Preview

ဘင်္ဂလားပင်လယ်အော်အတွင်း မေလ ၂၇ ရက်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်မည်ဟု မိုး/ဇလထုတ်ပြန်

မောင်စာဂ | မေ ၂၂/ ၂၀၂၅ | ကြည့်ရှုသူ :828
ရခိုင် သတင်း

မောင်စာဂ၊ နိရဉ္စရာ၊ မေ ၂၂/၂ဝ၂၅

ဘင်္ဂလားပင်လယ်အော်အတွင်း လာမည့်မေလ ၂၇ ရက်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်မည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။

ယနေ့ မေလ ၂၂ ရက်နေ့၊ မြန်မာစံတော်ချိန် နေ့လယ် ၁ နာရီခွဲအချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတို့၌ မေလ ၂၇ ရက်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင်သည်ဟု မိုး/ဇလ၏ ယနေ့ ညနေ ၃ နာရီအချိန်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက် ၂ ရက်အတွင်း ပိုမိုအားကောင်းလာနိုင်သည်ဟု ခန့်မှန်းရပါသည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံတောင်ပိုင်းဒေသများ၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းသို့ မေလ ၁၃ ရက်တွင် စတင်ဝင်ရောက်ခဲ့ပြီဟု မိုး/ဇလထုတ်ပြန်ချက်အရ သိရသည်။

ယင်းနောက် အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသများ၊ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် အရှေ့အလယ်ပိုင်းသို့ မေလ ၁၇ ရက်တွင် ဆက်လက်ဝင်ရောက်ခဲ့သည်ဟုလည်း မိုး/ဇလက ဆိုထားသည်။

အလားတူ မေလ ၂၁ ရက်တွင်လည်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများနှင့် ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းသို့ ဆက်လက်ဝင်ရောက်ခဲ့ပြီဟု မိုး/ဇလက ထုတ်ပြန်ထားသည်။

အနောက်တောင်မုတ်သုံလေစတင်ဝင်ရောက်သည့်နေ့မှ ဇွန်လကုန်အထိကို မိုးဦးကာလအဖြစ်သတ်မှတ်ထားသည်ဟု သိရသည်။

မိုးဦးကာလတွင် ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်း သုံးကြိမ်ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည်ဟုလည်း မိုး/ဇလ၏ ဧပြီလ ၂၈ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ - ရခိုင်ပြည်အတွင်းရှိ ဘင်္ဂလားပင်လယ်အော်တစ်နေရာ။
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#မိုးလေဝသ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.