Preview

နတ်ရေကန်စခန်းအနီးတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အကျအဆုံးများဖြင့် နောက်ဆုတ်ထွက်ပြေး

သဉ္ဇာနွယ် | မေ ၂၇/ ၂၀၂၅ | ကြည့်ရှုသူ :1685
ရခိုင် သတင်း

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ မေ ၂၇/၂၀၂၅

ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်း၊ ပဒါန်းမြို့ကိုဆက်သွယ်ထားသည့် ရိုးလမ်းပေါ်မှ နတ်‌ရေကန်အနီးတဝိုက်တွင်ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အကျအဆုံးများဖြင့် နောက်ဆုတ်ထွက်ပြေးနေရသည်ဟု သတင်းရရှိသည်။

နတ်ရေကန်စခန်းအနီးတဝိုက်ကို စစ်ကြောင်းထိုးကာ ထိုးစစ်တက်ပြီးနေရာယူထားသည့် စစ်ကောင်စီ၏ စစ်ကြောင်းအပါအဝင် နောက်တန်းမှ ဒရုန်း၊ လက်နက်ပစ်ကူပေးသည့် လက်နက်တပ်ဖွဲ့များနှင့် အာရက္ခတပ်တော်(AA)တို့ လက်ရှိဖြစ်ပွားနေသည့်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အကျအဆုံးများစွာဖြင့် နောက်ဆုတ်ထွက်ပြေးနေရသည်ဟု အမ်းဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

"စစ်ကောင်စီဖက်က ရှေ့ကတက်လာတဲ့ စစ်ကြောင်းက နတ်ရေကန်အနီးတဝိုက်မှာ ထိုးစစ်ဆင်အထိုင်ချပြီး AA ကိုတိုက်နေတာ။ တောင်ကုန်းတစ်နေရာမှာ အထိုင်ချထားတာ။ နောက်တန်းက ဒရုန်းလက်နက်ပစ်ကူ တပ်ဖွဲ့လည်း ပါတယ်။ သူတို့ကို AA က ပြန်ထိုးစစ်ဆင်ပြီးတိုက်တာ။ အကျအဆုံးတွေနဲ့ တပ်ပြိုပြီး နောက်ဆုတ်နေရတယ်" ဟုပြောသည်။

စစ်ကောင်စီဖက်မှ ၎င်းတို့ အခိုင်အမာစခန်းချနေရာယူထားသည့် ရိုးပေါ်မှ လှိုင်၊ ဂုတ်ကြီး၊ ပဇီစသည့် ကျေးရွာများသို့ နောက်ဆုတ်ထွက်ပြေးသွားကြသည်ဟု သူက ပြောသည်။

"နတ်ရေကန်နဲ့ ပဒါန်းကြားက ရိုးလမ်းကရွာတွေမှာ သူတို့အခိုင်အမာစခန်းချထားတာရှိတယ်။ အဲဒီဖက်ကို နောက်ဆုတ်သွားတာ။ ဒါပေမယ့် တိုက်ပွဲအခြေအနေက ပြောလို့မရဘူး။ သူတို့က လက်လျှော့မှာတော့မဟုတ်ဘူး။ ပြန်တက်လာနိုင်တဲ့သဘောရှိတယ်" ဟု ပြောသည်။

နတ်ရေကန်အနီး စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာသည့်အတွက် AA နှင့်တိုက်ပွဲဖြစ်နေသည်မှာ (၄)ရက်ခန့်ကြာမြင့်နေပြီး စစ်ကောင်စီဖက်မှ ဒရုန်း၊ လက်နက်များဖြင့် AA ရှိနိုင်သည့် နေရာများကို မှန်းဆကာ တရစပ်ဗုံးကြဲတိုက်ခိုက်နေသည်ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်က နိရဉ္စရာကို ပြောသည်။

"ဒရုန်းဗုံးကတော့ တရစပ်ပဲ။ တောင်ထိပ်ကနေလည်း ပစ်တယ်။ ပဒါန်းအမြောက်တပ်ကနေလည်း ပစ်တယ်။ ရိုးတိုက်ပွဲက အရှိန်အဟုန်ပြင်းတယ်လို့ ပြောလို့ရတယ်။ သူတို့ထိုးစစ်တက်လာလို့ တိုက်ပွဲကပြန်စသွားတာ" ဟု ပြောသည်။

ယင်းအပြင် စစ်ကောင်စီက အပစ်အရပ်ကာလကို အခွင့်ကောင်းယူကာ နတ်ရေကန်အနီးတဝိုက် ကာကင်းစခန်းအသစ်များ၊ ကတုတ်ကျင်းများ၊ အထိုင်စခန်းငယ်များ တိုးချဲ့တည်ဆောက်ခဲ့ပြီး လက်နက်ရိက္ခာများလည်း ဖြည့်တင်းထားသဖြင့် ယခုကဲ့သို့ ထိုးစစ် စစ်ကြောင်းများတက်ကာ AA ကို ခုခံတိုက်ခိုက်နိုင်ခြင်းဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောသည်။

အမ်း-ပဒါန်းလမ်းပေါ်မှ နတ်ရေကန်အနီးတိုက်ပွဲသို့ တပ်မ(၉၉)မှ ဗိုလ်မှူးချုပ် နိုင်ဝင်း ဦးဆောင်သည့် အဖွဲ့အပါအဝင် ပြည်သူ့စစ်မှုထမ်း၊ မကွေး ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)၊ ဆုံကုန်း အမြောက်တပ်မှ စစ်ကောင်စီတပ်သားများ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

ဓာတ်ပုံ - ပုံဟောင်း

---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.