(စစ်သုံ့ပန်းတချို့၊ အလောင်းများနှင့် လက်နက်ခဲယမ်းတချို့ AA သိမ်းဆည်းရမိ)
သဉ္ဇာနွယ်၊နိရဉ္စရာ၊မေ၂၄/၂၀၂၅
ပြီးခဲ့သည့်ရက်ပိုင်းကအာရက္ခတပ်တော်(AA)သိမ်းပိုက်ထားသည့်အစိုးရစက်မှုလက်မှု သင်တန်းကျောင်းကို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်သည့် စစ်ကောင်စီ စစ်ကြောင်းသည် အကျအဆုံးများဖြင့်ဆုတ်ခွာထွက်ပြေးသွားခဲ့ရပြီး စစ်သုံ့ပန်းတချို့၊ အလောင်းများနှင့် လက်နက်ခဲယမ်းတချို့ AA သိမ်းဆည်းရမိခဲ့သည်ဟုသတင်းရရှိသည်။
ယမန်နေ့မေလ၂၃ရက်၊ညနေပိုင်းတွင်အမှတ်(၃၂)ရဲတပ်ရင်းမှစစ်ကြောင်းနှစ်ကြောင်းဖြင့် အဆိုပါ စက်မှုလက်မှုကျောင်း တိုက်ခိုက်ရန် ထိုးစစ်ဆင်လာစဉ် AA က ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲပြင်းထန်ခဲ့သည်ဟုမြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကနိရဉ္စရာကိုပြောသည်။
"အမှတ်(၃၂)ရဲတပ်ရင်းကထွက်လာတာ။နှမ်းဖဲတောင်စေတီကွင်းဖက်ကတစ်ကြောင်း၊ပြိုင်းစေ့ကေဖက်ကတစ်ကြောင်း။ရာနဲ့ချီပါတယ်။အဲဒီစစ်ကြောင်းချီတက်လာတာ။အဓိကစက်မှုလက်မှုသင်တန်းကျောင်းကိုဦးတည်ပြီးထိုးစစ်ဆင်လို့အပြန်အလှန်တိုက်ပွဲပြင်းခဲ့တာ။သင်တန်းကျောင်းကိုသူတို့မရောက်လိုက်ဘူး။လမ်းမှာကြားဖြတ်တိုက်ခိုက်ခံရတာ"ဟုပြောသည်။
အဆိုပါတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားများအထိနာကာ (၃၂) ရဲတပ်ရင်းဖက်သို့လာရာလမ်း အတိုင်းဆုတ်ခွာသွားခဲ့ရပြီးဒဏ်ရာရစစ်သားများနှင့်လက်နက်ခဲယမ်းတချို့ကိုAA ကသိမ်းဆည်းရမိထားသည်ဟုလည်းစစ်၎င်းစစ်ရေးသတင်းရင်းမြစ်ကနိရဉ္စရာကိုပြောသည်။
"တိုက်ပွဲဖြစ်တဲ့နေရာကနေဒဏ်ရာရစစ်သားတွေ၊သေတဲ့အလောင်းတွေနဲ့အတူလက်နက်ခဲယမ်းတချို့ကိုတော့AA ကရထားလိုက်တာရှိပါတယ်" ဟုပြောသည်။
AA သည်ကျောက်ဖြူမြို့နယ်အတွင်းရှိအစိုးရစက်မှုလက်မှုသင်တန်းကျောင်းနှင့်မင်းတက်တောင်စခန်းတို့ကိုပြီးခဲ့သည့်မေလ၁၉ရက်တွင်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ယင်းအနက်မင်းတက်တောင်စခန်းပတ်ဝန်းကျင်အနီးအနားကိုလည်းယမန်နေ့မေလ၂၂ရက်၊ညနေပိုင်းတွင်စစ်ကောင်စီကဂျက်ဖိုက်တာတစ်စီးဖြင့်ဗုံးကြဲခဲ့သဖြင့်စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးနှင့်အမျိုးသားနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
စခန်းနှစ်ခုသိမ်းပိုက်ခံလိုက်ရသည့်အတွက်စစ်ကောင်စီသည်ကျောက်ဖြူမြို့နယ်၊ဂုံးချွိန်တိုက်နယ်မှတရုတ်ဓာတ်အားဖြန့်ဖြူးရေးနှင့်စွန့်ပစ်စက်ရုံ(OGT)နှင့်ဧရိယာအတွင်းရှိစစ်ကောင်စီ နေရာယူထားသည့်စခန်းငယ်များ၊နေရာများကိုကျောက်ဖြူအခြေစိုက်ခမရ(၅၄၂)နှင့်ခမရ(၅၄၃) အပါအဝင်နေဗီပေါ်မှအင်အားအသစ်များဖြည့်ကာတရုတ်စီမံကိန်းကိုအကာအကွယ်ယူပြီးလည်းAA ကိုခုခံတိုက်ခိုက်နေကြောင်းသိရသည်။
ဓာတ်ပုံ - AA Info Desk (ပုံဟောင်း)
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက်လူကြီးမင်းတို့ရဲ့အားပေးမှုနဲ့အကူအညီတွေကိုအထူးလိုအပ်နေပါတယ်။ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့်ကူညီနိုင်ပါတယ်။လူကြီးမင်းတို့ရဲ့ကူညီထောက်ပံ့မှုအတွက်ကျေးဇူးအထူးတင်ပါတယ်။