Preview

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကျောက်ပန္ဒူ-စေတီပြင်တောင်ကျော်လမ်း သွားလာရခက်ခဲနေ

နောင်မင်းသူ | မေ ၂၈/ ၂၀၂၅ | ကြည့်ရှုသူ :927
ရခိုင် သတင်း

နောင်မင်းသူ၊ နိရဉ္စရာ၊ မေ ၂၈ / ၂၀၂၅

ရခိုင်တွင် မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် ရသေ့တောင်မြို့နယ်အနောက်ဘက်ရှိ မေယုကမ်း ကျောက်ပန္ဒူ-စေတီပြင်တောင်ကျော်လမ်းတွင် သွားလာရခက်ခဲနေကြောင်း သိရသည်။

မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်စသည့်မြို့နယ်များအပါအဝင် ရခိုင်ကမ်းရိုးတန်းရှိ မြို့နယ်အချို့တွင် မေလ ၂၇ ရက်နေ့ ညမှစပြီး ယနေ့ မေလ ၂၈ ရက်နေ့ တစ်ရက်လုံး မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းလျက်ရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။

ယင်းကြောင့် အဆိုပါ ကျောက်ပန္ဒူ-စေတီပြင်တောင်ကျော်လမ်းတွင် ဗွက်ထပြီး ယာဉ်ကြီး၊ ယာဉ်ငယ်များ သွားလာမရတော့ဟု ဒေသခံများက ပြောသည်။

"မိုးက မနေ့က ညကတည်းက ရွာတာ။ ဆက်တိုက်ရွာနေတယ်။ ဒီလိုမိုးရွာနေရင် ကျောက်ပန္ဒူ-စေတီပြင်တောင်ကျော်လမ်းက သွားလာလို့မရတော့ပါဘူး။ အမြင့်ဆုံး ရင်ကွဲတောင်ကုန်းကို မတက်နိုင်တော့ဘူး။ မြေသားလမ်းကလည်း ဗွက်ထပြီး လမ်းချော်တယ်။ ကားမပြောနဲ့ ဆိုင်ကယ်နဲ့တောင်သွားမရတော့ဘူး" ဟု ကားသမားတစ်ဦးက ပြောသည်။

အဆိုပါလမ်းသည် ဒေသတွင်း ခရီးသွားလာရန်အတွက် အရေးပါသည့်လမ်းတစ်ခုဖြစ်ပြီး နှစ်စဉ် မိုးရာသီဆိုလျှင် လမ်းပျက်၍ သွားလာမရဖြစ်တတ်သည်ဟု ဒေသခံများက ပြောသည်။

blob
ကျောက်ချောလမ်းဖြစ်သည့်အဆိုပါလမ်းသည် ၁၀ မိုင်၊ ၇ ဖာလုံရှည်လျားပြီး အချို့နေရာများတွင် မြေသားလမ်းအဖြစ်ရှိနေသေးကာ အဆိုပါနေရာများတွင် ပျက်စီးမှု ပိုဆိုးရွားနေသည်ဟု သိရသည်။

၂ဝ၂၃ ခုနှစ် မိုးတွင်းကလည်း လမ်းပျက်စီးမှု အရှည်ဆုံးပေ ၄၀၀ ခန့်တစ်နေရာ၊ ပေ ၁၅၀၊ ၁၀၀ ခန့်အထိတစ်နေရာစသည်ဖြင့် နေရာခြောက်ခုအထိ ပျက်စီးခဲ့ပြီး ပျက်စီးခဲ့သည့်လမ်းအရှည်စုစုပေါင်း ၇ မိုင်ခန့်ရှိသည်ဟု သိရသည်။

ယင်းအပြင် စေတီပြင်- ကျောက်ပန္ဒူတောင်ကျော်လမ်းတွင် တောင်ဆင်းလမ်းနေရာ၌ ပျက်စီးမှုများနေ၍ အလွန်အန္တရာယ်ရှိသည်ဟုလည်း ဒေသခံများက ပြောသည်။

အဆိုပါလမ်းမှာ တောင်ကျော်လမ်းဖြစ်သည့်အတွက် ဒေသခံများအနေဖြင့် ကိုယ်ထူကိုယ်ထပြုပြင်၍ ရနိုင်မည့်အခြေအနေမရှိ၍ သက်ဆိုင်ရာက စက်ယန္တရားများဖြင့် ပြုပြင်ပေးမှသာ အဆင်ပြေနိုင်မည်ဟုလည်း ဆိုကြသည်။

လက်ရှိတွင် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းလွန်)၌ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေပြီး ထိုလေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ အားကောင်းသော လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ရောက်ရှိခဲ့ပြီဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ မေလ ၂၈ ရက်၊ နံနက် ၁၁ နာရီတွင် ထုတ်ပြန်ထားသည်။

အဆိုပါအားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် မြောက်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားနိုင်ပြီး ပိုမိုအားကောင်းလာနိုင်ကာ နောက် ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည်ဟုလည်း မိုး/ဇလက ဆိုသည်။

အဆိုပါအားကောင်းသော လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များအပါအဝင် ရခိုင်ကမ်းရိုးတန်းမြို့နယ်အချို့တွင် ယမန်နေ့ မေလ ၂၇ ရက်မှစတင်ကာ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းနေခြင်းဖြစ်သည်။

ယခုလို မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် ရသေ့တောင်မြို့နယ်ရှိ ကျောက်ပန္ဒူ-စေတီပြင်တောင်ကျော်လမ်းသာမက မောင်တောမြောက်ပိုင်းလမ်းနှင့် ဘူးသီးတောင်သို့သွားလမ်းများပါ ပျက်စီးလာနိုင်ကြောင်း ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုသည်။

"မိုးက ဒီလိုအဆက်မပြတ်ရွာနေမယ်ဆိုရင်တော့ တောင်ကျရေတွေလျှံတက်လာမယ်။ တံတားတွေ သတိထားရမယ်။ တောင်ပြိုမှု၊ လမ်းပြိုမှုတွေဖြစ်လာနိုင်ပါတယ်။ မောင်တော-ဘူးသီး‌တောင်လမ်းက မိုးကြီးရင် အမြဲတမ်းမြေပြို‌လေ့ရှိတယ်။ ဟိုနှစ်က ပြိုသွားတဲ့ မောင်တောမြောက်ပိုင်းလမ်းက လက်ယာချောင်းတံတားကို အခုထိမပြုပြင်နိုင်ကြသေးဘူးလေ"ဟု ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ သြဂုတ်လဆန်းပိုင်းတွင် မောင်တောမြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းခဲ့ခြင်းကြောင့် တောင်ကျချောင်းရေများ မြင့်တက်ပြီး မောင်တောမြောက်ပိုင်းရှိ အလျားပေ ၁၅၀ ၊ အနံ ၁၂ ပေရှိသည့် တမန်းသားကျေးရွာတံတားနှင့် အလျား ၂၀၀ ပေ၊ အနံ ၁၂ ပေရှိ လက်ယာချောင်းတံတားများမှာ ရေထဲ မျောပါသွားခဲ့ရသည်။

ထိုပျက်စီးခဲ့ရသည့် တံတားနှစ်စင်းအနက် တမန်းသားတံတားအား ပြန်လည်ပြုပြင်နိုင်ခဲ့သော်လည်း လက်ယာချောင်းတံတားမှာ အခုအချိန်အထိ မပြုပြင်နိုင်သေးကြောင်း ဒေသခံများထံမှ သိရသည်။

ဓာတ်ပုံ - နိရဉ္စရာနှင့် လူမှုကွန်ရက်
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.