Preview

ကျောက်ဖြူတွင် စစ်ကောင်စီက တရုတ်စက်ရုံကို အကာအကွယ်ယူပြီး AA ကို ခုခံတိုက်ခိုက်နေ

သဉ္ဇာနွယ် | မေ ၂၂/ ၂၀၂၅ | ကြည့်ရှုသူ :6916
ရခိုင် သတင်း

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ မေ ၂၂/၂၀၂၅

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ တရုတ်ဓာတ်အား‌ဖြန့်ဖြူးရေးနှင့် စွန့်ပစ်စက်ရုံ(OGT)နှင့်ဧရိယာဝန်းကျင်ကို စစ်ကောင်စီတပ်က အကာအကွယ်ယူပြီး အင်အား ၃၀၀ ခန့်ထပ်မံဖြည့်တင်းကာ အာရက္ခတပ်တော်(AA)ကို ခုခံတိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်ရှိ OGT စက်ရုံနှင့် ဧရိယာအတွင်းရှိ စစ်ကောင်စီနေရာယူထားသည့် စခန်းငယ်များနှင့် နေရာများကို ကျောက်ဖြူအခြေစိုက် ခမရ(၅၄၂)နှင့် ခမရ(၅၄၃)အပါအဝင် နေဗီပေါ်မှ စစ်အင်အားအသစ်များဖြည့်ပြီး AA ကို ခုခံတိုက်ခိုက်နေသည်ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။

"မနေ့က ခြေမြန်တပ်ရင်း (၂)ရင်းကနေ အင်အား ၂၀၀ လောက်ရှိမယ်။ နေဗီပေါ်ကလည်း အင်အား ၁၀၀ ကျော်ရှိမယ်။ အင်အားအသစ်ဖြည့်တာ။ အင်အားက ၃၀၀ ထက်တောင်များနိုင်တယ်။ အဲဒီစစ်ကြောင်းတွေအကုန်လုံး အဲဒီတရုတ်စက်ရုံဧရိယာဖက်ကို သွားတယ်။ သူတို့က တရုတ်စီမံကိန်းဧရိယာ ကိုကာဗာယူပြီး AA ကို တိုက်တယ်။ AA က ပြန်ပစ်ရင် စက်ရုံနားတွေကိုဝင်ပြေးတယ်" ဟု ပြောသည်။

မေလ ၁၉ ရက်တွင် ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်ရှိ မင်းတက်တောင်ကျေးရွာရှိ ကာကင်းစခန်းနှင့် အစိုးရစက်မှုလက်မှုသင်တန်းကျောင်း၌ တပ်စွဲထားသည့်စခန်းတို့ကို AA က သိမ်းပိုက်နိုင်ခဲ့‌ကြောင်း သိရသည်။

AA သိမ်းပိုက်ထားသည့် မင်းတက်တောင်ပတ်ဝန်းကျင်ကို စစ်ကောင်စီဖက်မှ ဒရုန်း၊ ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲတိုက်ခိုက်မှုများရှိနေသော်လည်း တရုတ်စက်ရုံရှိသည့် စီမံကိန်းဝန်းကျင်ကို ပစ်ခတ်ခြင်းမရှိဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။

"AA သိမ်းထားတဲ့စခန်းတွေ၊ ရွာတွေ၊ တောတန်းတွေကိုတော့ ဒရုန်း၊ လေယာဉ်နဲ့ပစ်တယ်။ တရုတ်နဲ့ပတ်သက်တဲ့ဧရိယာကိုတော့ မထိရဲဘူး။ ပုံမှန်ဆို AA ဝင်မှာကြောက်လို့ သူတို့နေတဲ့နေရာအနီးအနားဝန်းကျင်ကို AA ဝင်မလာနိုင်အောင် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာရှိတယ်လေ။ အခု တရုတ်ပစ္စည်းထိမှာကြောက်လို့ထင်တယ်" ဟုပြောသည်။

ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်၊ မလကျွန်းကျေးရွာအနီးအနားနှင့် ကျေးရွာ ဧရိယာတဝိုက်တွင်တည်ရှိသည့် တရုတ်စီမံကိန်းများအနားတွင် စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလှုပ်ရှားရာမှ မေလ ၁၅ ရက်နေ့မှစတင်ကာ AA နှင့် စစ်ကောင်စီတို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့‌ခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်ဖြူတွင် ဖေဖော်ဝါရီ ၂၀ ရက်နေ့မှစတင်ခဲ့သည့်တိုက်ပွဲမှာ ယနေ့ မေလ ၂၂ ရက်နေ့ဆိုလျှင် သုံးလကျော်အထိကြာမြင့်ခဲ့ပြီဖြစ်သည်။

တိုက်ပွဲအတွင်း AA က စစ်ကောင်စီတပ်စွဲထားသည့် ကျေးရွာတချို့နှင့် ကာကင်းစခန်းတချို့ကို ထိန်းချုပ်ထားနိုင်ပြီဟု သိရသည်။

လက်ရှိ အပစ်ရပ်ကာလအတွင်းတွင်လည်း စစ်ကောင်စီဖက်က စစ်ကြောင်းများထိုးပြီး AA ကို တိုက်ခိုက်နေသည့်အတွက် တိုက်ပွဲမှာ အပြန်အလှန်ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိဖြစ်ပွားနေသည့် ကျောက်ဖြူတိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ အထိနာ၊ ထွက်ပြေးမှုများရှိနေပြီး ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများလည်းရှိနေကြောင်း သတင်းရင်းမြစ်များက ပြောသည်။
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.