နိရဉ္စရာ၊ မေ ၂၇/၂၀၂၅
ရခိုင်ပြည်၊ကျောက်ဖြူမြို့နယ်တွင်ဖြစ်ပွားနေသည့်တိုက်ပွဲများမှာ တစ်နေ့ထက် တစ်နေ့ ပြင်းထန်လာသဖြင့် သာမာန်တရုတ်ဝန်ထမ်းများမှာ ယခုရက်ပိုင်းအတွင်း ထွက်ပြေး တိမ်းရှောင်မှုများ ရှိနေသည်ဟု သတင်းရရှိသည်။
စစ်ရေးသတင်းရင်းမြစ်တစ်ဦးက" AAနဲ့တိုက်ပွဲဖြစ်တော့ စစ်ကောင်စီဖက်က တရုတ်စက်ရုံတွေရဲ့ဧရိယာထဲကိုလုံခြုံရေးတဲ့ပုံစံနဲ့ အင်အားတွေဖြည့်တယ်။ အမှန်ကကာဗာယူပြီးနေတာလေ။ ဒါတွေကို စက်ရုံထဲမှာရှိတဲ့ တရုတ်လုပ်သားတွေနဲ့ မြန်မာဝန်ထမ်းတွေကသဘောပေါက်လာလို့ ကြောက်လို့ ထွက်ပြေးတိမ်းရှောင်ကြတာ" ဟုပြောသည်။
ကျောက်ဖြူမြို့နယ်ဂုံးချွိန်တိုက်နယ်၊ မလကျွန်းဧရိယာဝန်းကျင်ရှိတရုတ်စီမံကိန်းဧရိယာအနီးထိတိုက်ပွဲဖြစ်ပွားလာပြီး စစ်ကောင်စီမှ အဆိုပါနေရာများတွင်အင်အားဖြည့်တင်းပြီး လုံခြုံရေးယူထားကာပစ်ခတ်မှုတချို့လည်း အဆိုပါ စက်ရုံအနီးဝန်းကျင်တွင် ဖြစ်ပွားနေသည်ဟုသိရသည်။
“ ထွက်ပြေး တိမ်းရှောင်ကြတဲ့ အထဲမှာ တရုတ်လုပ်သားအပါအဝင် မြန်မာလုပ်သားတွေလည်းပါတယ်။ လက်နက်ကြီးတွေက နေ့တိုင်းပစ်တယ်။ လေယာဉ်က ဗုံးကြဲတယ်။ ဒရုန်းနဲ့ တိုက်တယ်။ အခြေအနေက စိုးရိမ်ရတဲ့ အနေအထားဖြစ်လာတော့ မနေ့က မေလ၂၆ရက်နေ့မှစပြီးထွက်ပြေးတိမ်ရှောင်သွားကြပြီတယ်လို့သိရတယ်” ၎င်းက နိရဉ္စရာကို ပြောသည်။
တရုတ်ဝန်ထမ်းတချို့မှာ ကျောက်ဖြူသဘာဝဓာတ်ငွေ့နှင့်ရေနက်ဆိပ်ကမ်းစီမံကိန်းရှိသည့် မဒေးကျွန်းဖက်သို့ တိမ်းရှောင်ကြပြီး တရုတ်ဝန်ထမ်းအကြီးပိုင်းတချို့မှာ ရန်ကုန်သို့ လေကြောင်းဖြင့်တိမ်းရှောင်သွားကြသည်ဟု ကျောက်ဖြူမြို့ခံအမျိုးသမီးတစ်ဦးက နိရဉ္စရာ ကိုပြောသည်။
" မဒေးကျွန်းဖက်ကိုပြေးတဲ့သူကပြေး။ ဒေသခံဝန်ထမ်းတွေက မဒေးကျွန်းဖက်ကိုရှောင်တာများတယ်။ တရုတ်လုပ်သားတချို့လည်းရှောင်တယ်။ အကြီးပိုင်းတချို့ကတော့ ရန်ကုန်ကိုပြေးတယ်။ လေဆိပ်မှာရန်ကုန်ကို ပြန်တဲ့ တရုတ်တွေကိုနေ့စဉ်လိုလိုတွေ့တယ် " ဟု ပြောသည်။
ကျောက်ဖြူမြို့နယ်၊ဂုံးချွိန်တိုက်နယ်မှ တရုတ်ဓာတ်အားဖြန့်ဖြူးရေးနှင့်စွန့်ပစ်စက်ရုံ(OGT)နှင့်၎င်းဧရိယာအတွင်းရှိ စစ်ကောင်စီနေရာယူထားသည့် စခန်းငယ်များ၊နေရာများကို မေလ၂၁ရက်နေ့နှင့်၂၃ရက်နေ့က ကျောက်ဖြူအခြေစိုက် ခမရ(၅၄၂)နှင့် ခမရ(၅၄၃)အပါအဝင်နေဗီပေါ်မှအင်အားအသစ်များဖြည့်ကာ တရုတ်စီမံကိန်းကို အကာအကွယ်ယူပြီး အာရက္ခတပ်တော်(AA)ကို ခုခံတိုက်ခိုက်နေသဖြင့်တိုက်ပွဲများမှာ ပြင်းထန်နေသည်ဟု သိရသည်။
ယင်းအပြင်တရုတ်စီမံကိန်းကြီးများ တည်ရှိရာ ကျောက်ဖြူမြို့နယ်အတွင်းလက်ရှိအာရက္ခတပ်တော်(AA)နှင့် ပြင်းထန်စွာဖြစ်ပွားနေသည့်တိုက်ပွဲများအတွင်းတရုတ်စစ်သား၂၀ ခန့်သည် ဒရုန်းများကို၎င်းကိုယ်တိုင်ကိုင်တွယ် ထိန်းချုပ် မောင်နှင်ပြီး စစ်ကောင်စီဘက်မှနေ၍ဝင်ရောက်တိုက်ခိုက်ပေးနေသည်ဟု သတင်းများလည်းကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။