နိရဉ္စရာ၊ မေ ၂၃/၂၀၂၅
ရန်ကုန်တွင် ရခိုင်မျိုးနွယ်စုဝင် မရမာကြီးလူမျိုး ၂ ဦးအပါအဝင် လူငယ် ၅ ဦးကို စစ်ကောင်စီဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။
ယမန်နေ့ မေလ ၂၂ ရက်နေ့ ညအချိန်တွင် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)၊ ရဲနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ သံဒင်းဈေးအနီးရှိအဆောင်တစ်ခုသို့ဝင်ရောက်ပြီး မရမာကြီး လူငယ် (၂)ဦးနှင့်နောက်ထပ်အဆောင်နေ ဗမာလူငယ် (၃)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ရွှေပြည်သာမြို့နယ်မှ ရခိုင်အမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောသည်။
"စစ်ဆေးစရာရှိတယ်ဆိုပြီး အဆောင်ကို တန်းဝင်ပြီးဖမ်းသွားတာ။ အခုချိန်ထိပြန်မလွှတ်သေးဘူး။ ဘယ်ကိုခေါ်သွားမှန်းလည်း မသိရဘူး" ဟုပြောသည်။
ဖမ်းဆီးခံရသည့် မရမာကြီးလူငယ် ၂ ဦးမှာ စစ်တွေမြို့၊ ကျောင်းတက်လမ်းရပ်ကွက်ဇာတိဖြစ်ပြီး ရန်ကုန်တွင် အလုပ်လုပ်ကာ နေထိုင်သူဖြစ်သည်။
နောက်ထပ်(၃)ဦးမှာ နယ်မှ အလုပ်လာလုပ်သည့် ဗမာလူငယ်များဖြစ်ကြောင်း သိရသည်။
ရန်ကုန်တွင် ယခုရက်ပိုင်းအတွင်း ဧည့်စာရင်းစစ်မှု၊ ဖမ်းဆီးစစ်ဆေးမှုများလာသည့်အတွက် လူငယ်များမှာ စိုးရိမ်မှုမြင့်တက်နေသည်ဟု ရန်ကုန်တွင်နေထိုင်သည့် အမျိုးသမီးငယ်တစ်ဦးက နိရဉ္စရာကိုပြောသည်။
" ဧည့်စာရင်း၊ အိမ်ထောင်စုစာရင်းစစ်ရင်လည်း ဧည့်စာရင်းမှာပါတဲ့လူတစ်ယောက်လျော့တာတွေ့ရင် အပြစ်ပြောတယ်။ဒဏ်ရိုက်တယ်။ ပြီးတော့ လိုင်းကားပေါ်တွေထိတောင်တက်ပြီး ဖမ်းဆီးတာတွေရှိတယ်။ လူပျောက်လည်းများတယ်။မိန်းကလေးတွေကအစ ပျောက်နေတာ။ ပျောက်ပြီးရင် ပေါ်မလာဘူး။ ညီမဆိုရင် အိမ်ထဲအိမ်ပြင်မထွက်ရဲဘူး။ အိမ်ထဲမှာနေရင်တောင် မဆီမဆိုင်အဖမ်းခံနေရမှာ အရမ်းကြောက်တယ်။ ဒုစရိုက်သမားတွေလည်း ပေါလာတယ်။ နေရတာစိုးရိမ်စရာအခြေနေဖြစ်နေတယ်" ဟု ပြောသည်။
ရန်ကုန်တွင် ရခိုင်လူငယ်၊ အမျိုးသား၊ အမျိုးသမီးများအပါအဝင် တခြား နယ်မှ အလုပ်လာလုပ်ကြသည့် လူငယ်၊ လူလတ်ပိုင်းအရွယ်များလည်း ဖမ်းဆီးခံရမှုများနေပြီး အဆက်သွယ်မရဘဲ ပျောက်ဆုံးနေသူများလည်း ရာနှင့်ချီရှိနေပြီဖြစ်သည်ဟု ရန်ကုန်ရောက် ရခိုင်စစ်ရှောင်တစ်ဦးကနိရဉ္စရာ ကိုပြောသည်။
" ရပ်ကွက်တိုင်းလိုလို ဖမ်းဆီးတာရှိတယ်။ လမ်းသွားရင်းနဲ့လည်း လူငယ်တွေ၊ မိန်းကလေး ပျောက်တဲ့သတင်းတွေကြားတယ်။ တစ်ယောက်စ၊ နှစ်ယောက်စအုပ်စုလိုက် အဖမ်းခံရတာ တစတစနဲ့ ရာနဲ့ချီရှိနေပြီ" ဟု ပြောသည်။
ရန်ကုန်တွင် စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်နောက်ပိုင်း စစ်တပ်က ဒေသခံပြည်သူများအား မတရားဖမ်းဆီးမှု၊ သတ်ဖြတ်မှုပြုလုပ်မှုများလာပြီး ဒုစရိုက်သမားများလည်း အတင့်ရဲလာကြောင်း သိရသည်။
လက်ရှိစစ်ကောင်စီမှ ဧည့်စာရင်းစစ်ခြင်း၊ လမ်းသွားလမ်းလာ မသင်္ကာသူများကိုစစ်ဆေးမှုများပြုလုပ်ကာ ဖမ်းဆီးမှုများရှိနေပြီး လူငယ်၊ လူရွယ်များပျောက်ဆုံးမှုပိုများလာကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီထံ ဖမ်းဆီးခံရသူအများစုမှာ စစ်သားစုဆောင်းခြင်းများခံနေရပြီး ငွေကြေးတတ်နိုင်သူတချို့မှာ ငွေကြေး သိန်းရာနှင့်ချီပေးနိုင်သဖြင့် ဖမ်းဆီးခံရမှုမှ လွတ်မြောက်လာသော်လည်း အများစုမှာ စစ်မှုထမ်းရန် ခေါ်ဆောင်ခံနေရဟု လွတ်မြောက်လာသူများ၏ မိသားစုထံမှ သိရသည်။ (ဓာတ်ပုံ- ခေတ်သစ်)