများအားလုံးကို ပိတ်ဆို့ခဲ့သည်။

ထိုသို့ပိတ်ဆို့ခဲ့ပြီးနောက် လောင်တလိုင်-ပလက်ဝနယ်စပ်လမ်းသည် ရခိုင်ပြည်သို့ အဓိက ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းများအနက် တစ်ခုဖြစ်လာခဲ့သည်။

အဆိုပါလမ်းမှတဆင့် ရခိုင်သို့ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် လောင်စာဆီများကို တင်သွင်းနေကြခြင်းလည်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ကလည်း မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင် ဗဟိုလိုင်လူငယ်အစည်းအရုံး (CYLA)က မီဇိုရမ်မှတဆင့် ရခိုင်ပြည်သို့ ကုန်စည်တင်သွင်းမှုများကို ပိတ်ပင်ခဲ့သော်လည်း အာရက္ခတပ်တော်(AA)နှင့် မီဇိုရမ်ပြည်နယ်အစိုးရတို့၏ညှိနှိုင်းမှုများကြောင့် အဆိုပါ လမ်းကြောင်းမှာ ပြန်လည်အဆင်ပြေခဲ့သည်။

ဓာတ်ပုံ - လောင်တလိုင်ခရိုင်ရှိ နယ်စပ်လမ်းတစ်ခုအား တွေ့ရစဉ်။ (Photo - The Lawngtlai Post)
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#လူမှုရေးရာ#နယ်စပ်ရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.