Preview

ရခိုင်တွင် သွင်းအားစုဈေးများမြင့်တက်နေဆဲဖြစ်၍ ယခုနှစ် လယ်ဧက ငါးသိန်းခန့်သာ စိုက်ပျိုးနိုင်တော့မည်

ကြိုင်ဟိန်းလင်း | မေ ၂၆/ ၂၀၂၅ | ကြည့်ရှုသူ :1823
ရခိုင် သတင်း

ကြိုင်ဟိန်းလင်း၊ နိရဉ္စရာ၊ မေ ၂၆/ ၂၀၂၅

ရခိုင်ပြည်တွင် သွင်းအားစုဈေးများ ဆက်လက်မြင့်တက်နေဆဲဖြစ်၍ ယခုနှစ် လယ်ဧက ငါးသိန်းခန့်သာစိုက်ပျိုးနိုင်တော့မည်ဟု ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂမှ သိရသည်။

ရခိုင်တွင် ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်၊ မိုးစပါးစိုက်ရာသီက လယ်ဧက ခုနစ်သိန်းခန့်သာ စိုက်ပျိုးနိုင်ခဲ့သော်လည်း ယခုနှစ်တွင် လယ်ယာလုပ်ငန်းအတွက် သွင်းအားစုများဖြစ်သည့် ထွန်ယက်စရိတ်၊ စက်သုံးဆီ၊ ဓာတ်မြေသြဇာ၊ ထွန်ယက်လုပ်သားစရိတ်စသည့် သွင်းအားစုများ ဆက်လက်ဈေးမြင့်တက်နေမှုကြောင့် ဧက ငါးသိန်းခန့်သာစိုက်ပျိုးနိုင်မည်ဟု ခန့်မှန်းမိကြောင်း ရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂမှ ပြန်ကြားရေးတာဝန်ခံ ဦးအောင်ကျော်မြက နိရဉ္စရာကို ပြောသည်။

"ကျနော်တို့ လယ်သမားတွေက အရင်းစိုက်ထုတ်မှုတွေက မရှိနိုင်ဖြစ်တဲ့အတွက် အဲဒါရဲ့ နောက်ဆက်တွဲအနေနဲ့ ၂ဝ၂၃-၂ဝ၂၄ မိုးမှာ ခုနစ်သိန်းလောက်ပဲ စိုက်နိုင်တယ်ဆိုလို့ရှိခဲ့ရင် ကျနော်တို့ ဒီနှစ်မိုးရာသီမှာ၊ ၂ဝ၂၅ မိုးမှာ ကျနော်တို့ ငါးသိန်းပတ်လည်လောက်ပဲ စိုက်နိုင်မလားဆိုပြီးတော့ ကျနော်တို့ ယေဘုယျသုံးသပ်ပါတယ်" ဟု ပြောသည်။

ရခိုင်တွင် ပြီးခဲ့သည့်နှစ် စပါးစိုက်ရာသီကလည်း တိုက်ပွဲများနှင့် လမ်းပန်းဆက်သွယ်ရေးဖြတ်တောက်ခံနေရမှုတို့ကြောင့် သွင်းအားစုများဈေးနှုန်းမြင့်တက်ခဲ့သည်ဟု သိရသည်။

ယခုနှစ်တွင် ရခိုင်ရှိ မြို့နယ် ၁၄ ခုတွင် တိုက်ပွဲများမရှိတော့သော်လည်း လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေမှုကြောင့် ဓာတ်မြေဩစာတစ်အိတ်လျှင် ကျပ် နှစ်သိန်းသုံးသောင်းဝန်းကျင်နှင့် ဒီဇယ်ဆီတစ်ပေပါလျှင်လည်း ၁၈ သိန်းဝန်းကျင်အထိ ဈေးနှုန်းမြင့်မားနေဆဲဖြစ်သည်ဟု သိရသည်။

ယင်းအပြင် အခြား သွင်းအားစုစရိတ်စခများနှင့်တွက်လိုက်လျှင် လယ်တစ်ဧကစိုက်ပျိုးမည်ဆိုပါက သွင်းအားစုစရိတ်သည် ကျပ်ဆယ်သိန်းခန့်ကုန်ကျနေသည့်အတွက် လယ်သမားများ အများစု လယ်ယာလုပ်ငန်းလုပ်ကိုင်ရန် အခက်အခဲဖြစ်နေကြရခြင်းဖြစ်သည်ဟု ကျောက်တော်မြို့နယ်မှ လယ်သမားတစ်ဦးဖြစ်သူ ဦးထွန်းစံကျော်က ပြောသည်။

"ထွန်ယက်ဈေးနှုန်း၊ ဓာတ်မြေဩဇာ၊ စက်သုံးဆီတွေ ဈေးကြီးနေရင် ထွန်ယက်နိုင်မှာ မဟုတ်ဘူး။ လယ်သမားကတော့ လယ်လုပ်ဖို့ပါပဲ။ ဒါပေမဲ့ တွက်ခြေမကိုက်ရင်တော့ မလုပ်နိုင်ဘူး" ဟု ပြောသည်။

ယမန်နှစ်ကလည်း သွင်းအားစုဈေးကြီးမှုကြောင့် မိုးစပါးမစိုက်ပျိုးနိုင်ခဲ့ဟု သူက ဆက်ပြောသည်။

blob

လက်ရှိ ရခိုင်တွင် စစ်ကောင်စီထိန်းချုပ်ထားဆဲမြို့သုံးခုအနက် စစ်တွေနှင့် ကျောက်ဖြူမြို့တို့တွင်လည်း တိုက်ပွဲဖြစ်ပွားမှုနှင့် စစ်ရေးလှုပ်ရှားမှုများရှိနေသည့်အတွက် မိုးစပါးစိုက်ပျိုးရန် ခက်ခဲနေသေးသည်ဟု ပေါက်တောမြို့နယ်မှ လယ်သမားတစ်ဦးက ပြောသည်။

"အခုက စစ်တွေဖက်က လက်နက်ကြီးနဲ့ လှမ်းပစ်တာတွေရှိတဲ့အတွက် ရွာမှာက လူတွေလည်း မနေရဘူး။ အဲလိုပစ်နေရင် လယ်စိုက်ပျိုးဖို့အတွက်ကလည်း အဆင်မပြေဘူး။ နောက်တစ်ခုက သွင်းအားစုတွေ အရမ်းဈေးကြီးတာပေါ့" ဟု ပြောသည်။

ထို့အပြင် ရခိုင်မှ လယ်သမားများမှာ သွင်းအားစုများကို ဈေးကြီးပေးပြီး ဝယ်ယူနေရသော်လည်း ထွက်ရှိလာသည့် စပါးများမှာ ဈေးကောင်းမရရှိသည့်အတွက် အရှုံးဖြင့်သာ ရင်ဆိုင်နေကြရသည်။

ပြီးခဲ့သည့်စပါးပေါ်ရာသီက လယ်သမားများရရှိသည့် စပါးများထဲမှ ဧည့်မထအုပ်စု စပါး‌တောင်းတစ်ရာလျှင် ကျပ်ငါးသိန်းဝန်းကျင်သာရှိပြီး ပေါ်ဆန်းမွှေး တောင်းတစ်ရာလျှင် ရှစ်သိန်းဝန်းကျင်ခန့်သာ ရရှိသည့်အတွက် လယ်တစ်ဧက လုပ်လျှင် သုံးသိန်းဝန်းကျင်ခန့် အရှုံးပေါ်နေသည်ဟုလည်း ရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂမှ ပြန်ကြားရေးတာဝန်ခံ ဦးအောင်ကျော်မြက ပြောသည်။

“လယ်တစ်ဧကလုပ်တိုင်းကို ရခိုင်လယ်သမားတွေဟာ အနည်းဆုံး သုံးသိန်းပတ်လည်လောက်စီ ရှုံးနေပါတယ်”ဟု ပြောသည်။

ရခိုင်ပြည်တွင် လယ်ဧကပေါင်း ၁၂ သိန်းဝန်းကျင်ရှိသော်လည်း ဧက ၁၀ သိန်းဝန်းကျင်ကိုသာ မိုးစပါးစိုက်ပျိုးနိုင်သည်ဟု သိရသည်။

သို့သော်လည်း ၂၀၁၈ ခုနှစ်မှ စတင်ကာ တိုက်ပွဲများကြောင့် မိုးစပါးစိုက်ပျိုးဧက လျော့ကျလာကာ ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တွင် ဧက ၇ သိန်းခန့်သာ စိုက်ပျိုးနိုင်ခဲ့ကြသည်။

ရခိုင်မှ လယ်သမားများအနေဖြင့် လယ်ယာလုပ်ငန်းများအား ပုံမှန်အတိုင်းလုပ်ငန်းနိုင်ရန် ဒေသအာဏာပိုင်များအနေဖြင့် သွင်းအားစုဈေးနှုန်းများကို လျှော့ချပေးရန်လိုအပ်ပြီး လယ်သမားများ အဆင်ပြေပြေလုပ်ကိုင်နိုင်ရန် ဆောင်ရွက်ပေးသင့်သည်ဟုလည်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂက တိုက်တွန်းပြောဆိုသည်။

ရခိုင်တွင် ရွှေဝါထွန်း၊ အိန္ဒိယချေ၊ စာပစိ၊ သီရိဒုံ၊ ငစိန်၊ ဧည့်မထ၊ ပေါ်ဆန်းမွှေး စသည့်စပါးအမျိုးအစားများကို စိုက်ပျိုးတတ်ကြပြီး ယခုနှစ် စိုက်ပျိုးရာသီအတွက် လယ်သမားများတွင် မျိုးစပါး ရှိသင့်သလောက်ရှိသည်ဟုလည်း သိရသည်။

အခြားတစ်ဘက်တွင်လည်း ရခိုင်ပြည်တွင် ပြင်းထန်စွာဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် လယ်သမားများတွင် အိုးအိမ်၊ ပစ္စည်းဥစ္စာဆုံးရှုံးမှုနှင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရမှုများကြောင့်လည်း စိုက်ပျိုးလယ်ဧကများ လျော့နည်းလာရခြင်းဖြစ်သည်ဟု သိရသည်။

ဓာတ်ပုံ - ပုံဟောင်း

---

ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#လူမှုရေးရာ#လယ်ယာ#စိုက်ပျိုးရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.