သဉ္ဇာနွယ်၊ နိရဉ္စရာ၊ မေ ၂၈/၂၀၂၅
ရခိုင်ပြည်၊ အမ်းနှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲအပိုင် ပဒါန်းလမ်းပေါ် ရိုးပေါ်မှ နတ်ရေကန်အနီးတိုက်ပွဲတွင် စစ်ကောင်စီဘက်က ဆုတ်ခွာထွက်ပြေးသည့်အတွက် အဆိုပါနတ်ရေကန်တောင်ကြောရှိ စစ်ကောင်စီ၏ MPT တာဝါတိုင်စခန်းကုန်းအနီးအထိ တိုက်ပွဲရောက်ရှိလာနေပြီဟု သတင်းရရှိသည်။
စစ်ကောင်စီ၏ MPT တာဝါတိုင်စခန်းကုန်းအနီးတွင် ယမန်နေ့ မေလ ၂၇ ရက်နေ့မှစ၍ တိုက်ပွဲပြင်းထန်နေသည်ဟု အမ်းဒေသခံမြေပြင် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကိုပြောသည်။
"နတ်ရေကန်အနီးတဝိုက်မှာက မေလ ၂၄ ရက်နေ့ကတည်းက စစ်ကောင်စီဖက်က ထိုးစစ်တက်လာလို့ဖြစ်နေတာ။ သူတို့ဖက်ကနောက်ဆုတ်ထွက်ပြေးရင်းနဲ့ AA က တိုက်ရင်းနဲ့ MPT တာဝါတိုင်စခန်းအနီးထိ တိုက်ပွဲရောက်သွားတာ။ တိုက်ပွဲက မပြင်းတဲ့ရက်မရှိသလောက်ပါပဲ။ မေလ နောက်ဆုံးပတ်ကနေ တိုက်ပွဲကပြင်းလာတယ်" ဟုပြောသည်။
MPT တာဝါတိုင်စခန်းသည် နတ်ရေကန်ဗျူဟာကြောတွင် တည်ရှိပြီး နတ်ရေကန်တောင်၏ အနောက်ဖက် အမ်းမြို့နယ်အပိုင်တွင်တည်ဆောက်ထားသည့် စခန်းဖြစ်ကြောင်း သိရသည်။
ယင်းအပြင် MPT တာဝါတိုင်စခန်ကုန်းပတ်ပတ်လည်တွင်လည်း ကာကင်းစခန်းအများအပြားတည်ဆောက်ထားပြီး လက်နက်အင်အား၊ လူအင်အားများလည်း ရာနှင့်ချီဖြည့်ထား ကြောင်း ဒေသခံများက ပြောသည်။
လက်ရှိတွင် ပဒါန်းမြို့၊ ဆုံကုန်းအမြောက်ကြီးတပ်က နတ်ရေကန်စခန်းတည်ရှိရာဖက်သို့ လက်နက်ပစ်ကူပေးနေပြီး ဒရုန်းဗုံးဖြင့်ဗုံးကြဲချတိုက်ခိုက်နေသည်ဟု ပဒါန်းဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"ဆုံကုန်းအမြောက်တပ်က အဓိကပစ်ကူနေတာ။ ကျနော်တို့ ပဒါန်းဖက်ကလူတွေတောင် အပြင်မထွက်ရဲဘူး။ နေ့တိုင်းကြားရတယ်။ လက်နက်ငယ်သံတွေက နေ့တိုင်းပဲ" ဟုပြောသည်။
နတ်ရေကန်အနီးတိုက်ပွဲတွင် စစ်ကောင်စီဖက်မှ AA ၏စနိုက်ဘာထိမှန်ခြင်း၊ လက်နက်ထိမှန်မှုကြောင့် ထိခိုက်သေဆုံးမှုများရှိနေပြီး တပ်ပြိုထွက်ပြေးမှုများလည်းရှိနေကြောင်း သိရသည်။
နတ်ရေကန်ဗျူဟာစခန်းကို AA ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။
ဖေဖော်ဝါရီလအတွင်းမှ မတ်လအစောပိုင်းထိ မကြာခဏ တိုက်ပွဲများရှိခဲ့သော်လည်း မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ညီနောင်သုံးဖွဲ့(AA+TNLA+MNDAA)က အပစ်ရပ်စဲကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သဖြင့် AA ဖက်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုကို ရပ်တန့်ထားခဲ့ကြောင်း သိရသည်။
အပစ်ရပ်ကာလကို အခွင့်ကောင်းယူ၍ စစ်ကောင်စီဖက်က ကာကင်းစခန်းအသစ်များတည်ဆောက်ပြီး လက်နက်အင်အားလူအင်အားဖြည့်ကာ AA ရှိနိုင်သည့်နေရာသို့ စစ်ကြောင်းထိုးခြင်း၊ လက်နက်ကြီးများပစ်ခတ်ခြင်းများ နေ့စဉ်ပြုလုပ်ခဲ့သဖြင့် AA ကလည်း စစ်ကောင်စီကို ခုခံကာကွယ်လာရသည့်အတွက် အပြန်အလှန်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။