Preview

နတ်ရေကန်အနီးတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အကျအဆုံးများ၍ အင်အားဖြည့်ပြီး AA ကို ခုခံတိုက်ခိုက်နေ

သဉ္ဇာနွယ် | မေ ၂၆/ ၂၀၂၅ | ကြည့်ရှုသူ :3779
ရခိုင် သတင်း

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ မေ ၂၆/၂၀၂၅

တိုက်ပွဲများပြင်းထန်နေသည့် ရခိုင်ပြည်နှင့် မကွေးတိုင်းကြားရှိ အမ်း-ပဒါန်းလမ်းပေါ်မှ နတ်ရေကန်အနီးတိုက်ပွဲတွင် စစ်ကောင်စီဘက်က အကျအဆုံးများ၍ အင်အားဖြည့်တင်းပြီး အာရက္ခတပ်တော်(AA)ကို ခုခံတိုက်ခိုက်နေသည်ဟု သိရသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အကျအဆုံးများနေသည့်အတွက် ယမန်နေ့ မေ ၂၅ ရက်တွင် စစ်ကောင်စီဘက်မှ တပ်မ(၉၉)အပါအဝင် အင်အားအလုံးအရင်းဖြင့် ထပ်မံဖြည့်တင်းကာ AA ကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု အမ်းဒေသခံမြေပြင်စစ်ရေးသတင်းရင်းမြစ် အမျိုးသားတစ်ဦးက နိရဉ္စရာကိုပြောသည်။

"တောင်အောက်က စစ်ကြောင်းတွေနဲ့ဖြစ်နေတာ ဒီနေ့ဆို သုံးရက်ရှိနေပြီ။ အကျအဆုံးများတယ်။ သူတို့ဖက်ကလည်း တပ်မ(၉၉)ဦးဆောင်ပြီး ပြည်သူ့စစ်မှုထမ်းတွေ ပဒါန်းဖက်ကတက်လာပြီး AA ကို ခုခံတိုက်နေတယ်" ဟု ပြောသည်။

နတ်ရေကန်အနီး မေလ ၂၄ ရက်နေ့က ထိုးစစ်တက်လာသည့် စစ်ကြောင်းနှစ်ကြောင်းအနက် တစ်ကြောင်းမှာ တိုက်ပွဲအတွင်း အထိနာပြီး ဒဏ်ရာရသေဆုံးမှုများသဖြင့် ယခုကဲ့သို့ အင်အားထပ်မံဖြည့်ကာ AA ကို ခုခံနေခြင်းဖြစ်ကြောင်း ပဒါန်းဒေသခံစစ်ရေးသတင်းရင်းမြစ် အမျိုးသားတစ်ဦးက နိရဉ္စရာကိုပြောသည်။

"အဲဒီနေ့က စစ်ကြောင်းတစ်ကြောင်း အထိနာသွားတယ်။ စစ်ကောင်စီဖက်က လုံးဝနောက်မဆုတ်ဘူး။ အင်အားအသစ်ဖြည့်တယ်။ ပြန်တိုက်တယ်" ဟု ပြောသည်။

အဆိုပါအထိနာသည့် စစ်ကြောင်းမှ စစ်ကောင်စီ၏ ဒဏ်ရာရစစ်သည်နှင့်အလောင်းများကို စစ်ကောင်စီဖက်မှ ကားဖြင့် ပဒါန်းဖက်သို့ တင်ဆောင်သွားပြီး လက်နက်ခဲယမ်းတချို့ကို AA က သိမ်းဆည်းရမိခဲ့ကြောင်း သူက ပြောသည်။

ငဖဲအပိုင် နတ်ရေကန်တောင်အောက်နှင့် ဘေးပတ်ဝန်းကျင်တွင် ဖြစ်နေသည့် တိုက်ပွဲနေရာများသို့ တောင်ပေါ်မှ လက်နက်ကြီးကျည်များဖြင့်ပစ်ခတ်သည့်အပြင် ဗျူဟာထိပ်မှ စစ်ကောင်စီတပ်သားများလည်း တောက်အောက်သို့ဆင်းကာ စစ်ကူပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ နတ်ရေကန်ဖက်သို့ ပဒါန်းမြို့၊ ဆုံကုန်းအမြောက်တပ်ဖက်မှ လက်နက်ကြီးကျည်များ အဓိကပစ်ကူပေးလျက်ရှိကြောင်းလည်း ဒေသခံများက ပြောသည်။

စစ်ကောင်စီသည် တိုက်ပွဲအတွင်း ဒရုန်းဖြင့်တိုက်ခိုက်မှုများလာပြီး စက်တပ်လေထီး၊ ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

နတ်ရေကန်ဗျူဟာစခန်းကို AA ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

သို့သော် ယခု အပတ်ရပ်ကာလအတွင်း AA တို့ဘက်မှ စစ်ရေးလှုပ်ရှားမှုမရှိသော်လည်း စစ်ကောင်စီဘက်က စစ်ကြောင်းထိုးခြင်းများ၊ စစ်အင်အားဖြည့်တင်းခြင်းများနှင့် စစ်လက်နက်များဖြင့် ရမ်းသန်းပစ်ခတ်မှုများရှိနေသည်ဟု သိရသည်။

ဓာတ်ပုံ - ပုံဟောင်း
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.