Preview

မြောက်ဦးမြို့နယ်တွင် မိုးကြိုးပစ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံး

မောင်စာဂ | မေ ၂၇/ ၂၀၂၅ | ကြည့်ရှုသူ :1905
ရခိုင် သတင်း

မောင်စာဂ၊ နိရဉ္စရာ၊ မေ ၂၇/၂ဝ၂၅

ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်တွင် မိုးကြိုးပစ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးသွားခဲ့သည်ဟု သိရသည်။

မိုးကြိုးပစ်ခံရ၍သေဆုံးသွားသူမှာ မြောက်ဦးမြို့နယ်၊ သပြေကန်ကျေးရွာမှ ဦးမောင်သန်းမြင့်(၃၈) နှစ်ဖြစ်သည်။

သူသည် ယမန်နေ့ မေလ ၂၆ ရက်၊ ညနေ ၃ နာရီခွဲခန့်က ရွာအနီး လယ်ကွင်းပြင်သို့ နွားရှာရန်သွားစဉ် မိုးကြိုးပစ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယမန်နေ့ မေလ ၂၆ ရက်၊ ညနေ ၄ နာရီခွဲအချိန်တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့်လည်းကောင်း၊ မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေခြင်းကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များ ဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့်လည်းကောင်း မေလ ၂၆ ရက်မှ ဇွန်လ ၂ ရက်အတွင်း ရခိုင်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီး နိုင်သည်ဟု ထုတ်ပြန်ထားသည်။

သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်း ပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် မိုး/ဇလက သတိပေးသတိပေးနှိုးဆော်ထားသည်။

ပြီးခဲ့သည့် မေလ ၁၃ ရက်၊ ညနေပိုင်းကလည်း ကျောက်တော်မြို့နယ်၊ ဇင်းခါချေကျေးရွာထဲတွင် မိုးကြိုးပစ်ခံရ၍ မူကြိုတက်နေသည့်ကလေးတစ်ဦးအပါအဝင် သုံးဦးသေဆုံးပြီး ကလေးတစ်ဦးနှင့် လူငယ်နှစ်ဦး၊ စုစုပေါင်း သုံးဦးဒဏ်ရာရသွားခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်၊ ညနေ ၆ နာရီကျော်ကလည်း ကျောက်တော်မြို့နယ်၊ ညောင်ချောင်းကျေးရွာမှ အမျိုးသားတစ်ဦးသည် မျှစ်ချိုး၍ပြန်လာစဉ် မိုးကြိုးပစ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

ရခိုင်ပြည်တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်းက မိုးကြိုးပစ်ခံရ၍ ပုဏ္ဏားကျွန်းမြို့နယ်နှင့် မြောက်ဦးမြို့နယ်တို့မှ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားသုံးဦးတို့ သေဆုံးသွားခဲ့ပြီး ကျောက်တော်မြို့နယ်၊ အောင်ဇေယျကျေးရွာမှ အမျိုးသမီးတစ်ဦးကို အရေးပေါ်ဆေးရုံတင်ခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ မေလအတွင်းကလည်း မိုးကြိုးပစ်ခံရ၍ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့မှ Grade 8 နှင့် Grade 11 ကျောင်းသားနှစ်ဦး၊ ကျောက်ဖြူမြို့နယ်၊ မင်းချောင်းကျေးရွာမှ တစ်ဦးနှင့် ရသေ့တောင်မြို့နယ်၊ ပြိန်းတောကျေးရွာမှ (၄)နှစ်အရွယ်မောင်ခိုင်ဟိန်းဖြိုးတို့ သေဆုံးသွားခဲ့သည်။

ဓာတ်ပုံ - အင်တာနက်
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#သဘာဝဘေးအန္တရာယ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.